တပေါင်းလရာသီ သရဖီပန်းနှင့်ကျန်းမာရေး
မြန်မာပြက္ခဒိန်တွင် လပေါင်းဆယ့်နှစ်လရှိရာ တပေါင်းလသည် ဆယ့်နှစ်လမြောက်ဖြစ်၍ လတကာတို့၏ နောင်တော်ဟု ဆိုနိုင်ပါသည်။ တပေါင်းဟူသောအမည်ကို ပုဂံခေတ်က တပေါင်လဟူ၍ ရေးခဲ့ကြပြီး ပူပြင်းခြင်းအနက်ဖြစ်သော တပဟူသည့် ပါဠိဝေါဟာရမှ ဆင်းသက်လာကာ တပမှ တပေါင်းဖြစ်လာသည်ဟု ဆိုကြသည်။ ထန်းပင်လုပ်ငန်းကိုအစွဲပြု၍လည်း တပေါင်းလဟု ခေါ်ဆိုကြသည်။ တဟူသောအဓိပ္ပာယ်မှာ တန်း၊ ထန်း၊ ထန်းပင်ဖြစ်၍ ပေါင်းဟူသောအဓိပ္ပာယ်မှာ ချက်သည်၊ ကျိုသည် ဖြစ်သည်။ ထို့ကြောင့် တပေါင်းလဟူသောအဓိပ္ပာယ်မှာ ထန်းချက်သမားများ ထန်းရည်ကျိုသောလ၊ ထန်းချက်သောလဖြစ်သည်။
တချို့က ထန်းပေါင်းလဟုလည်း ခေါ်ဆိုကြသည်။ အကြောင်းမှာ ထန်းပင်ဖိုမှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသောသီးနုရည်တို့ကို ပေါင်းစပ်ချက်သဖြင့် ထန်းဖိုရည်နှင့်ထန်းမရည် ပေါင်းစပ်ကျိုချက်သောလဖြစ်၍ ထန်းပေါင်းလဟုခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဆယ့်နှစ်လရာသီ နောက်ဆုံးလသည် တပေါင်၊ တပ၊ ထန်းပေါင်း၊ ထပေါင်း၊ တပေါင်းဟူ၍ အမည်ငါးမျိုးခေါ်တွင်သော လတစ်လ ဖြစ်ပေသည်။
တပေါင်းလရာသီ သရဖီအကြောင်းသိကောင်းစရာ
မိန်ရာသီ တပေါင်းလတွင် ဥတ္တရဘရဂုဏ္ဏနက္ခတ်သည် လမင်းသော်တာနှင့်ယှဉ်ပြိုင်ပြီး ထွက်ပေါ်လာသည်။ ရာသီပန်းမှာ သရဖီပန်း ဖြစ်သည်။ သရဖီပင်သည် ပုန်းညက်ပင်နှင့်မျိုးတူသည်။ သရဖီပန်း၏ အင်္ဂလိပ်အမည်မှာ Calophyllum amoenum ဖြစ်သည်။ သိပ္ပံနည်းအရ ယခင်က Guttiferae ဟုခေါ်ဆိုပြီး ယခုအခါ Calophyllaceae မျိုးရင်းတွင်ပါဝင်သည်။
ရုက္ခဗေဒအမည်အရ ယခင်က Calophyllum spectabile ဟုခေါ်ဆိုပြီး ယခုအခါ Calophyllum tacamahaca ဟုခေါ်ဆိုသည်။ တချို့ဒေသ၌ Calophyllum polyanthum ဟုလည်းကောင်း၊ Calophyllum kunstleri ဟုလည်းကောင်း၊ Calophyllum rigidum ဟုလည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြသည်။
သရဖီပင်သည် ပူအိုက်သောရာသီဥတုရှိသည့်ဒေသများ၌ ကောင်းစွာရှင်သန်ကြပြီး တနင်္သာရီတိုင်းဒေသကြီး အမြဲစိမ်းတောများ၌ အများအပြား ပေါက်ရောက်သည်။ ဝေါဟာရလီနတ္ထဒီပနီအရ သရဖီဟုခေါ်ဝေါ်ခြင်းသည်သုရာဘိသဒ္ဒါမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သုရာဘိသဒ္ဒါပါဌ်တွင် ဥသရကျေ၍ သရဘီဟုခေါ်တွင်ရာမှ သရဖီဟု ရေးသားခေါ်ဝေါ်လာကြသည်။ မှတ်တမ်း တချို့တွင်မူ တောင်ပုန်းညက်ပင်ဟုလည်း ဖော်ပြထားသည်။ တနင်္သာရီတိုင်းဒေသကြီး၌ ပန်းတကာ (ခေါ်) သရဖီတစ်မျိုးလည်း ရှိသေးကြောင်း သိရသည်။
သရဖီပင်သည် ပုန်းညက်ပင်နှင့်အနေအထားတူသဖြင့် လူတချို့က အမှတ်မှားတတ်ကြသည်။ သို့သော် ပင်စည်ဖြောင့်မတ်၍ အမြင့်ပေ ၇၀ - ၈၀ အထိရှိပြီး လုံးပတ်ခုနစ်ပေခန့်ရှိသည်။ အရွက်များသည် ပုန်းညက်ရွက်ကဲ့သို့ ချောမွတ်ပြောင်လက်သည်။ အလျား ၄ - ၆ လက်မအထိရှိသည်။ ပုန်းညက်ရွက်ကဲ့သို့ပင် ထူ၍သားရေကဲ့သို့မာကျောပြီး ရွက်နားညီသည်။ ရှည်ရှည်ဝိုင်းဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ပုန်းညက်ရွက်နည်းတူ အလယ်အကြောမမှ အကြောငယ်များ ထင်ရှားစွာ ယှဉ်ပြိုင်ထွက်ပေါ်နေသည်။ ပုန်းညက်နှင့် ခြားနားသော တခြားအချက်တစ်ခုမှာ အပွင့်ပွင့်ပုံမတူခြင်းဖြစ်သည်။ သရဖီကပုန်းညက်ကဲ့သို့ အခိုင်လိုက်မပွင့်ဘဲ အကိုင်းအခက်များမှ အပွင့်လေးများ တစ်ပွင့်ချင်းထွက်ပွင့်သည်။ အပွင့်ညှာတံတို၍ အပွင့်ကျဲသည်။
အပွင့်လေးများသည် ကံ့ကော်ပွင့်အသေးစားလေးများနှင့်ဆင်တူ၍ ဝတ်ဆံအဝါရောင်ရှိသော အဖြူပွင့်လေးများဖြစ်သည်။ သင်းပျံ့ သောရနံ့ရှိပြီး လှပသော သရဖီပန်းလေးများကို အမျိုးသမီးများ ပန်ဆင်ရန်နှစ်သက်ကြသည်။ ရှေးမြန်မာစာဆိုကြီးများသည် တပေါင်းလရာသီဘွဲ့များတွင် သရဖီပန်းအကြောင်းကို အောက်ပါအတိုင်း အမျိုးမျိုးအစုံစုံထည့်သွင်းစပ်ဆိုခဲ့ကြသည်။
အမျိုးသမီးစာဆိုတော်မယ်ခွေ၏ ဆယ့်နှစ်ရာသီ အဲချင်း ၁၂ ပုဒ်အနက် တပေါင်းလဘွဲ့တွင် နွေဦးမှတိမ်ခ၊ တောတောင်တလီ၊ မှိုင်းဝေရီနှင့်၊ ကတ္တီပါပေါင်း၊ ရွက်သစ်ကယ်လောင်း၊ ရွက်ဟောင်းပျံလို့၊ ခက်ရံမှဝေေ၀၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ခြွေသည်၊ တောင်လေပြည်မုန်တိုင်းနှင့်၊ ရေလှိုင်းသံတိုးဟု စပ်ဆိုခဲ့သည်။
စာဆိုတော်ကြီးဦးမင်း၏ တပေါင်းလဘွဲ့လေးချိုးတွင်မူ ယခေါင်စဉ်ရှည် သဲစေတီတည်မြဲမို့၊ ရှစ်မည်က မြူချည်လျှင်၊ သရဖီရွှေ လိုဝင်းလို၊ အင်ကြင်းသန္တာညွန့်တို့၊ ဖူးကွန့်ကိုက်လှယ်ဟူ၍ သရဖီပန်းလေးများ၏ ထင်ပေါ်သော ဝတ်ဆံအဝါရောင်ကို ရွှေရောင်နှင့် ခိုင်းနှိုင်းစပ်ဆိုခဲ့သည်။
သရဖီပန်းနှင့် ကျန်းမာရေး
သရဖီပန်းရနံ့က အမူးအမော်ပြေစေသည်။ ထို့ကြောင့် မူးဝေခြင်းနှင့် အလွန်ပူသော သည်းခြေနာတို့ကိုကုသရန် တိုင်းရင်းသမားတော် ကြီးများက သရဖီပန်းကို အသုံးပြုလေ့ရှိကြသည်။ အဆစ်အမျက်ရောင်ကိုက်နာ၊ ခေါင်းကိုက်နာနှင့် အပူလွန်ရောဂါများကုသရာတွင် သရဖီပန်း၊ အဖူးနှင့်အသီးများကို ထည့်သွင်းအသုံးပြုကြသည်။ သရဖီရွက်နှင့် ပွင့်ချပ်များမှထွက်ရှိသော အဆီဓာတ်ကလည်း ခန္ဓာကိုယ်ပြင်ပ ရောင်ရမ်းနာများကို သက်သာစေသည်။
သရဖီပင်နှင့် တခြားအသုံးပြုမှုများ
သရဖီပန်းအစေ့က ဦးရေပြားနှင့် ဆံသားကျန်းမာရေးအတွက် ကောင်းကျိုးပြုသဖြင့် တချို့နိုင်ငံများ၌ သရဖီပန်းအစေ့ကိုအခြေခံ၍ အမျိုးသားခေါင်းလိမ်းဆီအဖြစ် ထုတ်လုပ်ကြသည်။ အထူးသဖြင့် ဟာဝိုင်ယီဒေသမှထွက်ရှိသော Tamanu oil (ခေါ်) သရဖီပန်း အစေ့ခေါင်းလိမ်းဆီကို လူကြိုက်များကြသည်။ ထို့ပြင် ရေစိုခံခရင်မ်၊ အလှဆီ၊ အကြောပြေ လိမ်းဆေးအဆီစသည့် အလှကုန် ပစ္စည်းများနှင့် ဆေးဝါးတချို့ဖော်စပ်ရာတွင်လည်း သရဖီပန်းအစေ့ကို ထည့်သွင်းအသုံးပြုကြသည်။
သရဖီပင်၏အသားသည် ညိုသည်၊ အတော်အသင့်မာသည်။ အကြောအမျှင်များ သိပ်သည်းလျက် ပြုပြင်ရလွယ်သော သစ်ပင်မျိုး ဖြစ်သည်။ သို့သော် သရဖီသားကို သာမန်နည်းဖြင့်အခြောက်ခံ၍ အသားသေအောင်ပြုလျှင် ကောက်ကွေးတတ်သောကြောင့် ပေါင်းဖိုတွင် အခြောက်ခံမှသာလျှင် သစ်ကောင်းရရှိနိုင်သည်။သရဖီသားကို လှေစပ်ခြင်း၊ သင်္ဘောဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ လှေရွက်တိုင်၊ လှည်းထမ်းပိုး စသည်တို့ပြုလုပ်ရာတွင် အသုံးပြုကြသည်။ ရှေးကျသော ဖိလစ်ပိုင်ကျွန်းစွယ်၌ သရဖီစေ့မှ အဆီကို ထုတ်ယူ၍ ထိုအဆီကို မီးအိမ်လောင်စာဆီအဖြစ် သုံးစွဲကြသည်။
သရဖီပင်၏ ပင်စည်မှထွက်ရှိသော အညိုရောင်အစေးက သားရဲတိရစ္ဆာန်များအတွက် အဆိပ်အတောက် ဖြစ်စေသည်။ ထို့ကြောင့် ရှေးယခင်က တောင်ပစိဖိတ်ဒေသရှိမုဆိုးများက လေး၊ မြားတံထိပ်ဖူး၌ သရဖီပင်၏ အစေးကိုသုတ်လိမ်း၍ အမဲလိုက်ရာတွင် အသုံးပြုခဲ့ကြသည်။ သရဖီပင်၏ အရွက်မှထွက်ရှိသော ဓာတ်ပေါင်းတစ်မျိုးကလည်း ရေနေသတ္တဝါတို့ကို သေစေနိုင်သဖြင့် ရှေးခေတ်လူသားများက ငါးဖမ်းဧရိယာအတွင်း သရဖီရွက်ကိုခူးခြေထည့်၍ ငါးများကိုအလွယ်တကူ ဖမ်းဆီးခဲ့ကြကြောင်း လေ့လာ သိရှိရသည်။
အချုပ်အားဖြင့်ဆိုရသော် ဆယ့်နှစ်လရာသီများတွင် လတကာတို့၏နောင်တော်၊ သာယာမှုအပေါင်းတို့၏ ထိပ်ခေါင်ဖြစ်သော တပေါင်းလတွင် သဲပုံစေတီပွဲသာမက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားစေတီပုထိုးများ၌ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲများလည်း ကျင်းပကြသည်။ ဗုဒ္ဓပူဇနိယပွဲနှင့်တွဲဖက်၍ ဆွမ်းကြီးလောင်းပွဲ၊ ပဋ္ဌာန်းပွဲ စသည်တို့ကိုပါ ကျင်းပလျက်ရှိရာ တပေါင်းလသည် မြန်မာတို့အတွက် ဒါန၊ သီလ စသည်တို့ကိုပေးသောလဖြစ်သဖြင့် မွန်မြတ်သောလဖြစ်သည်။
သို့ဖြစ်ပါ၍ တပေါင်၊ တပ၊ ထန်းပေါင်း၊ ထပေါင်း၊ တပေါင်းဟူ၍ အမည်ငါးမျိုးခေါ်တွင်သော ထူးခြားလှပလမြတ်ကာလတွင် နေခြည်မှာလည်း တဝင်းဝင်း၊ ညအမှောင်မှာလည်း တဝင်းဝင်းဖြင့် တသင်းသင်းကြိုင်နေသော သရဖီပန်းများကိုဆွတ်ခူး၍ ဘုရားလည်းတင်၊ ခေါင်းတွင်လည်းပန်ဆင်ကြကာ မူးမော်ပြေပျောက် စိတ်ရွှင်လန်းဆန်းကြပါစေကြောင်း ရေးသားတင်ပြလိုက် ရပါသည်။
ပေါက်ပေါက်