တွဲဖက်မသောက်သုံးသင့်သောဆေးဝါးများ
အအေးမိ၊ နှာစေးဖြစ်လာရင် ပါရာစီတမောနဲ့ စီထရင်း၊ စီဗစ်တို့ကို တွဲဖက်သောက်သုံးတတ်ကြတယ်။ ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်မှာ စပ်ဆေးအနေနဲ့ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ လူအများစုက ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို နားမလည်ဘဲ ကျန်းမာရေးပြဿနာကို အလွယ်တကူ ဖြေရှင်းတတ်ကြတယ်။ ဆေးဝါးတွေကို အတူတူတွဲဖက် သောက်သုံးရင် တစ်မျိုးနဲ့တစ်မျိုး တုံ့ပြန်မှုတွေရှိနိုင်လို့ မသောက်သင့်တဲ့ ဆေးတွေရှိပါတယ်။ တချို့ကတော့ အများသောက်လို့သာ လိုက်သောက်တာ အကျိုးအပြစ် ဘာမှမသိကြဘူး။
လက်ဖက်စိမ်းနဲ့သံဓာတ် တွဲဖက်မသောက်သင့်ပါဘူး။ လက်ဖက်စိမ်းက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူနိုင်တာကို လျှော့ချနိုင်တယ်ဆို တဲ့အကြောင်း တော်တော် များများမသိကြဘူး။ လက်ဖက်စိမ်းမှာရှိတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်သံဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန် စေပေမယ့် ကျန်းမာရေးအတွက် အားထားရတဲ့ လက်ဖက်ရည်ကြမ်းက သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်နိုင်တယ်။
သံဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ခုခံအားစနစ်ရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်။ အမျိုးသမီးတွေက လက်ဖက်နဲ့ လက်ဖက်ရည်ကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။ မဂ္ဂနီစီယမ်နဲ့ ကယ်စီယမ် မတွဲသင့်ပါ။ မဂ္ဂနီစီယမ်က ကယ်စီယမ်ကို စုပ်ယူနိုင်အောင်ကူညီပေးနိုင်ပြီး အရိုးပါးရောဂါလို အရိုးရောဂါမဖြစ်အောင် ကာကွယ်ပေးပေမယ့် ဆေးဝါးနှစ်ခုစလုံး အတူတူတွဲ သောက်ရင် မဂ္ဂနီစီယမ်ကို စုပ်ယူနိုင်မှုလျော့နည်းပြီး မဂ္ဂနီစီယမ် ချို့တဲ့နိုင်တယ်။ မဂ္ဂနီစီယမ်က ကြွက်သားနဲ့ အာရုံကြောတွေ လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့သတ္တုဓာတ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားတည်ငြိမ်အောင် ထိန်းချုပ်ပေးပါတယ်။ အသက်ကြီးသူတွေ၊ ဆီးချိုရောဂါရှိသူ ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှိသူတွေမှာ မဂ္ဂနီစီယမ်ချို့တဲ့ နေတတ်ပါ တယ်။
ဗီတာမင်စီနဲ့ ကော့ပါးမတွဲဖက်သင့်ပါဘူး။ ဗီတာမင်စီက ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အကျိုးပြုတယ်။ အထင်ရှားဆုံးက ခုခံအားစနစ်ကိုမြှင့်တင်တာနဲ့ သွေးဖိအားကျဆင်းနိုင်တာပဲဖြစ်ပါတယ်။ ကော့ပါးကလည်း မရှိမဖြစ်သတ္တုဓာတ်ဖြစ်တယ်။ သူက တွယ်ဆက်တစ်သျှူးတွေ ဖန်တီးပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ သတ္တုဓာတ်နှစ်မျိုးကို အတူတူတွဲသောက်လို့မရပါဘူး။ ဗီတာမင်စီက ခန္ဓာကိုယ်မှကော့ပါးစုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။
ဗီတာမင် D၊ ဗီတာမင် E နဲ့ ဗီတာမင် K တွဲဖက် မသောက်သင့်ပါဘူး။ ဒီဗီတာမင်အားလုံး တစ်မျိုးစီ အသုံးဝင်နိုင်ပါတယ်။ အတူတူတွဲ မသောက်သင့်ဘူး။ ဗီတာမင် K စုပ်ယူမှုကို ဗီတာမင် D နဲ့ ဗီတာမင် E က အနှောင့်အယှက်ပေးနိုင်လို့ ဖြစ်တယ်။ ဗီတာမင် တစ်မျိုးစီ အတွက် နှစ်နာရီခြားပြီးသောက်နိုင်ပါတယ်။
ကော့ပါးနဲ့ Zinc ဓာတ် တွဲမသောက်သင့်ပါဘူး။ အတူတူတွဲသောက်ရင် အန္တရာယ်ရှိပါတယ်။ Zinc ဓာတ်က ခန္ဓာကိုယ်မှ ကော့ပါး စုပ်ယူနိုင်မှုကို လျှော့ချနိုင်ပါတယ်။ ကော့ပါးချို့တဲ့လို့ အလွယ်တကူမောပန်းတာ၊ အအေးဒဏ်မခံနိုင်တာနဲ့ အရိုးကြွပ်ဆတ် တာတွေ ဖြစ်နိုင်ပါတယ်။ ဒီသတ္တုဓာတ်နှစ်မျိုးကို နှစ်နာရီခြားပြီးမှ မှီဝဲသင့်ပါတယ်။
သွေးမခဲဆေးနဲ့ ချယ်ရီသီးဖျော်ရည် တွဲဖက်မသောက်သင့်ပါဘူး။ သွေးမခဲဆေးက သွေးခဲတာ တားဆီးပေးတဲ့ဆေးဖြစ်ပါတယ်။ ချယ်ရီသီး ဖျော်ရည်ကလည်း သွေးကိုသိသိသာသာကျဲစေတယ်။ ဒီနှစ်ခုတွဲဖက်ပြီးသောက်သုံးတာက ရှုပ်ထွေးလှတဲ့ ရောဂါပြဿနာ တွေဖြစ်စေနိုင်ပါတယ်။
ကိုလက်စထရောဆေးနဲ့ ကျွဲကောသီး တွဲဖက်မစားသင့်ပါဘူး။ ကိုလက်စထရောဆေးတွေကို မှီဝဲနေရသူအားလုံး ကျွဲကောသီးကို ရှောင်သင့်ပါတယ်။ ကျွဲကောသီးက သွေးထဲမှာ အဆိုပါဆေးတွေရဲ့ ပါဝင်မှုပိုမိုတိုးပွားလာအောင် ပြုလုပ်ပေးတာကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်စေပါတယ်။ ခြေထောက်တွေ နာကျင်ကိုက်ခဲလာမှာပဲဖြစ်ပါတယ်။
ပိုးများကိုနိုင်တဲ့ တက်ထရာဆိုင်ကလင်းနဲ့ နို့ထွက်ပစ္စည်းတွေကို တွဲဖက်မသောက်သင့်ပါဘူး။ တက်ထရာဆိုင်ကလင်းပဋိဇီဝဆေးကို ဝက်ခြံနဲ့အရေပြားပြဿနာကြောင့် မျက်နှာရဲတာအတွက် အဓိကသောက်သင့်တယ်။ နို့ထွက်ပစ္စည်းတွေမှာ ကယ်စီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ပဋိဇီဝဆေးတွေကို အစာမစားမီနှစ်နာရီခြားပြီး ကြိုသောက်သင့်ပါတယ်။
သွေးကျဲဆေးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ တွဲဖက်မစားသင့်ပါဘူး။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ဗီတာမင် K က သွေးခဲမှုကို တိုးမြင့်စေပြီး သွေးမခဲဆေးနဲ့ သွေးကျဲဆေးပြုလုပ်ပေးတဲ့အာနိသင်ကို လျော့ပါးစေပါတယ်။ ဟင်းနုနယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ တခြားအစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
သွေးကျဆေးနဲ့ ငှက်ပျောသီး တွဲဖက်မစားသင့်ပါဘူး။ သွေးတိုးကျဆေးတွေက ပိုတက်စီယမ်ကိုမြှင့်တင်ပေးတဲ့ဆေးတွေဖြစ်ပါတယ်။ ပိုတက်စီယမ်မှာ သွေးဖိအားအပါအဝင် နှလုံးခုန်နှုန်းနဲ့ အာရုံကြောစနစ်ကိုပါ ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာလည်း ပိုတက်စီ ယမ်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးခုန်မမှန်တာ၊ ရင်တုန်တာ စတဲ့နှလုံးရောဂါဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပွားနိုင်လို့ တွဲဖက် မစားသင့်ပါဘူး။
ဗိုက်ထဲမှာ အစာမရှိဘဲ မသောက်သင့်တဲ့ဆေးဝါးတွေရှိပါတယ်။ အမောက်ဆလင်နဲ့ ဒေါက်ဆီဆိုင်ကလင်းဆေးတွေက အစာနဲ့တွဲဖက် သောက်သုံးသင့်ပါတယ်။ အစားအသောက်နဲ့တွဲဖက်ပြီး သောက်သုံးပေးရင် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ၊ ဝမ်းလျှောတာတွေ စတဲ့ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ပဋိဇီဝဆေးတွေက အများအားဖြင့်အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပြီး မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒီဆေးတွေကို ရေရှည်သုံးစွဲရင် အူမကြီးရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဆေးရဲ့အကျိုးကျေးဇူးက ဆေးကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်ထက် ပိုများပြားမှပဲ သောက်ဆေးကို ဆရာဝန် က သောက်သုံးဖို့ ညွှန်ကြားတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးဖို့ အရေးကြီးပါတယ်။
ပဋိဇီဝဆေးတွေနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအသောက်တွေရှိပါတယ်။ လူတွေက တစ်နေ့တာလှုပ်ရှားမှု လုပ်ဆောင်ရင် အပူဒဏ် ကြောင့်ဖြစ်စေ၊ အအေးဒဏ်ကြောင့်ဖြစ်စေ ခန္ဓာကိုယ်မှာဖျားနာတာ၊ နေထိုင်မကောင်းတာဖြစ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါ ပဋိဇီဝဆေးတွေသောက်ပြီး ကိုယ်ခံအားကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ကြရပါတယ်။
အဆိုပါဆေးသောက်တဲ့အခါ တွဲဖက်မသောက်သင့်တဲ့ မတည့်တာတွေရှိပါတယ်။ ပဋိဇီဝဆေးတွေက ရောဂါပိုးကူးစက်တာတွေ သက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိတာ၊ တုပ်ကွေး ဖြစ်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေး တာနဲ့ လေပြွန်ရောင်ရမ်းတာတွေဖြစ်မယ်ဆိုရင် ပဋိဇီဝဆေးတွေ မဖြစ်မနေသောက်သုံးဖို့ လိုပါတယ်။ ဒီလိုသောက်သုံးတဲ့အခါ ဆေးယဉ်ပါးမှုမရှိအောင် ဆေးကို သတ်မှတ်ရက်၊ သတ်မှတ်အကြိမ် အပြည့်သောက်ပေးသင့်ပါတယ်။
အချဉ်ဓာတ်ပါတဲ့သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုလိုမျိုး အချဉ်ဓာတ်ရှိတဲ့အသီးတွေ အချဉ်ဓာတ်ထည့်သွင်း ထုတ်လုပ် ထားတဲ့ သောက်စရာတွေ၊ ခရမ်းချဉ်သီးဆော့စ်လိုမျိုး အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ဆေးဝါးနဲ့ တွဲဖက်မစားသင့်ပါဘူး။ ခန္ဓာကိုယ်မှ ဆေးရဲ့အာနိသင်စုပ်ယူနိုင်မှုအပေါ် အဟန့်အတားဖြစ်စေပါတယ်။
ဒေါက်တာလွင်သန့်