မြန်မာ-ရုရှား ဆေးဝါးကောင်စီထူထောင်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ-ရုရှား ဆေးဝါးကောင်စီထူထောင်ရေးကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Video Conference စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီဇင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံအခြေစိုက် "Chemrar" High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD and Communication Director နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများနှင့် စစ်ဆေးသည့်စနစ်များ၊ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မည့်ကိစ္စ၊ ဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင် ရရှိရေးကိစ္စ၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် တင်သွင်းနိုင်မည့်ကိစ္စ၊ ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းမှုဆောင်ရွက်နိုင်မည့်ကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံမှ ဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင် အဖွဲ့အစည်းများတို့အကြား ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။