အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက်စေရေးတွင် ညှိနှိုင်းရေးမှူး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ပံ့ပိုးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေကဏ္ဍ
မေး - အာဆီယံရဲ့ Dialogue Partnership အကြောင်းနဲ့ မြန်မာနိုင်ငံမှ အာဆီယံ Dialogue Partnership အခန်းကဏ္ဍမှာ မည်ကဲ့သို့ပါဝင် ဆောင်ရွက်နေတဲ့အကြောင်း ကနဦးအနေနဲ့ မိတ်ဆက်ပြောပြစေလိုပါတယ်။
ဖြေ - အာဆီယံပဋိညာဉ်စာတမ်းရဲ့ အပိုဒ် (၄၁)အရ အာဆီယံဟာ ပြင်ပနိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံ
ရေးထားရှိပြီး အပြန်အလှန် အကျိုးစီးပွားအတွက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံနဲ့မိတ်ဖက် ဆက်ဆံရေးထူထောင်ထားတဲ့ နိုင်ငံများအနေနဲ့လည်း အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ အခြေခံမူများကို လိုက်နာရမှာ ဖြစ်ပါတယ်။
အာဆီယံနဲ့ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ထားတဲ့(၁၁)နိုင်ငံက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါတယ်။
အာဆီယံနဲ့ကဏ္ဍအလိုက်မိတ်ဖက် ဆက်ဆံရေး ထူထောင်ထားတဲ့ ခြောက်နိုင်ငံက ဘရာဇီးလ်၊ နော်ဝေး၊ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ တူကီယဲ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့ဖြစ်ကြပြီး အာဆီယံနဲ့ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားတဲ့ လေးနိုင်ငံတွေက ချီလီ၊ ပြင်သစ်၊ ဂျာမနီနဲ့အီတလီတို့ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ အာဆီယံအပေါင်းသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ အရှေ့အာရှထိပ်သီး အစည်းအဝေးနဲ့ အာဆီယံဒေသဆိုင်ရာ ဖိုရမ်တို့ပဲဖြစ်ကြပါတယ်။
အာဆီယံနဲ့ပြင်ပ ဆက်ဆံရေးမှာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများမှာ အာဆီယံသည် အဓိကဦးဆောင်သူဖြစ်ပြီး အာဆီယံအဓိကကျမှုကို ထိန်းသိမ်းထားပါတယ်။ စည်းလုံးညီညွတ်မှုကို အခြေခံပြီး တူညီဆန္ဒရရှိရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြတာဖြစ်ပါတယ်။ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများနဲ့ ဆက်ဆံရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ညှိနှိုင်းရေးမှူး နိုင်ငံအဖြစ် အလှည့်ကျ တာဝန်ယူဆောင်ရွက်ရပါတယ်။ ညှိနှိုင်းရေးမှူးနိုင်ငံဟာ အာဆီယံရဲ့ အခြေခံမူများနဲ့အညီ အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး ဆက်ဆံရေး မြှင့်တင်နိုင်ဖို့ အာဆီယံကို ကိုယ်စားပြုညှိနှိုင်း ဆောင်ရွက်ပေးရပါတယ်။ အာဆီယံနဲ့ ပြင်ပမိတ်ဖက်နိုင်ငံများနဲ့ ပြုလုပ်တဲ့ အစည်းအဝေးများမှာ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်တာ ကာလအတွက် ဖိလစ်ပိုင်နိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး တိုးတက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး - မြန်မာနိုင်ငံမှ လက်ရှိ တာဝန်ယူ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းရေးမှူး နိုင်ငံအနေနဲ့ အဓိကတာဝန်ယူ ဆောင်ရွက်ပေးခဲ့ရတဲ့ အတွေ့အကြုံများကို သိရှိလိုပါတယ်။
ဖြေ - ၁၉၉၁ ခုနှစ် အာဆီယံ-တရုတ်ဆက်ဆံရေး စတင်ချိန်မှစလို့ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးဟာ အာဆီယံရဲ့ အတက်ကြွဆုံးနဲ့ အနှစ်သာရအရှိဆုံး ဆွေးနွေးဖက် ဆက်ဆံရေးများ အနက်တစ်ခုဖြစ်ပါတယ်။ အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ရပ်လုံးမှာ ပြည့်စုံကျယ်ပြန့်တဲ့ ယန္တရားများ တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်သုံးခု အတွင်း ချစ်ကြည်ရင်းနှီးမှုရှိပြီး ခိုင်မာနက်ရှိုင်းကာ အပြန်အလှန် အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့အပြင် ဒေသတွင်း အေးချမ်းတည်ငြိမ် သာယာဝပြောရေးကို အထောက်အပံ့ဖြစ်စေတာမို့ အာဆီယံ-တရုတ် ဆက်ဆံရေးဟာ အာဆီယံအတွက် အရေးကြီးတဲ့ ဆွေးနွေးဖက် ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ ကဏ္ဍစုံပြည့်စုံ ကျယ်ပြန့်တာမို့ ညှိနှိုင်းရေးမှူး နိုင်ငံရဲ့တာဝန်ဟာ များပြားလှပါတယ်။
အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ အဓိကမဏ္ဍိုင်(၂)ရပ်ကတော့ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာကျတဲ့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နဲ့ တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်(DOC)အကောင် အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်တို့ ဖြစ်ပြီး ၎င်းတို့ဟာ အာဆီယံ-တရုတ် ဆက်ဆံရေးအတွက် လမ်းပြမြေပုံပဲဖြစ်ပါတယ်။ ဦးစွာလုပ်ငန်း စီမံချက်နဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ DOC Work Plan ကို သီးခြားရှင်းပြပါမယ်။ လုပ်ငန်းစီမံချက်ဟာ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင်(၃)ရပ်ဖြစ်တဲ့ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု စတဲ့ကဏ္ဍအားလုံး ပါဝင်ပြီး ပြည့်စုံကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဖြစ်တာမို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် (Sectoral bodies)အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါတယ်။ ညှိနှိုင်းရေးမှူးနိုင်ငံ အနေနဲ့ အဆိုပါလုပ်ငန်း စီမံချက်ရဲ့ တိုးတက်မှု အစီရင်ခံစာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ ညှိနှိုင်းပြုစုပြီး နှစ်စဉ် အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေးသို့ တင်ပြရပါတယ်။
အာဆီယံ-တရုတ် မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံရေး (၁၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်မှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံ-တရုတ် မဟာဗျူဟာကျတဲ့မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မျှော်မှန်း ချက်စာတမ်း(၂၀၃၀)နဲ့ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အထူးထိပ်သီး အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံ-တရုတ် ပူးတွဲကြေညာချက် တို့ဟာလည်း အာဆီယံ-တရုတ်ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ နိုင်ငံရေး စာတမ်းများဖြစ်ပြီး အနာဂတ်လုပ်ငန်းစဉ်တွေဖြစ်တာမို့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းရေးမှူး နိုင်ငံက ဦးဆောင်ဦးရွက်ပြုကာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရပါတယ်။
နှစ်အလိုက် ဦးစားပေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရာမှာလည်း မြန်မာနိုင်ငံ အနေနဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများထံ ဆက်လက် အကြောင်းကြားပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ တူညီဆန္ဒနဲ့အညီ တရုတ်ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရပါတယ်။ ထိုနည်းတူစွာ အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့ ဘုံစိတ်ဝင်စားမှုရှိတဲ့ ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ တရုတ်ဘက်နဲ့ ညှိနှိုင်းပေးရပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ အာဆီယံက အဓိကမောင်းနှင်စွမ်းအား ဖြစ်ဖို့နဲ့ ဒေသတွင်းဗိသုကာ တည်ဆောက်မှုပုံစံကို ထိန်းသိမ်းရာမှာ အာဆီယံ အဓိကကျမှုကို ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ ရလဒ်ကောင်းများ ရရှိဖို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို နှစ်စဉ်ဧပြီလ သို့မဟုတ် မေလမှာ ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရပါတယ်။ အစည်းအဝေး ကျင်းပရေးအတွက် နေရာ၊ နေ့ရက်၊ ဆွေးနွေးမယ့်ဘာသာရပ် အစီအစဉ်တို့ကိုလည်း ညှိနှိုင်းရေးမှူး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ အာဆီယံအကြား ညှိနှိုင်း သဘောတူညီမှု ရရှိဖို့ ဆောင်ရွက်ပေးရပါတယ်။
အဲဒီလိုညှိနှိုင်းဆောင်ရွက်ပေးရာမှာ မူဝါဒချမှတ်ဆောင်ရွက်ရတဲ့ ကိစ္စတွေနဲ့ ခေါင်းဆောင်အဆင့် ထိပ်သီး အစည်းအဝေးမှာ ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်အတွက် သဘောတရားစာတမ်းတွေ ညှိနှိုင်းရာမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနက အာဆီယံနဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအကြား ဦးစွာညှိနှိုင်း သဘောတူညီမှုရယူပါတယ်။ သဘောတရား စာတမ်းဆိုတာကတော့ ပူးတွဲကြေညာချက် ထုတ်ပြန်ရတဲ့ နောက်ခံ အကြောင်းတရား၊ ရည်ရွယ်ချက်၊ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြမယ့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများကို ဖော်ပြထားသည့်စာတမ်းဖြစ်ပါတယ်။ အဲဒီသဘောတရား စာတမ်းအပေါ် မူအားဖြင့် သဘောတူညီမှု ရရှိပြီးတဲ့နောက် ပူးတွဲ ကြေညာချက်မူကြမ်းရဲ့ စာသားတွေကို ဆက်လက် ညှိနှိုင်းရာမှာတော့ ဂျကာတာမှာရှိတဲ့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ဦးဆောင်ပြီး အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီ(CPR)နဲ့ တရုတ်အဖွဲ့ရုံးတို့အကြား ဆက်လက် ညှိနှိုင်းကြတာဖြစ်ပါတယ်။ သိမ်မွေ့နက်နဲတဲ့ အချို့ကိစ္စရပ်တွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်မှာ နိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲကြေညာချက်ကို ညှိနှိုင်းရာမှာတော့ ကြေညာချက်ရဲ့ မူဘောင် (Structure of Joint Statement)ကို Head Quarterက ညှိနှိုင်းပြီး ကျန်အပိုင်းကို CPR မှာညှိနှိုင်းကြတာပဲ ဖြစ်ပါတယ်။
အာဆီယံ-တရုတ်ဆွေးနွေးဖက် ဆက်ဆံရေးရဲ့ ထူးခြားချက်မှာ နှစ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးနှစ်များ သတ်မှတ်လေ့ရှိတာဖြစ်ပါတယ်။ ယခင်နှစ် ၂၀၂၂ ခုနှစ်ကို အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်ကိုတော့ အာဆီယံ-တရုတ် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ လာမယ့်နှစ် ၂၀၂၄ ကိုတော့ အာဆီယံ-တရုတ်ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုနှစ်အဖြစ်သတ်မှတ်ကာ ပြည်သူအချင်းချင်း ထိတွေ့ဖလှယ်မှုများကို တိုးမြှင့် လုပ်ဆောင် သွားဖို့ ရည်ရွယ်ထားပါတယ်။
မေး - မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံအနေနဲ့ လိုက်ပါ ဆောင်ရွက်နေသလို Dialogue Partnership ဘက်မှာလည်း ပြည့်ဝစွာ လုပ်ဆောင်နေတယ် ဆိုတာ ဘယ်လိုအချက်အလက်တွေအရ သိသာ မြင်သာနိုင်ပါသလဲ။
ဖြေ - မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကို စတင်ဝင်ရောက်တဲ့ ၁၉၉၇ ခုနှစ်မှစတင်ပြီး အာဆီယံပဋိညာဉ် စာတမ်းကို လိုက်နာလျက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားများကို မပျက်မကွက် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူပြီး အာဆီယံအဖွဲ့ကြီးနဲ့ မိမိတို့ ဒေသအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်ခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံက ညှိနှိုင်းရေးမှူး တာဝန်ယူချိန်ကစလို့ အာဆီယံ-တရုတ် ဆက်ဆံရေးမှာ ထင်ရှားတဲ့ တိုးတက်မှုတွေရှိခဲ့ပြီး အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်ကို ပံ့ပိုးမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲကြေညာချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲကြေညာချက်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ (၂၄)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေးမှာ ထုတ်ပြန်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
အာဆီယံ-တရုတ်ဆက်ဆံရေးမှာ သမိုင်း မှတ်တိုင်သစ်အဖြစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ဖို့ မြန်မာနိုင်ငံက အာဆီယံနဲ့ တရုတ်အကြား ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ အာဆီယံ-တရုတ် ဆက်ဆံရေး နှစ်(၃၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အထူးထိပ်သီး အစည်းအဝေးမှာ အာဆီယံ-တရုတ် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ထူထောင် ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ ဦးဆောင် ညှိနှိုင်းမှုနဲ့ အာဆီယံ-တရုတ် လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၅) ၏ နောက်ဆက်တွဲကို ၂၀၂၂ ခုနှစ် ၊ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဦးဆောင်ညှိနှိုင်းမှုနဲ့ တောင်တရုတ်ပင်လယ်မှာ နိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း နှစ် (၂၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပူးတွဲကြေညာချက်၊ အာဆီယံ-တရုတ် သာတူညီမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်နဲ့ အစားအစာဖူလုံရေးဆိုင်ရာ ပူးတွဲကြေညာချက်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်နိုင်ခဲ့ပါ တယ်။
တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်ကို ညှိနှိုင်းဆွေးနွေးမှုမှာလည်း မြန်မာနိုင်ငံက အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်း အဖွဲ့ခေါင်းဆောင်များနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆွေးနွေး ညှိနှိုင်းမှု(၅)ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ တိုးတက်မှုများလည်း ရှိပါတယ်။
ယင်းသို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် တာဝန်များကို ဆောင်ရွက်နေသည့်ကြားမှာပဲ အချို့သော အာဆီယံအဖွဲ့ဝင် နိုင်ငံများဟာ မိမိတို့ ပြည်တွင်းနိုင်ငံရေး အခြေအနေကို အသုံးချပြီး မြန်မာနိုင်ငံကို အခြားသော အာဆီယံနိုင်ငံများနဲ့ တန်းတူမဟုတ်သည့် ဆက်ဆံရေးမျိုးကို ဆောင်ရွက်လျက် ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် ထိပ်သီးအစည်းအဝေးများကို အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ တန်းတူရည်တူ ဖိတ်ကြားခြင်း မခံရတဲ့အတွက် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီး အဆင့်အစည်းအဝေးများနဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ယင်းအစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရလဒ်ကောင်းများ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သလို အဆိုပါအစည်း အဝေးများ အတွက် Document kit ဖြန့်ဝေခြင်း အပါအဝင် ယင်းအစည်းအဝေးများမှာ အာဆီယံဥက္ကဋ္ဌက ဖတ်ကြားတဲ့ ASEAN Common Statement ကိုလည်း တာဝန်သိ ညှိနှိုင်းရေးမှူး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကပဲ ရေးသားပြုစု ညှိနှိုင်းဖြန့်ဝေပေးခဲ့ရပါတယ်။
ဒီအချက်တွေဟာ မြန်မာနိုင်ငံဟာ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးနိုင်ငံ တာဝန်ကို ပြည့်ဝစွာ လုပ်ဆောင်နေတယ် ဆိုတာကို သိသာထင်ရှားစေပါတယ်။
မေး - အထက်မှာ ဖြေကြားခဲ့ရာမှာ မြန်မာနိုင်ငံအနေနဲ့ DOCအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်ရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ စိတ်ဝင်စားမှုမြင့်မားတဲ့ ဒီတောင်တရုတ်ပင်လယ် အရေးကိစ္စကို အာဆီယံနဲ့တရုတ်အကြား ဘယ်လိုညှိနှိုင်း ဆောင်ရွက်နေပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (COC)ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ဘယ်လောက် အတိုင်းအတာအထိ ရနေပြီလဲ ဆိုတာ သိလိုပါတယ်။
ဖြေ - တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်းအေးချမ်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အာဆီယံနှင့် တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ကို ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါကြေညာချက်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့က ပူးတွဲလက်မှတ်ရေးထိုးခဲ့တဲ့ တောင်တရုတ် ပင်လယ်ဆိုင်ရာ ပထမဆုံးနိုင်ငံရေး စာတမ်းတစ်ရပ်ဖြစ်တဲ့အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နိုင်ငံရေး ကတိကဝတ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံ-တရုတ်ဆွေး နွေးဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူး ဖြစ်တာမို့ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံနှင့် အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် လျက်ရှိပါတယ်။ DOC အကောင်အထည် ဖော်ရေးမှာ အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး(JWG-DOC)နဲ့ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM-DOC) ဆိုပြီး လုပ်ငန်းစဉ်များ ရှိပါတယ်။ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (OM-DOC) မှာ တရုတ်နိုင်ငံနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဆောင်ရွက်ပြီး အာဆီယံ-တရုတ် ပူးတွဲ လုပ်ငန်း အဖွဲ့အစည်းအဝေး(JWG-DOC)မှာ တရုတ်နိုင်ငံနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်က ဆောင်ရွက်လျက်ရှိပါတယ်။
ကမ္ဘာ့ကပ်ရောဂါရဲ့ စိန်ခေါ်မှုများ ရှိခဲ့သော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ တရုတ် နိုင်ငံအနေဖြင့် DOC အပြည့်အ၀ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ်၊ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နိုင်ငံ တကာဥပဒေနှင့်အညီ ထိရောက်၍ အနှစ် သာရပြည့်ဝတဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်ရေးအတွက် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး(COC)ညှိနှိုင်းမှုကို တစ်ဆင့်ပြီး တစ်ဆင့် ပြန်လည်စတင်ခြင်းမှ တစ်ဆင့် ထိရောက်၍ အနှစ်သာရပြည့်ဝတဲ့ COC အပြီးသတ်ရေးအတွက် အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် လုပ်ငန်းအဖွဲ့ အစည်းအဝေး (၅)ကြိမ်ကို ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများမှာ တိုးတက်မှုများရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ဆွေးနွေးဖက်တရုတ်နိုင်ငံနဲ့ ကျင်းပတဲ့ အစည်းအဝေးမှာ အာဆီယံနှင့် တရုတ်နိုင်ငံအနေဖြင့် COC ဆွေးနွေးညှိနှိုင်းမှုကို အရှိန်မြှင့်တင်ရန် ပြင်းပြတဲ့ ရည်မှန်းချက်ကို ထပ်လောင်းခိုင်မာစေပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (COC)ရဲ့ တစ်ခုတည်းသော ညှိနှိုင်းစာသားကို ဒုတိယအကြိမ်ဆွေးနွေးခြင်းကို ဆောလျင်စွာ အပြီးသတ်ဖို့ မျှော်မှန်းခဲ့ကြပါတယ်။ ဆွေးနွေးမှုမှာ တောင်တရုတ် ပင်လယ်ဆိုင်ရာကျင့်ထုံးရဲ့ တစ်ခုတည်းသော ညှိနှိုင်းစာသား၏ အထွေထွေပြဋ္ဌာန်းချက်၊ အခြေခံတာဝန်ယူ ဆောင်ရွက်ရမယ့် ကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပါတယ်။
DOC အကောင်အထည်ဖော်ရေးနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (COC)ညှိနှိုင်းမှုကို အရှိန်မြှင့်တင်ဖို့ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုလည်း မြန်မာနိုင်ငံက ပြုစုဖြန့်ဝေပေးခဲ့ပါတယ်။ လုပ်ငန်းစီမံချက်အောက်မှာ အဏ္ဏဝါသိပ္ပံသုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် အဏ္ဏဝါ သိပ္ပံသုတေသန သင်တန်းတို့ကို ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်သည် တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများလိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) လက်မှတ်ရေးထိုးခြင်း နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခါသမယဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုနှင့် ကြိုးပမ်းမှုအောက်မှာ အာဆီယံနဲ့ တရုတ်နိုင်ငံအနေဖြင့် DOC နှစ်(၂၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပူးတွဲကြေညာချက် ညှိနှိုင်းမှုမှာ တူညီဆန္ဒရရှိခဲ့ပြီး အဆိုပါပူးတွဲကြေညာချက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။
DOC လက်မှတ်ရေးထိုးခြင်း နှစ်(၂၀)ပြည့် နှစ်ပတ်လည်အခါသမယကို ဆင်နွှဲတဲ့ အနေနဲ့ DOC နှစ်(၂၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အလုပ်ရုံ ဆွေးနွေးပွဲတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှာလည်းကောင်း အွန်လိုင်းနဲ့ အော့ဖ်လိုင်းပုံစံ(၂)မျိုးဖြင့် အောင်မြင်စွာ ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ များမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲ တမ်းအတွင်းဝန် ဦးချမ်းအေးက အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်က Moderator အဖြစ် ဆောင်ရွက်ခြင်း၊ COC ဆွေးနွေးခြင်းအပိုင်းမှာ Speaker အဖြစ် ဆောင်ရွက်ခြင်းတို့ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်ရလဒ်များ ဖြစ်စေမယ့် COC ဆွေးနွေးမှုလုပ်ငန်းစဉ်မှာ ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းများကို မျှဝေဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်က အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ထိပ်သီးအထူးအစည်းဝေးမှာ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးကို အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (CSP)အဖြစ် တည်ထောင်ပြီး ဖြစ်ပါတယ်။ အာဆီယံ-တရုတ် ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးနဲ့ DOC အကောင် အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်မှုမှ တစ်ဆင့် အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး COC ဆိုင်ရာ ညှိနှိုင်းစာသားကို ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးခြင်း (Second reading of the Single Draft Negotiating Text of the COC)မှာ တိုးတက်မှုများ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ယင်းသို့ ဆောင်ရွက်ပေးရာမှာ အာဆီယံနဲ့ တရုတ် နိုင်ငံ နှစ်ဖက်စလုံးမှ လိုက်လျောညီထွေမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပေးအယူမျှတမှု တို့ဖြင့် ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေးသွားဖို့ရှိပါတယ်။
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ အာဆီယံ အဖွဲ့အတွက် တရုတ်နိုင်ငံရဲ့ အရေးပါမှုကို ဘယ်လို သုံးသပ်နိုင်ပါသလဲ။
ဖြေ - တရုတ်ဟာ အာဆီယံရဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်သလို အာဆီယံဟာ တရုတ်အတွက် အရေးကြီးတဲ့ မိတ်ဖက် အဖွဲ့အစည်းဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးရဲ့ အာဆီယံ၏ အတက်ကြွဆုံးနဲ့ အနှစ်သာရအရှိဆုံး ဆွေးနွေးဖက် ဆက်ဆံရေးများ အနက်တစ်ခုဖြစ်ပြီး အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံထဲမှာ တရုတ်ဟာ ဘက်စုံ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး(CSP)ပထမဆုံး ထူတောင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတို့ဟာ ၂၀၂၁ ခုနှစ်မှာ အာဆီယံရဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(CSP)နိုင်ငံများ ပထမဆုံး ဖြစ်လာကြပြီးနောက်မှာ အခြားဆွေးနွေးဖက်နိုင်ငံ များကလည်း အာဆီယံနဲ့ CSP ဆက်ဆံရေး ထူထောင်ဖို့ အဆိုပြုလာကြခြင်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာဆီယံကို ဦးစားပေးနေရာထားရှိပြီး အိမ်နီးချင်း ကောင်းဆက်ဆံရေး ထားရှိပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၃ ခုနှစ်မှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC)သို့ ပထမဆုံး ဝင်ရောက်ခဲ့တဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်ပါတယ်။ အခုနှစ် ၂၀၂၃ မှာဆိုရင် တရုတ်နိုင်ငံက TAC သို့ ဝင်ရောက်ခဲ့တဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည် အခါသမယဘဲဖြစ်ပါတယ်။ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(TAC)သို့ တရုတ်နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဟာ TAC ကို ဒေသတွင်းနိုင်ငံများ အကြားဆက်ဆံရေး(inter-state relations) အတွက် ကျင့်ထုံး(Code of Conduct) အဖြစ် TAC ရဲ့ အရေးပါမှုကို များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ အလားတူ တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှ နျူးကလီးယားကင်းမဲ့ဇုန် သဘောတူစာချုပ်မှာ ချွင်းချက်မထားဘဲ လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာလည်း အာဆီယံနဲ့ တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်မှစတင်လို့ အပြန်အလှန် ကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်ကြပြီး ၂၀၂၁ ခုနှစ်မှာ အာဆီယံနဲ့တရုတ် အကြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၆၉ ဘီလီယံအထိ ရောက်ရှိခဲ့လို့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှ အာဆီယံ ကို စီးဆင်းတဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံအထိရှိပါတယ်။ နှစ်ဖက် စီးပွားရေး အခွင့်အလမ်းများကို မြှင့်တင်ဖို့ အာဆီယံ-တရုတ်ကုန်စည်ပြပွဲကိုလည်း တရုတ်နိုင်ငံ နန်နင်းမြို့မှာ နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။
ဒါ့အပြင် အာဆီယံနဲ့တရုတ်အကြား ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် နည်းလမ်းရှာဖွေဖို့၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍတို့မှာ အပြန်အလှန် ဖလှယ်ခြင်းဖြင့် နားလည်မှုနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ဖို့ အတွက် အာဆီယံ-တရုတ် ဗဟိုဌာနကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ထားတဲ့ အတွက် အာဆီယံနဲ့တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိရုံသာမက အပြန်အလှန် နားလည်မှုရရှိခြင်းမှ ချစ်ကြည်ရင်းနှီးမှု တိုးတက်တည်ဆောက်နိုင်တဲ့ အကျိုးကျေးဇူးများ ရရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ ပထဝီအနေအထားအရ ထိစပ်လျက်ရှိနေတဲ့ အာဆီယံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ်။
ယမန်နှစ်က (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံ-တရုတ် သာတူ ညီမျှစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲကြေညာချက်မှာလည်း အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ သဘောထားအမြင် (AOIP)ရဲ့ ဦးစားပေးကဏ္ဍများမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို အားပေးထောက်ခံဖို့ သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ထိလွယ်ရှလွယ်ရှိပြီး အလွန်သိမ်မွေ့တဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း တောင်တရုတ်ပင်လယ်ကို အေးချမ်းတည်ငြိမ် သာယာဝပြောတဲ့ ပင်လယ်ပြင်အဖြစ် ထိန်းသိမ်းနိုင်ဖို့ DOC အကောင်အထည်ဖော်ရေးနဲ့ တောင် တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်နိုင်ရေးအတွက် အာဆီယံအနေနဲ့ တရုတ်နိုင်ငံနှင့် ဆက်လက် ပူပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
ဒီလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အပြန်အလှန် အကျိုးစီးပွားအတွက် မျှဝေကာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြရတာမို့ တရုတ်နိုင်ငံဟာ အာဆီယံအတွက် အရေးပါသလို အာဆီယံဟာလည်း တရုတ်အတွက် အရးပါတယ်လို့ မိမိအနေနဲ့ သုံးသပ်ရခြင်း ဖြစ်ပါတယ်။