ကျောက်ဆည် တက္ကသိုလ်၌ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ်ရှိ ကျောက်ဆည် တက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် နေ့သင်တန်း တက်ရောက်ခဲ့သူများအား (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ဘွဲ့နှင်းသဘင် ခန်းမ ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောက်ဆည် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် ပညာရေး အဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်ရှိ သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီး တက်ရောက်လာသူများနှင့်အတူ နိုင်ငံတော် သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြု ခဲ့ကြသည်။ ထို့နောက် ပါမောက္ခချုပ်က ပညာရေးအဖွဲ့က ထောက်ခံချက်ပေးပြီး ဖြစ်သောဘွဲ့များကို မောင်မယ်တို့အား အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း ပြောဆိုရာတွင် တက္ကသိုလ်ကျောင်းထွက် များနှင့် သင့်လျော်ထိုက်တန်စွာ နေထိုင် ပြောဆိုကြမည်ဟု ရိုးသားဖြောင့်မတ်စွာ ကတိပြုကြပါမည်လော စသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ မောင်မယ်များကလည်း ကတိပြုခဲ့ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာ ရီရီဦးက နေ့သင်တန်း၌ မဟာဘွဲ့၊ မဟာ သိပ္ပံဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ အထူးပြုဘာသာရပ် အလိုက် ဘွဲ့ရရှိသူ ၆၂၉ ဦးနှင့် အဝေးရောက်ဘွဲ့ ၃၄ ဦးကို တက္ကသိုလ်ဆိုင်ရာ ဘွဲ့အသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။