အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မတ် ၆ ရက်)
သာယာမှုအပေါင်း လွန်ခညောင်းသည့် လတပေါင်း
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအပေါင်းတို့သည် အလှူရေစက်လက်နှင့်မကွာဆိုသည့်အတိုင်း ဆယ့်နှစ်လ ရာသီပတ်လုံး အလှူဒါနပြုလျက်ရှိသည်။ နှစ်ဦးတန်ခူးမှသည် နှစ်ကုန်တပေါင်းရောက်သည့်တိုင် မွန်မြတ်သောစေတနာ သဒ္ဓါတရား တို့ဖြင့် ကောင်းမှုကိုမြတ်နိုးလျက်ရှိကြသည်။
တပေါင်းလသည် မြန်မာနိုင်ငံအတွက် အထူးကောင်းမွန်ခြင်းနှင့် ပြည့်စုံသောလဖြစ်ပေသည်။ တပေါင်းလတွင် အနယ်နယ် အရပ်ရပ်ရှိ ဘုရားစေတီပွဲတော်များ ကျင်းပလျက်ရှိပေရာ ပြည်သူတို့၏ စိတ်နှလုံးကိုရွှင်ပြုံး စေသောလဟုဆိုနိုင်သည်။ ထို့အတူ တပေါင်းလသည် တပ်မတော်နှင့်ပြည်သူတို့ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲအောင်မြင်ခဲ့သော အချိန်အခါလမြတ်လည်း ဖြစ်သည်။ ဘာသာသာသနာတော်တည်တံ့ခိုင်မြဲရေး၊ ထွန်းကားပြန့်ပွားရေးအတွက် တပ်မတော်နှင့်ပြည်သူတို့ ထာဝရလက်တွဲ ဆောင်ရွက်ခဲ့ သည့် အောင်ပွဲသည် တပေါင်းလတွင်ဖြစ်ပေါ်ခဲ့သည်။ မြန်မာတို့၏ မျိုးချစ်စိတ်အလှသဘာဝကို တပေါင်းလနှင့်အတူ ယှဉ်တွဲမြင် နိုင်သည်။
နွေဥတုလေးလတွင် အဦးအစဖြစ်သော (တပေါင်းလပြည့်ကျော်တစ်ရက်မှ တန်ခူးလပြည့်အထိ) နွေလအတွင်း၌ ပင်တိုင်းပင်တိုင်း ပင်လုံးကျွတ်ပွင့်လျက်ရှိသော တောအုပ်သည် အသရေရှိလှသကဲ့သို့ ထိုတောအုပ်နည်းတူ အသရေရှိလှသော၊ နိဗ္ဗာန်သို့လည်း ရောက်စေ တတ်သော ပရိယတ္တိတရားတော်ကို မြတ်သောလောကုတ္တရာ အကျိုးစီးပွားအတွက် မြတ်စွာဘုရားဟောကြား တော်မူခဲ့ လေပြီ။ ယင်းသို့ဟောကြားတော်မူသော ဒေသနာတော်ရှင် ဘုရားရတနာသည်လည်း မွန်မြတ်လှပေ၏။ ဤသို့မှန်သောသစ္စာစကား ကြောင့် သတ္တဝါအပေါင်းအား ကောင်းသောစီးပွားချမ်းသာ ဖြစ်ပါစေသတည်းဟူ၍ ရတနသုတ်ပါဠိတော်တွင် ဟောကြားတော် မူထားသည်။ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏ သာယာပုံကို အလေးအနက်ဖော်ညွှန်းလျက်ရှိသည်။
ထို့ပြင် တပေါင်းလသည် ရာသီဥတုသာယာကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကိုလျှောက်ထားသည့်ဂါထာများတွင် တပေါင်းလ၏ သာယာပုံများကို သရုပ်ဖော်ထားပါသည်။ ထိုဂါထာများကို မြန်မာမှုပြုကာ ပြန်လည်ရေးဖွဲ့သော အင်းဝခေတ်စာဆိုရှင် ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏ သာယာပုံအဖွဲ့ကောင်းများစွာပါဝင်သည်။ ထိုသဘောများနှင့်အညီ မြန်မာစာဆိုတို့သည် တပေါင်းလကို လတကာတို့ ထက်သာလွန်သော ပြိုင်ဘက်ကင်းသော နောင်တော်လအဖြစ်ရှုမြင်ကာ တပေါင်းသာခေါင် လများနောင် ဟုဖွဲ့ဆိုခဲ့ကြသည်။ ဖွဲ့လည်းဖွဲ့လောက်ပါသည်။ သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်၊ လွမ်းဖွယ့်မြိုင်ခြေ၊ မြူခိုးဝေခဲ့ဟူသောတောလားအဖွဲ့မှ ပန်းချီကွက်ကလေး၏အလှ၊ အင်ကြင်းသရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ်ချွေသည်၊ တောင်လေပြေမုန်တိုင်းနှင့်၊ ရေလှိုင်းသံတိုးဟူသော မယ်ခွေ၏ အဲချင်းအဖွဲ့မှ အမြင်အာရုံရော၊ အသံအာရုံရောပါထင်ဟပ်နေသည့် သရုပ်ဖော်ကွက်ကလေး၏ အလှ၊ ပရှိန်းငယ်မြလျှံ၊ ဝါရွှေငယ်ကျံသည်၊ လေပြန်လောင်းသုတ်၊ ရွက်ညောင်းငယ်ပြုတ်လို့၊ ကျေးနှုတ် ကယ်သစ်ဆင်၊ ပုရစ်ပုံမြင်သောခါဟူသော ဖိုးသူတော်ဦးမင်း၏ လေးချိုးအဖွဲ့မှ ရွက်သစ်ပြောင်း၊ ရွက်ဟောင်းကြွေပုံ သရုပ်ဖော်ကွက် လေး၏အလှတို့ကို နမူနာကြည့်ရုံနှင့် တပေါင်းလ၏အလှကွက်များကို မြင်ယောင်မှန်းဆနိုင်ပေသည်။ တပေါင်းလ၏သာယာပုံကား စာဖွဲ့လို့ ကုန်နိုင်ဖွယ်ရှိမည် မဟုတ်ပါ။ တပေါင်းလသည် မြန်မာတို့အတွက် ကုသိုလ်ထူးအကျိုးပြုသော လဟုဆိုလျှင် မှားမည် မဟုတ်ပါ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ တေရသမအစည်းအဝေးကို ၁၃၈၄ ခုနှစ် တပေါင်းလဆန်း ၇ ရက်နှင့် ၈ ရက်တို့တွင်လည်းကောင်း၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ ပဉ္စမအစည်းအဝေးကို တပေါင်းလဆန်း ၁၀ ရက်မှ ၁၂ ရက်အထိလည်းကောင်း ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ကျင်းပခဲ့သည်မှာလည်း ဘာသာရေးအရ ထူးခြားလေးနက်မှုဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တပေါင်းလဆန်း ၁၃ ရက်(မတ် ၃ ရက်) တွင် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် တပေါင်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း ကောင်းမှုပြုကြသည်။ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းတွင် ဆရာတော် သံဃာတော်များနှင့် သီလရှင်များသာမက လူပုဂ္ဂိုလ်များကိုလည်း ဘွဲ့ထူးဂုဏ်ထူး အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည့် အတွက် သဒ္ဓါကြည်ဖြူနှစ်လိုဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် သာသနာတော်သန့်ရှင်းရေး၊ သာသနာတော်တည်တံ့ရေး၊ သာသနာ တော် ပြန့်ပွားရေးဟူသောဦးတည်ချက်သုံးရပ်ဖြင့် သံဃာတော်များက ဦးစီးဦးဆောင်ပြုနေသလို ဒါယကာ၊ ဒါယိကာမအပေါင်း တို့ကလည်း ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းလျက်ရှိနေကြသည်မှာ မြန်မာနိုင်ငံ၏ ထူးခြားချက်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် သာယာမှုအပေါင်းလွန်ခညောင်းသည့် လတပေါင်း အခါသမယသည်ကား ကုသိုလ်ကောင်းမှုများဖြင့် စည်ကားများပြား လျက်ရှိပါ ကြောင်း ရေးသားလိုက်ရပေသည်။ ။