(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံနောက်ဆုံးနေ့ (ပဉ္စမနေ့)ကျင်းပ ကျန်းမာရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပ
သော (၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ နောက်ဆုံးနေ့(ပဉ္စမနေ့)ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။
ညီလာခံနောက်ဆုံးနေ့၏ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမေရိကန်နိုင်ငံ University of California, Davis နှင့် Colorado State University တို့ပူးပေါင်းပြုလုပ်သည့် အသစ်ပေါ်ထွန်း ဦးမော့လာသော ကူးစက်ရောဂါများကို ကဏ္ဍစုံပေါင်းစု၍ တစ်ခုတည်းသောကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ခြင်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပရာ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူနှင့့် University of California, Davis မှ Dr. Christine K. Johnson တို့က သဘာပတိများအဖြစ် ဆောင်ရွက်သည်။
ယင်းနှီးနှောဖလှယ်ပွဲတွင် University of California, Davis မှ Dr. Tierra Smiley Evans က မြန်မာနိုင်ငံ၏ ဇီဝအချက်အချာကျသောဒေသရှိ တိရစ္ဆာန်မှလူသို့ကူးစက်သောဗိုင်းရပ်စ်များ၏ ကူးစက်ဖြစ်ပွားပျံ့နှံ့ပုံ၊ University of California, Davis မှ Dr. Lark L. Coffey က ချီကန်ဂန်းညားဗိုင်းရပ်စ်ရောဂါအဆင့်ဆင့်ပေါ်ထွက်လာပုံ ၊ Colorado State University မှ Dr. Rebekah Kading က ခြင်များ၏ ပုံပန်းသွင်ပြင်နှင့် ခြင်အမျိုးအစားသတ်မှတ်ခြင်းမူဝါဒများ၊ ခြင်မျိုးစိတ်များအား လေ့လာရာတွင် အသုံးချသောနည်းလမ်းများနှင့် မြန်မာနိုင်ငံအတွင်း ကဏ္ဍစုံပေါင်းစု၍ ကူးစက်ရောဂါများအား စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒေါက်တာမင်းသိန်းမော်က မွေးမြူရေးကဏ္ဍမှ ဆောင်ရွက်နေသော မြန်မာနိုင်ငံ အတွင်းရှိ ကူးစက်ရောဂါများအား ကဏ္ဍပေါင်းစု၍ စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ကဏ္ဍစုံပေါင်းစု၍ တစ်ခုတည်းသော နည်းလမ်းဖြင့် မြန်မာနိုင်ငံရှိ ကူးစက်ရောဂါများအား စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း တို့နှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ပါမောက္ခများ၊ ပညာရှင်များနှင့် သုတေသီများက ပါဝင်ဆွေးနွေးကြသည်။
အစီအစဉ်အရ (၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ပိတ်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အကောင်းဆုံးစာတမ်းနှင့် ပိုစတာဆုရွေးချယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များကိုတင်ပြပြီး အကောင်းဆုံးအခြေခံသုတေသနစာတမ်းဆု၊ အကောင်းဆုံး လက်တွေ့အသုံးချ သုတေသနစာတမ်းဆု၊ အကောင်းဆုံး ကျန်းမာရေးစနစ်သုတေ သနစာတမ်းဆု၊ အကောင်းဆုံး ပိုစတာစာတမ်းဆု၊ လူငယ်သုတေသီဆုများကို ဆုရွေးချယ်ရေးအဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။