ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
ပဒိုင်း
အင်္ဂလိပ်အမည်- Devil's apple, Thorn apple, Stramonium
မျိုးရင်း- Solanaceae (ခရမ်းမျိုးရင်း)
ရုက္ခဗေဒအမည်- Datura Stramonium Linn
အဓိကဆေးဖက်ဝင်ပုံ
ရင်ကျပ်ရောဂါ၊ ခွေးရူးပြန်ရောဂါ၊ ညောင်းကျရောဂါ၊ နို့အကျိတ်ရောဂါ၊ အမျိုး သမီးများ ဓမ္မတာလာစဉ် ကိုက်ခဲရောဂါ၊ ပန်းနာရောဂါ၊ အဆစ်ရောင်အဆစ်ကိုက်ရောဂါ၊ သွားနာ၊ သွားကိုက်ရောဂါများ အတွက် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သဘာ၀အလျောက်ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အစေ့၊ အမြစ်
အပင်ပုံသဏ္ဌာန်
နှစ်ရှည်ခံအပင်ငယ်မျိုးဖြစ်ပြီး ၃ ပေခန့်အထိမြင့်သည်။ အကိုင်း၊ ပင်စည်နှင့်ရိုး တံများ ခရမ်းညိုရောင်ရှိသည်။ အကိုင်း ဖြာထွက် သည်။ ရွက်လွှဲထွက်သည်။ အရင်း ပိုင်းကျယ်ပြီး အဖျားပိုင်းရှူး၍ ချွန်သွယ် သွားသည်။ ရွက်ရင်းမညီညာဘဲ တစ်ဖက်တို၊ တစ်ဖက်ရှည် ဖြစ်နေ၏။ ရွက်ညှာရှည် သည်။ ခရမ်းနုရောင်ရှိသည်။ ရွက်ကြော ထင်ရှားသည်။ ရွက်နားတွန့်၏။ ခေါင်းလောင်းပုံသဏ္ဌာန်ရှိသည်။ အပွင့်ကြီးသည်။ အတွင်းသားဖြူ၍ အဖျားခရမ်းညိုရောင် ရှိသည်။ တစ်ပွင့်ချင်းပွင့်သည်။ တချို့မျိုး ကွဲများတွင် အပွင့်များ သုံးထပ် အထိ တွေ့ ရှိရသည်။ ကဆုန်၊ နယုန်လတွင် အပွင့်ပွင့် သည်။ တစ်လုံးချင်းသီးပြီး အချင်း ၁ လက်မမှ ၂ လက်မအထိရှိသည်။ အသီးပေါ်တွင် ဆူးနုကလေးများရှိသည်။ အစေ့ မှာ အနက်ရောင်ရှိသည်။
ဆေးကျမ်းများအဆို
ပဒိုင်းကို တခြားအမည် ဆေးမင်းရာဇာ ဟုခေါ်သည်။ ထိုင်းမှိုင်းမူးဝေပြီး စိတ်ကိုပြောင်းလဲစေသော သတ္တိရှိ၍ ပန်းထိုင်း၊ ပတိုင်း၊ ပဒိုင်းဟု အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်ကြသည်။ ပါဠိအမည်မှာ ဥမတ္တက၊ မာတုလဖြစ်သည်။
မြန်မာဆေးကျမ်းများအဆိုအရ ပဒိုင်း ညိုသည် ခါး၏၊ သက်၏၊ စူးရှ၏၊ ပူ၏၊ အားကိုတိုးစေ၏၊ မူးယစ်စေတတ်၏၊ အဖျားရောဂါကို ပယ်၏၊ နူနာ၊ ပိုးနာတို့ကို နိုင်၏၊ သန်ကိုကျစေတတ်၏၊ ကိုယ်ရေပြား ရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွရောင် နာတို့ကို ပျောက်ကင်း စေနိုင်၏၊ လေကို အထူးနိုင်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
-ပန်းနာရင်ကျပ်ရောဂါဖြစ်လျှင် ပဒိုင်းရွက်ခြောက်ကို ဆေးပေါ့လိပ်တွင်ထည့်ပြီး သောက်ပေးခြင်း၊ အငွေ့ရှူပေးခြင်းဖြင့် သက်သာစေ နိုင်သည်။
-အမျိုးသမီးများ သားမြတ်တွင် အဖုအကျိတ်ဖြစ်လျှင် ပဒိုင်းရွက်ကို နနွင်းနှင့် ကြိတ်ပြီးအုံပေးပါက အဖုအကျိတ်များ နုကြေ၊ ရင့်ပေါက်နိုင်သည်။
-အဆစ်ရောင်ရောဂါနှင့် အဆစ်အမျက် ကိုက်ခဲပါက ပဒိုင်းရွက်ကို မီးကင်ပြီး ကပ်ပေးပါ။
-သွားနာခြင်း၊ သွားကိုက်ခြင်းဖြစ်ပါက အဆိပ်သုတ်သင်ပြီးသော ပဒိုင်းစေ့ကို ကြိတ်ပြီး သွားတွင်သိပ်ပေးပါက သွားနာ၊ သွားကိုက် သက်သာစေနိုင်သည်။
-ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက် ဝေဒနာများဖြစ်လျှင် အဆိပ်သုတ်သင်ပြီး သော ပဒိုင်းစေ့ကို အမှုန့်ပြုလုပ်၍ နှမ်း ဆီနှင့်ချက်ပြီး လိမ်းကျံပေးပါက သက်သာ စေနိုင်သည်။
-အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲ ခြင်းဝေဒနာဖြစ်ပါက ပဒိုင်းရွက်ကို မီးကင်ပြီး ဆီးခုံပေါ်တွင် ကပ်ပေးခြင်း၊ နှမ်းဆီဖြင့် ချက်ထားသော ပဒိုင်းစေ့အဆီကို ဆီးခုံပေါ်တွင် သုတ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။
-ချောင်းဆိုး၊ ရင်ကျပ်ရောဂါဖြစ်လျှင် ပဒိုင်းသီးကိုပြာချပြီး ဆားပုပ်နှင့်ဆတူ ရောစပ်ကာ အမှုန့် ၂ ရွေးသားခန့်ကို သံပရာရည်၊ ရှောက်ရည်ဖြင့် ရောစပ် သောက်သုံးခြင်းဖြင့် သက်သာစေနိုင်သည်။
-ခွေးရူးရောဂါကုဆေးအဖြစ် ဆေးကျမ်းများတွင် ဖော်ပြထားရာ ခွေးရူးဆိပ်ဖြေဆေးအဖြစ် ပဒိုင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးတိုက်ပြီး အမဲခြောက်ဖုတ်ကျွေး၍ ကုသသည်ကို တွေ့ရှိရသည်။
-အရူးရောဂါကုထုံးတွင် ပဒိုင်းပင်ကို ပေါင်းချွေးခံပြီးရရှိသော ပေါင်းချွေးရည်ကို တစ်စက်၊ နှစ်စက် မျက်စဉ်းခတ်ပေးခြင်း၊ သည်းခြေဆေးနှင့် ရော၍ တိုက်ကျွေးခြင်း ဖြင့် ကုသသည်ကိုတွေ့ရှိရသည်။ သမားကိုင်ဆေးများဖြစ်၍ အရပ်သုံးဆေးနည်းတို အဖြစ် ပဒိုင်းကို မသုံးစွဲသင့်ပါ။
ပတဲကောကြီး
အင်္ဂလိပ်အမည် - Greater Galangal
မျိုးရင်း - Zingiberaceae (ချင်းမျိုးရင်း)
ရုက္ခဗေဒအမည် - Alpinia Galanga Wild, Alpinia conchigera Griff
အဓိကဆေးဖက်ဝင်ပုံ
အစာမကြေရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ပန်းနာရောဂါ၊ ဆီးချုပ်ရောဂါ၊ ချောင်းဆိုး ရောဂါ၊ ရင်ဘတ်နာရောဂါ၊ နှလုံးရောဂါ များအတွက် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြား၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အမြစ်ဥ၊ ဥတက်
အပင်ပုံသဏ္ဌာန်
အမြဲစိမ်းအပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၅ ပေမှ ၈ ပေအထိမြင့်သည်။ ရွက်ယောင် ပင်စည်ဖြစ်ပြီး ထောင်မတ်၍ပေါက်သည်။ ပင်စည်လုံးမာ၍ ချောမွေ့သည်။ ပင်စည် လုံးအားပတ်၍ရွက်လွှဲထွက်သည်။ အလျား ၁ ပေမှ ၂ ပေအထိရှိသည်။ ရွက်ပြား ကျဉ်း၍ ရွက်ရင်းဝိုင်းသည် သို့မဟုတ် သွယ်ပြီးရွက်ထိပ်သို့ ချွန်သွားသည်။ ဂုံမင်း ရွက်နှင့်တူသည်။ ရွက်ညှာတိုသည်။ ရွက် လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက်မျက်နှာပြင် နှစ်ဖက်စလုံးချောမွေ့ပြီး ရွက်နားညီသည်။ အပွင့်သေးငယ်ပြီး အဖြူရောင်တွင် နီညိုအစင်းကလေးများ ရှိသည်။ ဥသဏ္ဌာန်ဖြစ်ပြီး နနွင်းတက်နှင့် တူသည်။ အမြှေးဖက်များဖြင့် ဖုံးအုပ် ထားသည်။ မြစ်မြွှာ နည်းသည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ ပတဲကောမြစ်သည် ပူ၊ ခါး၊ စပ် အရသာရှိသည်။ ပူ၍ထက်မြက်သော ဂုဏ်သတ္တိရှိသည်။ သွေးသလိပ်ကိုကြေစေ၍ အဆိပ်ကို လည်းကောင်း၊ ရောင်ရမ်းသောအနာကို လည်းကောင်း နိုင်သောသတ္တိရှိသည်။ ဝမ်းမီးကို တောက်စေသည်။ နှစ်လုံးကို အကျိုးပြုသည်။ နှုတ်ကိုမြိန်စေသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
- အဖျားရောဂါဖြစ်လျှင် အဖျားကိုနိုင်သော အဖျားပြတ်ဆေး၊ ငန်းဆေး စသည်တို့ တိုက်ကျွေးရာတွင် ပတဲကောကြီး ပြုတ်ရည်နှင့် တိုက်ပါက လျင်မြန်စွာ ဆေးအာနိသင် ထိရောက်ပျောက်ကင်းပါလိမ့်မည်။
- ချောင်းဆိုးရောဂါဖြစ်လျှင် ပတဲကောကြီးအမြစ်ကို အခြောက်လှန်း၊ အမှုန့်ပြု၍ ချင်းစိမ်းသတ္တုရည်၊ ပျားရည်တို့နှင့်ရော၍ လျက်ပေးပါက ချောင်းဆိုးရောဂါပျောက် ကင်းစေနိုင်သည်။
- အစာမကြေ၊ ဝမ်းမီးနုံ့ရောဂါဖြစ်လျှင် ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောတို့ကို ဆတူစပ်၍ အမှုန့်ပြုပြီး သောက်သော် ဝမ်းမီးနုံ့၍ ဖြစ်တတ်သော အစာမကြေရောဂါများကို ပျောက်ကင်းစေနိုင်သည်။
- ရင်ဘတ်နာရောဂါဖြစ်လျှင် ပတဲကော ကြီးနှင့် စမုန်ဖြူ၊ ဆားမီးဖုတ်တို့ကို အမှုန့်ပြုလုပ်၍ မကြာခဏလျက်ပေးသော် ရင်နာ၊ ဝမ်းနာရောဂါများ ပျောက်ကင်းစေနိုင်သည်။
- ဆီးအိမ်တွင် ဆီးရှိလျက် ဆီးမသွား နိုင်ဘဲ ဆီးချုပ်၊ ဆီးအောင့်ဖြစ်နေလျှင် ပတဲကောကြီးအမြစ်ကို သွေး၍သောက်သော် ပျောက်ကင်းစေနိုင်သည်။
- အသံဝင်ရောဂါဖြစ်လျှင် ပတဲကောကြီး အမှုန့်ကို နွယ်ချိုကဲလျက်ဆားနှင့်ရောစပ် ၍လျက်ပေးခြင်းဖြင့် အသံပြန်ထွက်စေနိုင်သည်။ အသံကောင်းစေလိုလျှင် အသံကောင်းဆေးအဖြစ် “သိန္ဓော၊ နွယ်ချို၊ စရို၊ ပတဲကော၊ ရှောက်၊ သံပရာလိုရာနှော အသံ ရွှေဥသြ” ဟူသော ဆေးနည်းအတိုင်းဖော်စပ်သုံးစွဲခြင်းဖြင့် အသံကောင်းစေနိုင် သည်။
- အကြောရောဂါများအတွက် ပတဲကော ကြီးအမြစ်ကိုဖြစ်စေ၊ ပတဲကောငယ်အပင် ကိုဖြစ်စေ နှမ်းဆီ၊ မုန်ညင်းဆီနှင့်ချက်ပြီး လိမ်းကျံပေးခြင်းဖြင့် အကြောတင်း၊အကြောတက်ရောဂါများ သက်သာစေနိုင်သည်။
- ကလေးငယ်များ စကားပြောချိန်တန်လျက် စကားမပြောခြင်း၊ မပီသခြင်းတို့ဖြစ်လျှင် ပတဲကောကြီးအမှုန့် သို့မဟုတ် ပတဲကောငယ် အမြစ်ကိုသွေး၍ လျှာပွတ် ပေးခြင်းဖြင့် စကားပြောလာစေနိုင်သည်။ စကားပီသလာစေနိုင်သည်။
-နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံး ပတ်သွေးကြောပိတ်ရောဂါများဖြစ်လျှင် ပတဲကောကြီးအမြစ်မှုန့်ဖြစ်စေ၊ ပြုတ်ရည် ကိုဖြစ်စေ နေ့စဉ် သင့်တော်ရုံသောက်သုံး ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ပတဲ ကောအမြစ်မှုန့်ကို ကော်ဖီဇွန်းသေး တစ်ဇွန်းစာ ရေနွေး မတ်ခွက် တစ်ဝက်တွင် ထည့်ပြီး အစာစားပြီးတိုင်း သောက်သုံးပေးခြင်း၊ ညအိမ်ရာဝင်ချိန်တွင် ပတဲကောအမှုန့်ကို ပျားရည်နှင့် ရောစပ်ပြီး ဟင်းစားဇွန်းတစ်ဇွန်းစာ သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်။
- ပတဲကောအမှုန့်ကို အသားဟင်းလျာ များချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် အသားကို လျင်မြန်စွာနူးစေပြီး အသား အတွင်းမှ နှလုံးသွေးကြောပိတ်စေ သောအရာများကို ထိုက်သင့်သလောက် ပျက်ပြယ်သွားစေနိုင်သဖြင့် နှလုံးသွေးကြော ရောဂါရှိသူများအတွက် အစားအသောက် များ ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြု နိုင်သည်။
- ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တတ်သူ များ၊ အစားမှားလျှင် ဝမ်းလျှောတတ်သူများသည် အစာစားပြီးတိုင်း ပတဲကောအမှုန့်ကို အနည်းငယ်မျှ လျက်ပေးခြင်းဖြင့် ကာကွယ်ကုသနိုင်သည်။
- ပတဲကောတွင် အနောက်တိုင်းဆေးသုတေသနအလိုအရ မဂ္ဂနီစီယမ်ဓာတ်များ ပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ၏ လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးနိုင်ကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် မဂ္ဂနီစီယမ်ဓာတ်သည် ကြွက်သားကြွက်တက် ခြင်းကို ကာကွယ်ပေးနိုင်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကြွက်တက်တတ်သူများ ပြင်းထန်သော လေ့ကျင့်ခန်း ပြုလုပ်ပြီး လက်မောင်းနှင့် ပေါင်၊ ခြေသလုံးကြွက်သားများ တင်းမာခြင်းဖြစ်သောအခါ ပတဲကောအမှုန့်ကို ရေနွေးအနည်းငယ်နှင့် ရောစပ်ပြီး လိမ်းပေးလျှင် ကြွက်သားနာကျင်ကိုက်ခဲမှုများ သက်သာစေပြီး ကြွက်သားတင်း၊ ကြွက်တက်ခြင်းများမှလည်း သက်သာ စေနိုင်သည်။
ကြည်လွင်မြင့်(မုဒြာ)