
ယမန်နေ့မှအဆက်
အလွန်ချစ်စရာကောင်းသောချစ်သူလေးကို ရထားပြီမို့ မောင်ငြိမ်းချမ်း၏ ဘဝမှာပြည့်စုံနေပြီ။ စိတ်လေလွင့်စရာဘာမျှမရှိ။ စာကို ယခင်နှစ်များကထက်ပိုကြိုးစားသည်။ ကျောင်းမပျက်သလို ညတိုင်းစာကြည့်မပျက်။ စာမေးပွဲမှာ မေးနိုင်သည့် မေးခွန်းများကို ကြိုထုတ်ပြီး အဖြေများပါ အသင့်ရေးထားသည်။
ပါမောက္ခသင်ကြားသော မွန်ကျောက်စာမှာ ခက်သည်။ နှစ်စဉ်အကျများသည်။ မြစေတီမွန်ကျောက်စာကို အရှည်ကြီးဖြစ်၍ စာမျက်နှာများသော်လည်း မောင်ငြိမ်းချမ်းအားလုံး အလွတ်ရအောင်ကျက်ထားလိုက်သည်။ ခြေချော် လက်ချော် အဖြစ်မခံနိုင်။
ချစ်သူကပြောထားသည်။ တက္ကသိုလ်မှာဆရာပြန်ဖြစ်လျှင် မျှော်လင့်ချက်ရှိမည်။ မျှော်လင့်ချက်အပျက်မခံနိုင်။ မေးချင်သလိုသာ မေးပါတော့ ဆရာကြီးဟုပင် စိန်ခေါ်နိုင်ပါပြီ။
တက္ကသိုလ်နောက်ဆုံးနှစ်၏အချိန်များကို မောင်ငြိမ်းချမ်း ထိုက်တန်စွာ အသုံးချနိုင်ခဲ့ပါသည်။ ချစ်သူနှင့်အတူ အတန်းတက်ရသည်။ ချစ်သူနှင့်အတူ ပျော်ရွှင်ကြည်နူးရသည်။ ပညာကိုလည်း အကောင်းဆုံးကြိုးစား၍ နောက်ဆုံးနှစ် စာမေးပွဲအတွက် သေချာအောင်ပြင်ဆင်နိုင်ခဲ့သည်။ ချစ်သူနှင့် နှစ်ယောက်အတူ နီးရရေးအတွက်ပါ ပိုမိုအားထည့်၍ ကြိုးစားရသည်။
မောင်ငြိမ်းချမ်း၏ ကြိုးစားမှုကြောင့် နောက်ဆုံးနှစ်တွင် တက္ကသိုလ်လူရည်ချွန် ထပ်မံအရွေးခံရပြန်သည်။
ကြည်နူးစရာ ပျော်စရာကောင်းသော အချိန်ဆိုသည်မှာ ကုန်လွယ်လွန်းလှ၏။ နောက်ဆုံးနှစ်နောက်ဆုံး စာမေးပွဲကြီးနီးလာခဲ့ပြီ။ ကျောင်းပိတ်ရက်များမှာ မို့မို့နှင့်မောင်ငြိမ်းချမ်းတို့စာအတူကျက်ကြသည်။ ယခင်ကလို အပြင်ထွက် မလည်တော့ပါ။
မောင်ငြိမ်းချမ်းက သူရေးသား ပြင်ဆင်ထားသော အဖြေများအားလုံး မို့မို့နှင့်အတူ ကျက်သည်။ မို့မို့နားလည်အောင် ရှင်းပြရင်း ကိုယ်လည်းပို၍မှတ်မိသည်။ နှစ်ယောက်အတူ စာကျက်ရသည်က ကြည်နူးစရာ။
စာမေးပွဲရက်သို့ရောက်သောအခါ မို့မို့ရော မောင်ငြိမ်းချမ်းပါ စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ပါသည်။ လူတိုင်းကြောက်၍ မွန်ကြောက်စရာဟုခေါ်သော မွန်ကျောက်စာမှာပင် မောင်ငြိမ်းချမ်းအကောင်းဆုံး ဖြေနိုင်ခဲ့သည်။ ကျန်ဘာသာရပ် အားလုံးကိုတော့ပို၍ ပင်ကောင်းအောင်ဖြေနိုင်ခဲ့သည်။ စာမေးပွဲအပြီးမှာ စိတ်အေးချမ်းသာရှိခဲ့ရသည်။ ဂရိတ်ဖိုးရမှာသေချာပြီ။ ဂရိတ်ဖိုးရလျှင် တက္ကသိုလ်မှာ ဆရာပြန်ဖြစ်ရန်လည်း သေချာပြီ။ စာမေးပွဲပြီး၍ ကိုယ့်ရပ်ဌာနေ ပြန်ကြသောအခါ မို့မို့နှင့်မောင်ငြိမ်းချမ်းတို့ ပြုံးရွှင်စွာ နှုတ်ဆက်နိုင်ကြသည်။
တစ်သက်တာအတူ နေနိုင်ကြဖို့ ခဏတာခွဲခွာရခြင်း ဖြစ်သည်။ ဒီကြားထဲမှာ စာတွေမှန်မှန်ရေး၍ အဆက်အသွယ်မပြတ် ရှိကြမည်။
မောင်ငြိမ်းချမ်း ဇာတိရွာလေးပြန်ရောက်ပြီး အောင်စာရင်းစောင့်နေစဉ် ရွာပတ်ဝန်းကျင်မှ တောဓလေ့ သဘာဝသာယာသော ရှုခင်းများကို ကြည့်ရမြင်ရသောအခါ မို့မို့ကို လွမ်းစာများရေးမိသည်။
မို့မို့ကလည်း မုံရွာဝန်းကျင်မှမြစ်အလှ၊ တောင်အလှများကို ကြည့်မြင်ရ၍ မောင်ငြိမ်းချမ်းကို လွမ်းမိကြောင်း စာများရေးပါသည်။
အောင်စာရင်းထွက်သောအခါ မောင်ငြိမ်းချမ်း မန္တလေးတက္ကသိုလ် သွားကြည့်သည်။
မို့မို့ရော မောင်ငြိမ်းချမ်းပါ စာမေးပွဲအောင်ပါသည်။
သို့သော် မောင်ငြိမ်းချမ်းဂရိတ်ဖိုး မထွက်ပါ။ စိုးရိမ်သည့်အတိုင်း ဖြစ်ခဲ့ပြီ။ ဆင်ပြောင်ကြီးအမြီးကျမှတစ်။
ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ရပြီ။ မျှော်လင့်ချက် တောင်ကြီးအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားလေပြီ။
ရင်ထဲမှာဆင်းရဲပင်ပန်းစွာခံစားရလွန်းသည်။ ဂရိတ်ဖိုး မရခြင်းကြောင့် တက္ကသိုလ်မှာ ဆရာပြန်ဖြစ်ရန်ဝေးသွားပြီ။ တက္ကသိုလ်မှာ ဆရာပြန်မဖြစ်တော့၍ ချစ်သူနှင့်လည်းဝေးတော့မည်။
မျှော်လင့်ချက်ရောင်ခြည်အားလုံး မှေးမှိန်သွားကြပြီ။ ဘဝတစ်ခုလုံး၏ ရည်မှန်းချက်များ ဝေဝါးသွားကြပြီ။
တက္ကသိုလ်မှာစာမေးပွဲပြီး၍ ကိုယ့်ဒေသကိုယ်ပြန်ခါနီးမှာ ချစ်သူနှင့်အတူ သစ္စာစကားတွေဆိုခဲ့ကြသည်။
ပြန်လည်ဆုံတွေ့ပြီး တစ်သက်အတူနေကြရမည့်ဘဝအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ယုံကြည်မှုအပြည့်နှင့် စိတ်ချလက်ချ ခွဲခွာခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ ထိုခွဲခွာခဲ့ခြင်းသည် အပြီးအပိုင်ခွဲခွာခြင်း ဖြစ်လေပြီလား။
ချစ်သူမျက်နှာလေးကို မြင်ယောင်မိသည်။ ရှက်တတ်လွန်း၍နုနယ်လွန်းသော ချစ်သူ၏ဟန်ပန်လေးများကို လွမ်းဆွတ်မိသည်။
ပြန်လည်မြင်ခွင့်ရပါဦးမည်လား။
သြော်..ရက်စက်လိုက်တာ..ပြုရက်ပါပေတယ်
လောကဓံတရား၏ မညှာတာသောရိုက်ချက်ကြောင့် ဘဝ၏ မျှော်လင့်ချက်များ ပျက်ရလေပြီ။
မို့မို့အောင်စာရင်းလာမကြည့်ပါ။ သို့သော် မုံရွာမှ လာကြည့်သူများကြောင့် မို့မို့ရောမောင်ငြိမ်းချမ်းပါ အောင်သော်လည်း မောင်ငြိမ်းချမ်းဂရိတ် ဖိုးမရသည်ကို မို့မို့သိပါလိမ့်မည်။
သူလည်း ဝမ်းနည်းကြေကွဲစွာ ခံစားရတော့မည်။ မျှော်လင့်ချက်များအတွက် ပူပင်သောကဖြစ်ရတော့မည်။
သနားစရာကောင်းလိုက်တာ မို့မို့ရယ်
ကျောက်မီးရွာအလယ်တန်းကျောင်းသို့ မောင်ငြိမ်းချမ်းတက္ကသိုလ်မှာ နည်းပြဆရာဖြစ်ဖို့ဆိုလျှင် ဂရိတ်ဖိုးရရန်လိုသည်။ ဂရိတ်ဖိုးရချင်လျှင် စတုတ္ထနှစ်ထပ်တက်ရမည်။ သို့သော် မတက်နိုင်ပါ။
ပညာသင်ထောက်ပံ့ကြေးက စတုတ္ထနှစ်မှာပင်ပြီးသွားခဲ့ပြီ။
မောင်ငြိမ်းချမ်းအလုပ်တစ်ခုလုပ်ရတော့မည်။
ညီဝမ်းကွဲတစ်ယောက်နှင့်အတူ မောင်ငြိမ်းချမ်း ရှမ်းပြည်နယ် တောင်ကြီးသို့ သွားသည်။ ရှမ်းပြည်နယ်တွင် ဘွဲ့ရများကို အထက်တန်းပြ ဆရာခန့်နေသည်။
တောင်ကြီးမြို့ တိုင်းပညာဝန်ရုံးမှာ ညီအစ်ကိုနှစ်ယောက်လျှောက်လွှာတင်ခဲ့ကြသည်။ မောင်ငြိမ်းချမ်း၏ညီက သိပ္ပံဘွဲ့ဖြစ်၍ မောက်မယ်မြို့ အထက်တန်းကျောင်းမှာ အထက်တန်းပြ ဆရာရသည်။ မောင်ငြိမ်းချမ်း အလုပ်မရပါ။
မို့မို့ကိုလည်း သူ့အုပ်ထိန်းသူများက သူတို့သဘောကျသူများနှင့် နီးစပ်အောင် ဆောင်ရွက်နေကြပြီ။ သူတို့သဘောတူ သူများ စာရင်းတွင် မောင်ငြိမ်းချမ်းလုံးဝ မပါဝင်ပါ။
မို့မို့ထံမှလာသော စာကလေးများကိုဖတ်ရသည်က အားပျက်စရာ။
]]ဒီလိုပုံနဲ့မိုးကြီးချုပ်တော့မှာလား။ တဖြည်းဖြည်းနဲ့ဝေးကြရမှာရင်လေးစရာ..
အပျော်မှန်သမျှ ဆိတ်သုဉ်းနေသည့် အလွမ်းရက်၊ အမောရက်များ ဖြစ်ပါသည်။
ဖေဖော်ဝါရီလကျမှ အလယ်တန်းပြဆရာခန့်စာရသည်။ မန္တလေးတိုင်းပညာရေးကြီးကြပ်မှုကော်မတီက လူရည်ချွန်ဖြစ်၍ အထူးအခွင့်အရေး ပေးပြီး ခန့်ထားခြင်း ဖြစ်သည်။
သွားရမည့်ကျောင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ထဲမှ ကျောက်မီးရွာအလယ်တန်းကျောင်းဖြစ်သည်။ ကျောင်းဖွင့်ခွင့် အမိန့်ကျထားသော်လည်း ကျောင်းအုပ်မရှိ။ အလယ်တန်းပြဆရာ၊ ဆရာမတစ်ယောက်မျှမရှိ။ အလယ်တန်းကျောင်းသူ၊ ကျောင်းသားလည်းမရှိ။ ကျောင်းဆောင်နှင့်ပရိဘောဂလည်း ပြည့်စုံခြင်းမရှိ။ မူလတန်းဆရာ၊ ဆရာမလေးများနှင့် မူလတန်းကလေးများသာ ရှိသည်။
နွေရာသီကျောင်းပိတ်ပြီး၍ ကျောင်းပြန်ဖွင့်လျှင် အလယ်တန်းကျောင်းဖွင့်အောင် ကြိုတင်ဆောင်ရွက်ရန် တိုင်းပညာဝန်က တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
အလယ်တန်းပြဆရာအဖြစ်နှင့် ကျောက်မီးရွာလေးသို့သွားရသည်။
တက္ကသိုလ်ဆရာမဟုတ်ရုံမက။ အထက်တန်းပြဆရာပင်မရ။ အလယ်တန်းပြဆရာ ဖြစ်သော မောင်ငြိမ်းချမ်း၏အဖြစ်မှာ အုပ်ထိန်းသူများနှင့် အားပြိုင်ရန် မို့မို့အတွက် အခက်ကြုံရလေပြီ။
ရင်ထဲမှာကြေကွဲရလွန်းသည်။ ဘဝမျှော်မှန်းချက် သာမက ချစ်သူနှင့်ပါဝေး၍ ဆွေးမြည့်စွာ ခံစားရသည်။
ဖတ်ခဲ့ဖူး၍ အလွန်သဘောကျသော သူ ဝတ္ထုထဲမှ အားကျခဲ့ရသည့် ပရဟိတသမားကြီး ဒေါက်တာမြင့်မောင်ကိုအတုယူပြီး ကျောက်မီးရွာ အလယ်တန်းကျောင်းလေး အောင်မြင်စွာဖြစ်ပေါ်လာအောင် အစွမ်းကုန်ကြိုးစားမည်။ ကလေးများအပေါ် စေတနာထား၍ အလွမ်းဝေဒနာများမှ သက်သာအောင် ဖြေသိမ့်ရတော့မည်။
ကျောက်မီးရွာကလေးသို့ မောင်ငြိမ်းချမ်းသွားရောက်ခဲ့ပါသည်။
အချိန်က နွေဦးပေါက်စ တပို့တွဲလ။
တိုက်တိုက်ဆိုင်ဆိုင်ကြုံရပါပေသည်။ ကျောက်မီးရွာကိုကျော်၍ ကျောင်းအနီးသို့ရောက်သောအခါ ကျောင်းရှေ့တာ ပေါင်ပေါ်မှာ ပင်လုံးကျွတ်ရဲရဲနီအောင် ပွင့်နေသော လက်ပံပင်ကြီးက ဆီးကြိုနေသည်။
သြော်....လွမ်းလိုက်တာ...မို့မို့ရယ်
ပြီးပါပြီ
လယ်တွင်းသားစောချစ်