ဆောလျင်စွာ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်အချက်များ
လူ၊ တိရစ္ဆာန်၊ သစ်ပင် စတဲ့ သက်ရှိအရာအားလုံး အသက်အရွယ်ကြီးလာမှုနဲ့ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို တားဆီးလို့မရနိုင်တာ လောကဓမ္မတာပါ။ အသက်တစ်နှစ်ပိုကြီးလာတိုင်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာပြီး အရေပြားမှာ အစိုဓာတ် ဆုံးရှုံးတာ၊ အသားအရေထိခိုက် ပျက်စီးလွယ်တာတွေ ဖြစ်လာပါတော့တယ်။ သို့သော် မစိုးရိမ်ပါနဲ့။ ကောင်းမွန်မှန်ကန်တဲ့ အနေအထိုင်၊ အစားအသောက်နဲ့ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားက အိုမင်းခြင်းနိယာမကို အတန်ငယ် နှောင့်နှေး စေပါတယ်။ ဆောလျင်စွာ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလမ်းတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အကြံပြုလိုပါတယ်။
ရေ၀၀သောက်ပါ
လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ် ၈၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာပါ။ အိပ်ပျော်နေချိန်ကလွဲပြီး ကျန်အချိန်တွေမှာ သွားလာ လှုပ်ရှားနေရတာကြောင့် ကုန်ခန်းသွားတဲ့ရေဓာတ်ကို အချိန်မီပြန်လည်ဖြည့်တင်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အရွယ်ရောက်ပြီး သူတိုင်း တစ်ရက်ကို ရေသန့် ရှစ်ဖန်ခွက်ထက်မနည်း သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ ရေဓာတ်အလုံအလောက်ရရှိနေမှသာ အစာခြေလမ်းကြောင်းတစ်လျှောက် ချောမွေ့စွာ ဖြတ်သန်းချေဖျက်နိုင်ပါလိမ့်မယ်။ ခန္ဓာကိုယ် အတွင်း ရေဓာတ်ပြည့်ဝပြီး ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဆီး၊ ဝမ်း၊ သွေး၊ လေ စတဲ့ ဓာတ်ကြီး လေးပါးအပြင် ချွေးအဖြစ်စွန့်ထုတ်နိုင်မှသာ ဓာတ်သဘာဝမျှတစေတာကြောင့် အသားအရေစိုပြည်ကောင်းမွန်ပြီး အရွယ်တင် နုပျိုစေမှာ ဖြစ်ပါတယ်။
အိပ်ရေး၀၀အိပ်ပါ
ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအမိန့်အရ လူ တစ်ယောက်အတွက် အကောင်းဆုံးအိပ်ရာဝင်ချိန်ဟာ ည ၁၀ နာရီခွဲခန့်ဖြစ်သင့်ပြီး တစ်ညတာအတွက် အိပ်စက်အနားယူကြာမြင့်ချိန်က အနည်းဆုံး ခုနစ်နာရီ ကနေ ရှစ်နာရီအထိဖြစ်သင့်ကြောင်း သိရပါတယ်။ အိပ်ရေးမဝတဲ့အခါ အီစထရိုဂျင်ဟော်မုန်းတွေ ထွက်ရှိစေလို့ အစားများများစားမိပြီး အဝလွန်ခြင်း၊ အိပ်ရေးပျက်ပြီး စိတ်မရွှင်လန်း ခြင်း၊ စိတ်သွားတိုင်းကိုယ်မပါခြင်း၊ အသားအရေပျော့တွဲလာခြင်း၊ အသားအရေပေါ်မှာ အမည်းအစက်အပြောက်များ ပေါ်လာခြင်း၊ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းများ ဖြစ်လွယ်ခြင်း၊ မှတ်ဉာဏ်စွမ်းအားများ ကျဆင်းခြင်းစတဲ့ ဇရာအကြိုရောဂါတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို လျှော့ချပါ
လူသားတိုင်း အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုတွေ ရှိကြစမြဲပါပဲ။ စိတ်ဖိစီးမှုက အရွယ်မတိုင်မီ ဆောလျင်စွာအိုမင်းခြင်းနဲ့ တိုက်ရိုက်ဆက်နွှယ်နေပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်ကနေ ဟော်မုန်းထွက်ရှိမှုပုံစံ မမှန်တော့ဘဲ ဟော်မုန်း မညီမျှခြင်း၊ ဆဲလ်များကောင်းစွာ မတည်ဆောက်နိုင်ခြင်း၊ ကော်လာဂျင်ဓာတ်များ ဖောက်ပြန်ခြင်း စတာတွေကြောင့် အချိန်တို အတွင်းမှာ ဇရာဖိစီးပြီး အရွယ် ကျလာစေပါတယ်။ မိမိရဲ့ပျော်ရွှင်မှု၊ အားငယ်မှု၊ ဝမ်းနည်းမှုတွေကို မိမိစိတ်ကသာ မိမိကိုယ်တိုင် ခံယူဖြစ်တည်နေတဲ့အတွက် စိတ်ဖိစီးမှုလျော့ပါး သက်သာအောင် ကာယကံရှင်ကိုယ်တိုင်သာ ကြိုးစားဖြေလျှော့ပေးရမှာပါ။
သီချင်းလိုက်ဆိုခြင်း၊ ကခုန်ခြင်း၊ ကလေးငယ်များကို ချော့မြှူခြင်း၊ အိမ်မွေးတိရစ္ဆာန်များနဲ့ အချိန်ကုန်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ဆံပင်ပုံစံပြောင်းလဲခြင်း၊ ခရီးထွက် ခြင်း၊ ခင်မင်ရင်းနှီးသူများထံ ခံစားချက်များ ဖွင့်ဟ ပြောဆိုခြင်း၊ သစ်ပင်စိုက်ခြင်း၊ အိမ်ခန်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ အိမ်တွင်းပရိဘောဂပစ္စည်းများကို နေရာအရွှေ့အပြောင်း ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်းစတဲ့ နည်းလမ်းကောင်းတွေက သွေးလည်ပတ်မှု အားကောင်း စေသလို စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အပြင် မမြင်နိုင်တဲ့ စိတ်စွမ်းအားတစ်မျိုးကိုပါ ရရှိစေမှာဖြစ်ပါတယ်။
မျက်နှာအသားအရေကို ဂရုစိုက်ပါ
ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင် အီးတို့က အသားအရေကို တင်းရင်းစေပြီး ကြည်လင်ချောမွေ့စေပါတယ်။ အဲဒီဓာတ်တွေပါတဲ့ ခရင်မ်၊ မိတ်ကပ်တို့ကို ရွေးချယ်လိမ်းပေးသင့်ပါတယ်။ သို့သော် အလှပြင်ပစ္စည်းတွေကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ဖန်တီးပြုပြင်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အနည်းနဲ့အများဆိုသလို အသားအရေကို ဘေးထွက် ဆိုးကျိုး ဖြစ်ပေါ်စေပါတယ်။ ပျမ်းမျှ အမျိုးသမီး ၁၀ ဦးမှာ ရှစ်ဦးခန့်က နံနက်ပိုင်း မိတ်ကပ်လိမ်းပြီးနောက် ညနေ ရေချိုးတဲ့အခါ မျက်နှာသစ် ဆပ်ပြာနဲ့ ရေချိုး သန့်စင်ရုံလောက်သာ ပြုလုပ်လေ့ရှိပါတယ်။ မျက်နှာကို ပုံမှန်ဆေးကြောရုံနဲ့ မိတ်ကပ်ကြေးညှော်တွေ ရာနှုန်းပြည့် မစင်ကြယ်နိုင်ပါဘူး။ ရက်ရှည်လများ ကြာလာတဲ့အခါ မိတ်ကပ်အဆိပ်တက်ပြီး မျက်နှာပေါ်မှာ အမည်းစက်နဲ့ အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် ရက်သတ္တပတ်မှာ တစ်ကြိမ်ခန့် သဘာဝအတိုင်း လတ်ဆတ်တဲ့သစ်သီးလေးတွေနဲ့ မျက်နှာပေါင်းတင်သင့်ပါတယ်။ ဥပမာ- သင်္ဘောသီး မှာရှိတဲ့ ပက်ပင်အင်ဇိုင်းဓာတ်က အသားအရေခြောက်သွေ့ခြင်းမဖြစ်ပေါ်စေဘဲ အမည်းရောင်အစက်အပြောက်တွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီသီးထဲမှာပါတဲ့ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်အေတို့က အသားအရေကို ပြန်လည် ကောင်းမွန် လာအောင် ပြုပြင်ပေးပါတယ်။ ရှားစောင်းလက်ပပ်ပင်ရဲ့ ဂျယ်လီအနှစ်တွေက မျက်နှာပေါ်က အရေးအကြောင်းတွေကို လျော့ပါး သက်သာစေပြီး အသားအရေကို နုပျိုစေပါတယ်။
လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့ မပျင်းရိပါနဲ့။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာက မှန်ကန်တဲ့ ဘဝနေထိုင်နည်း ဖြစ်သလို ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝကုထုံးတစ်မျိုးလည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလည်ပတ်မှု အားကောင်းစေပြီး ဦးနှောက်၊ နှလုံး၊ အဆုတ်တို့ကို ပုံမှန်အလုပ်လုပ်စေတဲ့အပြင် အသားအရေသိပ်သည်း ကျစ်လျစ်ပြီး သက်လုံ ကောင်းစေတာကြောင့် အရွယ် တင်နုပျိုလာစေပါတယ်။ စက်ပစ္စည်းအကူအညီယူပြီး အထူးတလည် လေ့ကျင့်ခန်းမလုပ်နိုင်သူတွေ အနေနဲ့ လမ်းမြန်မြန်လျှောက်ခြင်း သို့မဟုတ် နေ့စဉ်လှုပ်ရှား သွားလာမှုကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက် လှုပ်ရှား သွားလာ ခြင်း၊ အထိုင်လျှော့ပြီး မကြာခဏ မတ်တတ်ရပ်ခြင်းစတဲ့ အလေ့အကျင့်ကောင်းတွေကို ကြိုးစားပြုလုပ်ပါ။
အစာလည်းဆေး ဆေးလည်းအစာ
အသားစားမကြူးပါနဲ့။ အသား၊ ငါး၊ အစိမ်းရင့် ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လတ်လတ်ဆတ်ဆတ် သဘာဝသစ်သီးဝလံတွေကို မျှမျှတတစားပေးပါ။ အထူးသဖြင့် အမျှင်ဓာတ်များများပါပြီး အရည်ရွှမ်းတဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေက ရောဂါတော်တော်များများကို ဘေးဥပဒ်ကင်းစွာ သဘာဝကျကျတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင်သက်ရှည်ကျန်းမာစေတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေကို အလုံအလောက်ရရှိနိုင်ပါတယ်။
တရားရှုမှတ်ပါ
တရားရှုမှတ်သူတိုင်း အောက်ဆီဂျင်သုံးစွဲမှု နည်းပါးလာပါတယ်။ အသက်ရှူမှုလျော့နည်းလာပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) နှုန်း ကျလာပါတယ်။ အဲဒီဖြစ်စဉ်တွေက ဇရာကျမြန်ဆန်စေတဲ့အရာ တွေကို နှေးကွေးသွားစေတဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ စနစ်တကျသုတေသနပြုမှု မှတ်တမ်းတွေအရ တရားထိုင်သူတိုင်းဟာ မူလသက် တမ်းထက် ငါးနှစ်ကနေ ၁၂ နှစ်အထိ ပိုမိုအသက်ရှည်တတ်ကြောင်း တွေ့ရှိထားကြပါတယ်။
အချိန်မတိုင်မီ အိုမင်းခြင်းဖြစ်ပေါ်စေသောအချက်များ
စိတ်ကျခြင်း၊ စိတ်ခံစားမှုကို ထုတ်ဖော်မပြနိုင်ခြင်း၊ အထီးကျန်စွာနေထိုင်ခြင်း၊ ရင်းနှီးသောမိတ်ဆွေမရှိခြင်း၊ နေ့စဉ် ပုံမှန်လုပ် ဆောင်ရမယ့်အလုပ် သို့မဟုတ် လုပ်ငန်းတာဝန် မရှိခြင်း၊ လက်ရှိအလုပ်ပေါ်တွင် ကျေနပ်မှုမရှိခြင်း၊ ရက်သတ္တပတ်ကို နာရီ ၄၀ ထက် ပိုလုပ်ရခြင်း၊ စီးပွားရေးဝန်ထုပ်ဝန်ပိုးပိခြင်း၊ ကြွေးမြီတင်ခြင်း၊ လိုအပ်တာထက်ပိုပြီးသောကများခြင်း၊ ပြုခဲ့ဖူးသော အမှားများ အပေါ် နောင်တရနေခြင်း၊ ဒေါသထွက်လွယ်ခြင်း သို့မဟုတ် ဒေါသကို မျိုသိပ်ထားရခြင်း၊ ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်ပြီး သူတစ်ပါး အပေါ်လည်း အကောင်းမမြင်တတ်ခြင်း စသည်တို့က အချိန်မတိုင်မီ အိုမင်းခြင်းဖြစ်စေတဲ့အချက်တွေဖြစ်ပါတယ်။
အိုမင်းခြင်းကို နှောင့်နှေးစေသောအချက်များ
အလုပ်အပေါ် ကျေနပ်မှုရှိခြင်း၊ ဘဝတွင်နေပျော်သည်ဟု ခံစားမိခြင်း၊ လွယ်လွယ်ကူကူ ရယ်မောတတ်ခြင်း၊ မိတ်ဆွေဖွဲ့မှုမြန်ခြင်း၊ နေ့စဉ် ပုံမှန်အလုပ်ရှိခြင်း သို့မဟုတ် လူမှုဘဝတွင် နိစ္စဓူဝလုပ်ငန်းဆောင်တာများရှိနေခြင်း၊ တစ်နှစ်ကို အနည်းဆုံးရက်သတ္တပတ် အားလပ်ရက်ယူခြင်း၊ အားလပ်ချိန်တွင် ပျော်ရွှင်စွာနေတတ်ခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ ခံစားချက်များကို လွယ်လွယ်ကူကူ ပြောပြတတ်သော အရည်အချင်းရှိခြင်း၊ အကောင်းမြင်တတ်ခြင်း၊ စီးပွားရေးအခြေအနေခိုင်မာခြင်း စတာတွေက အိုမင်းခြင်းကို နှောင့်နှေးစေတဲ့အချက်တွေဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ရုပ်ကို စိတ်ကဆောင် သလို စိတ်ကိုလည်း ရုပ်ကဆောင်ပါတယ်။ စိတ်ရော ကိုယ်ပါ နှစ်ပါးစုံညီကျန်းမာမှ အမှန်တကယ်ကျန်းမာ သူလို့ ဆိုနိုင်ပါတယ်။ လူသားအားလုံး သက်တမ်းစေ့ နေနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါတယ်။
ပေါက်ပေါက်