ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် သက်ကျော်ကစားသမားများ အသုံးပြုခွင့်ပိတ်ပင်

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် သက်ကျော်ကစားသမားများ အသုံးပြုခွင့်ပိတ်ပင်

၂၀၂၃ ဆီးဂိမ်းကျင်းပရေးကော်မတီမှ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်  ၂၀၂၃  ဆီးဂိမ်း  အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်ပြိုင်ပွဲအဖြစ် သတ်မှတ်ခဲ့ပြီး သက်ကျော်ကစားသမားများ   အသုံးပြုခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းသမိုင်းတစ်လျှောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  ၂၀၀၁  ခုနှစ်ပြိုင်ပွဲမှ၂၀၁၅ ခုနှစ်ပြိုင်ပွဲအထိ အသက် ၂၃ နှစ်အောက်ပြိုင်ပွဲအဖြစ် သတ်မှတ်ကျင်းပပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။

ဆီးဂိမ်းကို အသက်-၂၂ နှစ်အောက် ပြိုင်ပွဲအဖြစ် သတ်မှတ်ကျင်းပခဲ့သော်လည်း ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၌  ကျင်းပသည့် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက် ၂၂ နှစ်အောက် ပြိုင်ပွဲဖြစ်သော်လည်း အသက်ကျော်လွန်သည့် ကစားသမားနှစ်ဦး အသုံးပြုခွင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့်ပြိုင်ပွဲတွင်လည်း    အသက်ကျော်လွန်သည့် ကစားသမားသုံးဦးအထိ တိုးမြှင့်အသုံးပြုခွင့်ပေးခဲ့သည်။

၂၀၂၃ ဆီးဂိမ်းကျင်းပရေးကော်မတီမှ အစောပိုင်းက အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်လွန်သည့် ကစားသမားနှစ်ဦး အသုံးပြုခွင့်ပေးရန်  စီစဉ်ထားသော်လည်း အာရှဘောလုံးအဖွဲ့ချုပ်က  သက်ကျော်ကစားသမားများ    အသုံးပြုခွင့်ကို ခွင့်မပြုခဲ့သည့်အတွက် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်ကလည်း ယခုနှစ်တွင် အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပမည် ဖြစ်သည့်အတွက် အာဆီယံဒေသတွင်းမှ ယူ-၂၂ အသင်းများအနေဖြင့် ပြိုင်ပွဲနှစ်ခုကို ကစားရမည်ဖြစ်သည်။

၂၀၂၃ ဆီးဂိမ်းကို ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သော်လည်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဧပြီ  ၂၉   ရက်မှစတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။           

စည်သူအောင်