(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ
ရန်ကုန် ဖေဖော်ဝါရီ ၂၂
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန၌ ဆက်လက် ကျင်းပသည်။
နံနက်ပိုင်းတွင် ပတ်ဝန်းကျင် အာဆင်းနစ် အဆိပ်သင့်မှုကြောင့် ယင်းဒေသတွင် နေထိုင်သူများ၌ တွေ့ရှိရသည့် ရေတို/ရေရှည် ဘေးထွက်ဆိုးကျိုးများကို ကျန်းမာရေး အသိပညာပေးရန် အရေးပါပုံ၊ အာဆင်းနစ် ပါဝင်သောရေကို ကာလရှည်သောက်သုံးထားသည့် ကိုယ်ဝန်ဆောင် မိခင်များမှ မွေးဖွားလာသော ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာထားရှိသည့် သုတေသနရလဒ်များနှင့် သောက်သုံးရေတွင် အာဆင်းနစ်ပါဝင်မှု ပမာဏလျော့ကျစေအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ အကြောင်း သိကောင်းစရာများကို တင်ပြဆွေးနွေးကြမည့် “Myanmar-Japan Joint Sympo-sium (2023): Health Hazards of Environmental Arsenic Poisoning- ပတ်ဝန်းကျင်ရှိ အာဆင်းနစ်အဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ပတ်သက်သော ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ” ကို ကျင်းပသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် သဘာပတိများ အဖြစ် Myanmar Institute of Strategic and International Studies, Ministry of Foreign Affairs မှ ဝါရင့်အကြံပေးအဖွဲ့ဝင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာန ဗဟိုကျန်းမာရေး ပညာဌာန ညွှန်ကြားရေးမှူး(ငြိမ်း)ဒေါက်တာခင်မောင်လွင်နှင့် ဂျပန်နိုင်ငံ University of Miyazaki မှ Professor Yoshitaka Hishikawa တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဒေါက်တာခင်မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ University of Miyazaki မှ အာဆင်းနစ်ပမာဏ ၅၀ ပီပီဘီထက်များသော ရေကို သောက်သုံးသည့် ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာသော ကလေးများ၏ ကြီးထွားမှုကို လေ့လာခြင်း” ကို လည်းကောင်း၊ “University of Miyazaki, Assistant Professor Yasunori Yano” က “သောက်သုံးရေတွင် အာဆင်းနစ်ဓာတ်လျှော့ချသည့် နည်းလမ်း အမျိုးမျိုး” ကို လည်းကောင်း၊ University of Miyazaki မှ Professor Dr Masahiro Amano က “ဂျပန်နိုင်ငံ အာဆင်းနစ်များသော တိုရိုကုဒေသတွင် နေထိုင်သောသူများ၏ အာဆင်းနစ် အဆိပ်သင့်မှုကို လေ့လာခြင်း” ကိုလည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူက “အာဆင်းနစ်များသော ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းဒေသရှိ နေထိုင်သူများ၏ ရေမှတစ်ဆင့် အာဆင်းနစ် အဆိပ်သင့်မှု ရှိ/မရှိလေ့လာခြင်းနှင့် သောက်သုံးရေတွင် အာဆင်းနစ် ဓာတ်လျှော့ချသည့် နည်းလမ်းကို လေ့လာသော သုတေသန” ကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားရောဂါ အထူးကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ခိုင်ခိုင်ဇော်က “ခရုသင်းရောဂါ လူနာများတွင်တွေ့ရသော အာဆင်းနစ်ကြောင့်ဖြစ်သည့် အရေပြားကင်ဆာ ရောဂါကိုလေ့လာခြင်း” ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က “အာဆင်းနစ် အဆိပ်သင့်စေသော ရေများကို အများပြည်သူများ သောက်သုံးမှုမှ လျှော့ချပေးနိုင်သော နည်းလမ်းများကို လေ့လာခြင်း” ကို လည်းကောင်း သုတေသနတွေ့ရှိချက်များနှင့် တကွ ရှေ့ဆောင်ရွက်မည့် အစီအစဉ်တို့ကို ဆွေးနွေး တင်ပြကြသည်။
အဆိုပါ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ သုတေသီများ ၁၅၀ ခန့် တက်ရောက်ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပရာ သုတေသန စာတမ်း စုစုပေါင်း ၁၀ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ပထမပိုင်းတွင် စာတမ်းဖတ်ပွဲ သဘာပတိများအဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ မေပြုံးကျော်၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာမြတ်မွန်ခိုင်တို့က ဆောင်ရွက်ကြသည်။
ဒုတိယပိုင်းတွင် စာတမ်းဖတ်ပွဲ သဘာပတိများ အဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်မာထွန်း၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မေသင်းတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲများသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေး အကြံပြုကြသည်။
ညီလာခံကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ငါးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။