
ယမန်နေ့မှအဆက်
ဤခရီးစဉ်လေးမပြီးစေချင်။ မကုန်စေချင်။ စက္ကန့်တိုင်းမှာ ကြည်နူးစရာပျော်စရာ။ ရှုခင်းအလှများကို နှစ်ယောက်အတူကြည့်ကြ၊ ခံစားကြရသည်။ ရွှေကြက်ယက် လမ်းဆုံရောက်သောအခါ နှစ်ယောက်အတူဆင်း ကြသည်။ မောင်ငြိမ်းချမ်းက အရင်ဆင်းပြီး လက်ကလေးကမ်းပေးသည်။ မို့မို့က မောင်ငြိမ်းချမ်းလက်ကို အားပြုပြီး ကားပေါ်မှဆင်းသည်။ နှစ်ယောက်အတူ လျှောက်ခဲ့ကြ၏။
မီးရထားလမ်းကို ကျော်ပြီးသောအခါ ရွှေကြက်ယက်သွားသော လမ်းကျယ်ကြီးကို တွေ့ရသည်။ အံ့သြစရာ တိုက်တိုက်ဆိုင်ဆိုင် လမ်းမကြီး၏ ဘေးနှစ်ဖက်မှာတန်းစီရှိနေကြသည့် လက်ပံပင်ကြီးများအားလုံး ပွင့် နေကြသည်။ လှလိုက်သည့်ဖြစ်ခြင်း။ တစ်လမ်းလုံးရဲရဲနီနေသည်။ အပင်ပေါ်မှာလည်း နီသည်။ အပင်အောက် လမ်းပေါ်မှာလည်း လက်ပံပွင့် ကြွေများနှင့် နီနေသည်။ ဆက်၍လည်း တဖြုတ်ဖြုတ်ကြွေနေဆဲ။
ကြွေကျလာသော လက်ပံပွင့်တစ်ပွင့်ကို မောင်ငြိမ်းချမ်းမိအောင် လိုက်ဖမ်းသည်။ မိသည်။ မို့မို့ကိုပေးသည်။ မို့မို့က ပန်ရသည်လည်းမဟုတ်ဘဲနှင့် ဝမ်းပန်းတသာ လက်ခံယူသည်။ သူလည်း ပျော်နေရှာသည်။ အတော် လေးသွားမိသောအခါ။
“ရေဆာလိုက်တာ...”
မို့မို့က မောင်ငြိမ်းချမ်းကို ပြောသည်။
မောင်ငြိမ်းချမ်းသွားရင်းလာရင်း ဟိုဟိုသည်သည် ကြည့်သည်။ တွေ့ပြီ။ ဟိုမှာ။ ထန်းလက်မိုးထားသော ရေအိုးစင်လေး။ ရေအိုးလေးက စိုစိမ့်နေသည်။ ရေအိုးဖုံးပေါ်မှာ ရေညှိတက်၍စိမ်းနေသော ရေမှုတ်ကလေးက မှောက်လျက်။
ရေအိုးစင်ရှိရာသို့ နှစ်ယောက်အတူ လျှောက်သွားကြသည်။ (ထိုအချိန်က ရေသန့်ဘူးခေတ်မဟုတ်သေး။ ဘီပိုးလည်းမသိ၊ စီပိုးလည်းမကြားဖူး။)
မောင်ငြိမ်းချမ်း ရေတစ်မှုတ်ခပ်ယူပြီး မို့မို့ကို ပေးလိုက်သည်။ မို့မို့က တစ်ဝက်ကုန်အောင်သောက်ပြီး ကျန်တစ်ဝက်ကို မောင်ငြိမ်းချမ်းထံပြန်ပေးသည်။
သူသောက်၍ကျန်သောရေကို သောက်ရန်ပေးခြင်း ဖြစ်သည်။ သူ့ကို ရွံ၊ မရွံ စမ်းခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်း မရွံရုံမက အမြတ်တနိုးပင် တန်ဖိုးထား၍ မော့သောက်လိုက်သည်။ ရေငတ်မပြေသေး။ နောက်တစ်မှုတ်ခပ်ပြီး မောင်ငြိမ်းချမ်း တစ်ဝက်သောက်လိုက်သည်။ ကျန်တစ်ဝက်ကို မို့မို့ထံလှမ်းပေးသည်။ ပြန်လည်၍ စမ်းသပ်ခြင်းဖြစ်၏။ မို့မို့ကလည်း မရွံပါ။ မှုတ်ထဲမှာ ကျန်သောရေကို ကုန်အောင်သောက်လိုက်သည်။
တစ်ယောက်ကို တစ်ယောက်ကြည့်၍ ကြည်နူးစွာ ပြုံးနေမိကြသည်။ ငွေတစ်ပြားမှမကုန်ဘဲ တန်ဖိုးကြီးသော ရေနှစ်မှုတ်ဖြစ်သည်။
ရွှေကြက်ယက်တောင်ခြေသို့ ရောက်သောအခါ ဘုရားသို့ ရောက်အောင်တက်ခဲ့ကြ၏။ လက်ချင်းတွဲလိုက်၊ ပခုံးချင်းထိလိုက်။ မောသည်မထင်။ ပန်းသည်မသိ။ တောင်ပေါ်သို့ရောက်သောအခါ နှစ်ယောက်အတူ ဘုရား ကန်တော့ပြီး ချစ်ခင်စွာ ပေါင်းရပါစေကြောင်း ဆုတောင်းကြသည်။
ပြီးသော် ရွှေကြက်ယက်ဘုရား၏ အနောက်ဘက်သို့ သွားသောအခါ အုပ်ဖွဲ့နေသော တရုတ်စံကားပင်ကို တွေ့ရသည်။ ဖြူဖွေးသော ပန်းလေးတစ်ပွင့်ကို မောင်ငြိမ်းချမ်းခူးယူပြီး မို့မို့ကိုပေးသည်။ မို့မို့က သူ့ဆံထုံး၏ ညာဘက်ဘေးမှာ အမြတ်တနိုးပန်လိုက်သည်။ ပြီးတော့ တရုတ်စံကားပင်အောက်မှ ကျောက်ထိုင်ခုံလေး ပေါ်မှာ ဧရာဝတီမြစ်ဘက်မျက်နှာမူလျက် နှစ်ယောက်အတူ ဘေးချင်းယှဉ်ပြီး ထိုင်ကြသည်။ မြစ်တစ်ဖက် ကမ်းရှိ စစ်ကိုင်းတောင်ရိုးပေါ်မှဘုရားများကို နှစ်ယောက်အတူဖူးကြသည်။
“ဟိုဟာက ဆွမ်းဦးပုညရှင်...ဟိုဟာက ဥမင်သုံးဆယ်...ဟိုဟာက လွမ်းစေတီ...ဟိုမှာက စစ်ကိုင်း တံတားကြီး...” တောင်အလှ၊ မြစ်ပြင်အလှ၊ သဲသောင်ဆိပ်ကမ်းအလှတို့ကိုလည်း ကြည့်ကြသည်။
“ဟိုသောင်ခုံပေါ်ကြည့် ဟင်္သာငှက်ကလေးနှစ်ကောင်” မောင်ငြိမ်းချမ်းက ဟင်္သာငှက်ကလေးများကို အချစ် ငှက်ကလေးများအဖြစ် နှစ်ကောင်တွဲလျက် အမြဲနေတတ်ကြောင်း ပြောပြသည်။ မို့မို့ ဟင်္သာငှက်ကလေး နှစ်ကောင်ကိုကြည့်၍ ချစ်ခင်စွာသဘောကျနေသည်။
မောင်ငြိမ်းချမ်း ငှက်ကလေးများကိုကြည့်ရင်း ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားမိသည်။ မို့မို့နှင့်ဝေးရမှာ စိုးရိမ်စိတ် ဖြင့် လွမ်းစေတီသို့ငေးနေမိသည်။ မောင်ငြိမ်းချမ်းက ဆင်းရဲသား၊ တောသား၊ ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းနေရသည်။
မောင်ငြိမ်းချမ်းက မို့မို့၏ အုပ်ထိန်းသူများအကြောင်း မေးမြန်းစူးစမ်းသည်။ မို့မို့မှာလည်း မိဘမရှိ။ အဘွားနှင့် အတူနေသည်။ သို့သော် မို့မို့မှာ ဝိုင်းဝန်းတာဝန်ယူ အုပ်ထိန်း၍ ပညာသင်ပေးကြသော ဦးလေးများ၊ အဒေါ် များက အားကောင်းသည်။
သူတို့အားလုံးက ချမ်းသာကြသည်။ ပညာတတ်ကြသည်။ ရာကြီးထူးကြီးရှိကြသည်။ မို့မို့ကို ကောင်းစွာ ထောက်ပံ့ကြ၊ အဝတ်အဆင်ကအစ တင့်တယ်အောင်ဆင်ကြ၊ စောင့်ရှောက်ကြကြောင်းပြောသည်ကို နားထောင်ရင်း မောင်ငြိမ်းချမ်း စိတ်အားပျက်မိသည်။
မို့မို့၏ အုပ်ထိန်းသူများက သူ့လိုဘာမျှမပြည့်စုံသူနှင့် လက်ထပ်ရန် သဘောတူပါ့မလားဟု မောင်ငြိမ်းချမ်း မေးကြည့်သည်။
မို့မို့က ရိုးရိုးလေးပင်ဖြေသည်။
“တူမယ်မထင်ပါဘူး” ဟူ၍ “အားတက်စရာကြီးပါလား” ဟုတွေးပြီး မောင်ငြိမ်းချမ်း ပြုံးချင်မိသည်။ မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။
သောင်ခုံပေါ်မှာ ဟင်္သာငှက်ကလေးတစ်ကောင်သာ ကျန်တော့သည်။ နိမိတ်မကောင်းဟုယူဆ၍ စိတ်မကောင်း။
“ဟိုမှာ ... ဟင်္သာဖိုလေးတစ်ကောင်တည်း ကျန်တော့တယ်...ဟင်္သာမလေးက သူ့အုပ်ထိန်းသူ တွေသဘော မတူလို့ ပျံသွားပြီ...”
“အို...ဟုတ်ပါရဲ့..”
ဟင်္သာလေးကို လှမ်းကြည့်ပြီး မို့မို့စိတ်မကောင်း ဖြစ်နေသည်။
“ဘယ်လိုဆိုရင် မို့မို့အုပ်ထိန်းသူတွေ သဘောတူမလဲ”
မောင်ငြိမ်းချမ်းမေးသည်ကို အဖြေပေးရန် မို့မို့ စဉ်းစားနေသည်။
မောင်ငြိမ်းချမ်းစောင့်နေရသည်မှာ ရင်မောစရာ။ ခဏကြာမှ။
“တက္ကသိုလ်မှာဆရာပြန်ဖြစ်ရင်တော့ သဘောတူမယ် ထင်တာပဲ။ မို့မို့အနေနဲ့လည်း သဘောတူပေးဖို့ ပြောလို့ ရမယ်ထင်တယ်..”
“စိတ်ချ ဖြစ်အောင်ကြိုးစားမယ်...”
မောင်ငြိမ်းချမ်း တက်တက်ကြွကြွ ပြောလိုက်သည်။
မဖြစ်နိုင်စရာဘာမျှမရှိ။ မောင်ငြိမ်းချမ်း စာကြိုးစားသည်။ ပြီးခဲ့သည့် သုံးနှစ်လုံးလည်း ဂရိတ်ဖိုးထွက်ခဲ့သည်။ ယခုနှစ်လည်း နောက်ဆုံးနှစ် အစွမ်းကုန်ကြိုးစားမှာမို့ဂရိတ်ဖိုးထွက်မှာ သေချာသည်။ ဂရိတ်ဖိုးထွက်လျှင် နည်းပြဆရာလျှောက်မည်။ လူရည်ချွန်ရထားသည်မို့ နည်းပြခန့်မှာ သေချာသည်။ နည်းပြလုပ်ရင်း မဟာဝိဇ္ဇာ ဆက်တက်မည်။ တက္ကသိုလ်နယ်မြေတွင် ချစ်သူနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဘဝအဆင့်ဆင့်မြင့်စေရမည်။
“ဒီကြားထဲမှာတော့ မို့မို့က ကိုယ့်ကိုစောင့်နေပေးပါနော်...” မောင်ငြိမ်းချမ်း မေတ္တာရပ်ခံသည်။
“စောင့်မှာပေါ့...စိတ်ချပါ..” မို့မို့က အခိုင်အမာကတိပြုသည်။
“ဟော ဟိုမှာကြည့်လိုက် မို့မို့...”
သောင်ပြင်မှာ ဟင်္သာငှက်လေး နှစ်ကောင်ပြန်ဖြစ်သွားပြီ...။ ဟင်္သာမလေးပြန်ရောက်လာပြီ။ သောင်ပြင်ဆီ လှမ်းကြည့်ပြီး မောင်ငြိမ်းချမ်းဝမ်းသာ အားရပြောမိသည်။
“အို...ဟုတ်ပါရဲ့...”
အတူတွဲလျက်ရှိနေကြသော သောင်စပ်မှဟင်္သာ မောင်နှံကိုကြည့်၍ မို့မို့ကြည်နူးဝမ်းသာ ဖြစ်နေရှာသည်။ မောင်ငြိမ်းချမ်းက မို့မို့လက်ကလေးကို တင်းတင်း ဆုပ်လိုက်သည်။
မို့မို့ကလည်း မောင်ငြိမ်းချမ်း၏ လက်ကလေးကို တင်းတင်းလေး ပြန်ဆုပ်ထားလိုက်ပါသည်။ နှစ်ယောက် အတူ ဘယ်တော့မျှမခွဲပါဟူသော ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုယ်စီနှင့်။ နောက်ဆုံးနှစ်စာမေးပွဲ တက္ကသိုလ်၏ နောက်ဆုံးနှစ်မှာ မို့မို့နှင့် မောင်ငြိမ်းချမ်းအတွက် တစ်သက်တာမမေ့နိုင်စရာ။
မို့မို့ရော မောင်ငြိမ်းချမ်းပါ အတန်းမှန်မှန် တက်ကြသည်။ အတန်းမှန်လျှင် ချစ်သူကိုမြင်နေရသည်။ တွေ့နေ ရသည်။ ညနေမှာ ပါလာဆောင်သွား၍ စကားပြောကြသည်။ မန်းတက္ကသိုလ်၏ ရေနီမြောင်းမှာ လမ်း လျှောက်ကြသည်။
ကျောင်းပိတ်လျှင် မဟာမြတ်မုနိသွား၍ ဘုရားဖူးကြသည်။ မန္တလေးတောင်၊ စစ်ကိုင်းတောင်များသို့သွားကြ သည်။ ပြင်ဦးလွင် ကန်တော်ကြီး ပန်းခြံ၊ ပွဲကောက်ရေတံခွန် စသည့်သာယာလှပသော နေရာများကို သွားလည်ကြသည်။
သူငယ်ချင်းများလည်း အားလုံးသိကုန်ကြပြီမို့ မို့မို့မရှက်တော့ပါ။ မို့မို့၏ အခန်းဖော် ထွေးထွေးကလည်း မောင်ငြိမ်းချမ်းနှင့် အလွန်ရင်းနှီးသော သူငယ်ချင်း ဖြစ်နေပြီ။ မို့မို့၏ သူငယ်ချင်းမိန်းကလေးများအားလုံး မောင်ငြိမ်းချမ်း၏ သူငယ်ချင်းများ ဖြစ်ကုန်ကြပါပြီ။
မောင်ငြိမ်းချမ်း၏ သူငယ်ချင်းအားလုံး မို့မို့နှင့် ရင်းနှီးချစ်ခင်နေကြပြီ။
ဆက်လက်ဖော်ပြပါမည်။