စိန်စီသောလမ်းဖြစ်အောင် ကြိုးစားစေချင်

လူကြီးတိုင်းသည် လူငယ်ဘဝကို ဖြတ်သန်းခဲ့ရမြဲ ဖြစ်သည်မို့ လူငယ်တိုင်း၏ စွမ်းဆောင်မှုကို ကောင်းစွာ သိကြပါသည်။ လူငယ်သည် တက်ကြွပျိုရွယ်သည်မို့ အားမာန်အပြည့်အဝရှိသည်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာတွင် အားမာန်ပြည့်ဝနေသည်။ ဆောင်ရွက်လိုသော ကိစ္စမှန်သမျှကို အားမာန်အပြည့်ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည်။ လူငယ်တိုင်းတွင် အားမာန်ရှိပေရာ လူငယ့်အားမာန်ဆိုသော နယ်ပယ်မှာ လွန်စွာ ကျယ်ဝန်းလေသည်။

ခေတ်အဆက်ဆက် ကောင်းရာကောင်းကြောင်း ဦးဆောင်ခဲ့သူများမှာ လူငယ်များပင်ဖြစ်သည်။ အလှမ်းမဝေးသေးသော အတိတ်ကာလကို ပြန်လည်လေ့လာကြည့်မည် ဆိုပါက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကို စတင် တည်ထောင်သူများမှာ လူငယ်များဖြစ်သည်။ လွတ်လပ်ရေး တိုက်ပွဲကာလအတွင်း ပေါ်ပေါက်ခဲ့သော အာရှလူငယ်အစည်းအရုံး ဆိုသည်မှာလည်း လူငယ်များပင်ဖြစ်သည်။  ဖဆပလခေတ်မှာ ဖဆပလလူငယ်၊ ဆိုရှယ်လစ်ဝါဒလေ့လာရေး လူငယ်အဖွဲ့ (ဆလလဖ) ထိုမှတစ်ဖန် ပြည်ထောင်စု ပါတီခေတ်တွင် ပြည်ထောင်စု လူငယ်အဖွဲ့ ပေါ်ပေါက်လာသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စသည်ဖြင့် လူငယ်များကို မြေတောင်မြှောက်ပေးကာ ဖွဲ့စည်းပေးခဲ့ကြသည်။

ကင်းထောက်လူငယ်အဖွဲ့ ဝံပုလွေငယ်ခေါ် ကလေးအဖွဲ့ စသည့်အဖွဲ့များလည်း ရှိသည်။ လမ်းစဉ်ပါတီခေတ်မှာ လူရည်ချွန် စီမံကိန်းနှင့်အညီ လူရည်ချွန်လူငယ်များ နှစ်အလိုက်ပေါ်ထွက်လာခဲ့သည်။ လူငယ်အသိုက်အဝန်း အဖွဲ့အစည်းများကို အစိုးရကဖွဲ့စည်း အားပေးသည်လည်း ရှိသည်။ နိုင်ငံရေးပါတီများက ဖွဲ့စည်းပေးသည်လည်း ရှိသည်။ ဝါသနာတူ လူငယ်များ စု၍ ဖွဲ့စည်းသည့်စာပေ၊ လူမှုရေး၊ ဘာသာရေး၊ အားကစား၊ အနုပညာ စသည့်အဖွဲ့အစည်းများလည်း ရှိသည်။ လူငယ်များသည် အနာဂတ်နိုင်ငံ၏ အိပ်မက်ကောင်းများကို အကောင်အထည်ဖော်မည့်သူများအဖြစ် အများကနေရာပေးထားကြသည်။

ထူးချွန်ထက်မြက်လိုသူ လူငယ်တိုင်းက ထူးချွန်ထက်မြက်အောင် ကြိုးစားကြရသည်။ သူများထက် ပိုကြိုးစားသူသည် သူများထက်ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရရှိကြသည်။ လူငယ်များကိုယ်တိုင်ကလည်း လှပသောအနာဂတ်ကို တည်ဆောက်လိုကြသည်။ အရည်အသွေးပြည့်ဝသော လူငယ်များဖြစ်အောင် မိမိကိုယ်မိမိ ဖြည့်ဆည်းနေကြသည်။ ခေတ်မီနည်းပညာများ မြင့်မားလာခြင်းနှင့်အတူ လူငယ်ထု၏ အရည်အသွေးမှာလည်း တိုးတက်မြင့်မားအောင် ကြိုးစားကြရသည်။

ကမ္ဘာကြီးတွင် ခေတ်မီနည်းပညာများ ပေါများလာခြင်းနှင့်အတူ အင်တာနက်ဆိုသော ပဒေသာပင်ကြီး ပေါ်ပေါက်လာသည်။ တစ်ချိန်က ကြားဖူးကြသည့် ပဒေသာပင်မြေမှ ပေါက်လာသည့်အခါ လူသားတို့ အလွယ်တကူ ခူးဆွတ်စားသောက်ခြင်းဖြင့် ဘဝကိုရှင်သန်အောင် ရပ်တည်နေထိုင်ကြသည်။ တဖြည်းဖြည်း လောဘများ ဖုံးလွှမ်းကာ လောဘဇောတိုက်မှုကြောင့် ပဒေသာပင်ကွယ်ခဲ့ရကြောင်း ရှေးလူကြီးသူမတို့ ပြောရိုးထုံးစံရှိသည်။ အင်တာနက်ဆိုသော ပဒေသာပင်သည်လည်း ယခုအခါ လူသားတို့အတွက် ကောင်းကျိုးပွားများစေရန် ပေါ်ပေါက်လာခြင်းဖြစ်သော်လည်း မှန်မှန်ကန်ကန် အသုံးချတတ်မှုပေါ်တွင် မူတည်၍ အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းများ ဖြစ်လာရသည်။ လူငယ်များသည် ယခုအခါ ဖေ့ဘွတ်ပွတ်သည့် အလုပ်တွင် အချိန်အများကြီး သုံးနေကြသည်။ အင်တာနက်ကို ဆုံးစမရှိကျယ်ပြန့်သော ပညာတံခါးကို ဖွင့်နိုင်သောသော့အဖြစ် အကျိုးရှိရှိ အသုံးပြုသင့်သည်။ အင်တာနက်ကို ကစားစရာအဆင့်လောက်သာ သဘောထားပြီး ကစားနေကြသော လူငယ်များအနေဖြင့် မိမိတို့၏ အနာဂတ်ခရီးကို မြော်တွေးဆင်ခြင်သင့်သည်။

နောင်တစ်နေ့တွင် မလွဲမသွေလူကြီး ဖြစ်လာကြမည့် လူငယ်များအဖြစ်ဖြင့် ငါလူကြီးဖြစ်လာရင် ငါ့နိုင်ငံတော်ကို ငါဘယ်လို တည်ဆောက်မည်။ တိုးတက်အောင် မည်သို့မည်ပုံ လုပ်ဆောင်မည်ဟူသော အတွေးအခေါ်များ တွေးခေါ်ပြီး   အင်တာနက်မှပညာများကို ရသလောက်၊ ယူနိုင်သလောက်ယူထားသင့်ကြသည်။ အင်တာနက်ကို ကစားစရာအဆင့် တစ်ခုပမာ သဘောထားနေသူများသည် အိမ်ဦးခန်းမှာ တင်ထားသည့် ပညာပါရဂူ ပါမောက္ခကြီးများရှိနေပါလျက် ထိုပညာရှင်ကြီးများထံမှ တန်ဖိုးရှိလှသော ပညာများကို သင်ယူဆည်းပူးရမည့်အစား ထိုပညာရှင်ကြီးများကို ဖျော်ဖြေသူများ အဖြစ် သဘောထားကာ သီချင်းဆိုခိုင်း၊ ကခိုင်းနေကြသည်နှင့် တူနေကြောင်း ဆရာမောင်ခင်မင်(ဓနုဖြူ)က သူ၏လူငယ်အကြောင်း၊ ပညာအကြောင်း စာအုပ်တွင်ရေးသားထားသည်။

နယ်ပယ်အသီးသီးတွင် အောင်မြင်ဖြစ်ထွန်းနေသော လူကြီးများ၏အတ္ထုပ္ပတ္တိများကို လေ့လာကြည့်လျှင် ထိုလူကြီးများသည် လူငယ်ဘဝက အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကြိုးစားအားထုတ်ခဲ့ရသည့် အကြောင်းများကို တွေ့ရသည်ချည်းဖြစ်သည်။ လေးစားအပ်သော အလုပ်ဟူသမျှတွင် ဖြတ်လမ်းဟူ၍မရှိချေ ဟူ၍ ဆိုထားပေရာ လူငယ်ဘဝမှ လူကြီးဘဝသို့ လျှောက်လှမ်းသော ခရီးလမ်းကို စိန်စီသောလမ်းဖြစ်အောင် ကြိုးပမ်းကြပါရန် လူငယ်များအား တိုက်တွန်း လိုက်ရပေသည်။