လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို) များ (၁၇၆)
ဆရာကြီးရှင့်။ ကျွန်မအမျိုးသားက ဆီးထဲမှာသွေးပါလို့ တောဆီးဖြူသုံးခွက်တစ်ခွက်တင်ကျိုတိုက်တာ တစ်ရက်တည်းနဲ့တော့ ပျောက်သွားဖူးပါတယ်။ ဒါပေမဲ့ အခုပြန်ဖြစ်နေလို့ အနီးစပ်ဆုံး ဆီးထဲမှာသွေးပါတာ ရပ်စေမယ့် ဆေးနည်းတိုလေးပေးပါလို့ အကူအညီ တောင်းပါတယ်။
ဆီးထဲမှာသွေးပါရင် မာလကာရွက်ပြုတ်ရည် မတ်ခွက်တစ်လုံးမှာ သကြားသုံးဇွန်းထည့်သောက် ပါ။ စံပယ်ပွင့်ခြောက် ဒါမှမဟုတ် စံပယ်ရွက်ကို ပြုတ် သောက်ရင်လည်းရပါတယ်။ တောဆီးဖြူပင်ရရင်လည်း ပြုတ်သောက်ပါ။ အဓိကကတော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိနေလို့ သွေးပါတာပါ။ ဆေးရုံ၊ ဆေးခန်းမှာ စနစ်တကျစစ်ဆေးကုသပါ။
ဆရာကြီးခင်ဗျာ။ ကျွန်တော်က မျက်စိခွဲရမှာဖြစ်လို့ ခွဲပြီးရင် မတည့်တဲ့အစားအသောက်တွေကို သိချင် လို့ပါဆရာ။ အနာအမြန် ကျက်ချင်လို့ပါ။ ကျွန်တော်က စက်ချုပ်တော့ ခေါင်းငုံ့ပြီး မျက်စိအာရုံစိုက်လုပ်ရတဲ့ အလုပ်ကို လုပ်ရသူဖြစ်ပါတယ်။
သွေးတိုးစေမယ့် ငါးပိ၊ ငါးခြောက်တွေ မစားပါနဲ့။ ခွဲစိတ်ပြီး မျက်စိမယားအောင် ပုစွန်နဲ့ ပင်လယ်စာတွေ မစားပါနဲ့။ ခွဲခါနီးမှ ဆီးချို၊ သွေးချိုတက်လို့ မခွဲရတဲ့ သူတွေလည်းရှိတာကြောင့် အချိုအဆိမ့်တွေ လွန်ကဲစွာ မစားမိဖို့လည်းသတိပြုပါ။ ကျန်တဲ့အသီးအရွက်၊ ငါး၊ ကြက်ဥ စတာတွေစားလို့ရပါတယ်။ ခွဲပြီးရင် အနေ အထိုင်အစားအသောက်ရှောင်ရမှာတွေကိုတော့ ဆရာ ဝန်ညွှန်ကြားမှာပါ။
ဆရာကြီးရှင့်။ ကျွန်မအသက် ၇၀ ထဲမှာပါ။ ကျွန်မနားထဲမှာ လေတွေဆူညံနေလို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အားနည်းလို့ နားလေထွက်တာမဖြစ်ရ အောင် နံနက်စာကိုလည်း ပြည့်ပြည့်၀၀စားပါတယ်။ ဒါပေမဲ့ နားထဲက ဆူညံသံတွေ မပျောက်ဘူးဖြစ်နေ ပါတယ်။ အထူးသဖြင့် ဘုရားစာရွတ်ဖတ်ချိန်မှာ ပေါ် လာတော့ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီလိုဖြစ်တာ တွေ ပျောက်ကင်းဖို့ အတွက် ဆေးနည်းလမ်းညွှန်ပေး ပါဆရာ။
နားအူ၊ နားလေထွက်၊ နားထဲက အသံတွေကြားရင် အားနည်းလို့လည်းဖြစ်တတ်သလို နားထဲမှာ လေခိုနေ ရင်လည်း ဖြစ်တတ် ပါတယ်။ သက်သာပျောက်ကင်းဖို့ အတွက် မုန်ညင်းဆီ ၁၀ ကျပ်သားမှာ ကွမ်းရွက် သုံးရွက်ခြေထည့်ပြီး မီးနဲ့ဆူအောင်ချက်ထားပါ။ အဲဒီ ဆီနဲ့ နားကျပ်ပေးပါ။ နားကျပ်တဲ့အခါတိုင်း ဆီကို ခပ်နွေးနွေးဖြစ်အောင်နွှေးပြီးကျပ်ပါ။ ဒါမှမဟုတ် နားထဲထည့်ပါ။ နားအူ သက်သာစေဖို့ ဓာတ်စာအဖြစ် ကြောင်လျှာသီးကြော်စားပါ။ နွားနို့သောက်ပါ။ ကြောင်လျှာပွင့်ခြောက်ကိုပြုတ်ပြီး အသုပ်ပြုလုပ်စား ရင်လည်း နားလေထွက်တာ သက်သာစေပါတယ်။ စိတ်ကြောင့်လည်း နားထဲမှာ ဆူညံသံ၊ စကားပြောသံ တွေ ကြားရတတ်ပါတယ်။ ဖြစ်နိုင်ရင် ဘုရားစာရွတ်ဖတ် တဲ့အခါ နားထဲကို ဂွမ်းဆို့ထားရင် သက်သာနိုင်ပါ တယ်။
ဆရာကြီးရှင့်။ သမီးက တက္ကသိုလ်ဝင်တန်းကျောင်း သူပါ။ သမီးမှာ ခံတွင်းနံ့နံတဲ့ရောဂါဖြစ်နေပါတယ်။ အထူးသဖြင့် ဝမ်းချုပ်တဲ့ အခါ ပိုဖြစ်ပါတယ်။ သူငယ် ချင်းတွေနဲ့ စကားပြောရမှာတောင် ကြောက်သလိုဖြစ် နေပါတယ်။ ပါးစပ်မနံအောင် ဆားရည်ငုံ ရမယ်ဆိုလို့ မကြာခဏငုံပါတယ်။ ချွေးအောင်းရမယ်၊ ချွေးထုတ်ရ မယ်ဆိုလို့လည်း မကြာခဏချွေးထုတ်ဖူးပါတယ်။ ခံတွင်းနံ့နံတာ ကတော့ ပျောက်မသွားပါဘူး။ သမီး လစဉ်ဓမ္မတာလည်းမှန်မှန်ပေါ်ပါတယ်။ သားစိမ်းငါး စိမ်းတွေလည်း ရှောင်စားပါတယ်။ ပါးစပ်နံတာ ပျောက်ကင်းသက်သာစေမယ့် နည်းများရှိရင် ပြောပြ ပေးပါရှင့်။
ခံတွင်းနံ့နံတာက ကိုယ်တွင်းမှာရှိတဲ့ အပုပ်ဓာတ် တွေရဲ့အနံ့ကို အပြင်မထွက်နိုင်အောင် အရေထူ၊ အရေပါးတွေမှာပိတ်ဆို့ပြီး မပွင့်တဲ့အတွက် ပါးစပ်က တက်လာပြီး နံရတာလို့ သဘာဝဓမ္မဆရာကြီးတွေက ဆိုကြပါတယ်။ ပြီးတော့ အာပေါဓာတ် လွန်ကဲရင်လည်း ပါးစပ်နံတတ်တယ်လို့ သဘာဝဓမ္မဆရာကြီးတွေက ကောက်ချက်ချကြပါတယ်။ အာပေါဓာတ်လွန်ကဲတဲ့ လက္ခဏာ တွေက ရုပ်လေးမယ်၊ ကိုယ်သားကိုယ်ရေ ပူမယ်၊ ပါးစပ်နံမယ်၊ ခေါင်းကိုက်မယ်၊ ချွေးမထွက်ဘဲ နေမယ်၊ ချွေးငုပ်မယ်၊ ကိုယ်သား ကိုယ်ရေကြမ်းခြောက် မယ်၊ အဖုအပိမ့်ထွက်မယ် စတဲ့လက္ခဏာတွေဖြစ်ပါ တယ်။ ခံတွင်းပုပ်တာ၊ နံတာဟာ ကိုယ်တွင်းအဇ္ဈတ္တမှာ အပူ (ဥဏှ) အကြောင်းခံပြီးဖြစ်ရတာပါ။ ဒါကြောင့် ကိုယ်တွင်းမှာသာအပူအောင်းပြီး အထက်ကို အပူအပုပ် တွေတက်မနေအောင် အပူငြိမ်းတဲ့ဆေး၊ အစာမျိုး စားပေးရမယ်လို့ ဆိုပါတယ်။ အပူမထွက်နိုင်အောင် ဒါမှမဟုတ် အအေးပတ်ဖွဲ့မနေအောင် စားရ၊ နေရမယ် လို့ဆိုလိုပါတယ်။ အစားအသောက်မှာ ချုပ်စာ၊ တက်စာ တွေ ရှောင်ရပါမယ်။ သက်စာ၊ ပွင့်စာ စားရမယ်။
ပွင့်စာဆိုတဲ့ဆေးအသုံးအနှုန်းကတော့ အာကာသရတဲ့ အစာမျိုးဖြစ်ပါတယ်။ အဲဒီမှာလည်း အေးပွင့်၊ ပူပွင့် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အကြမ်းအားဖြင့် သမီးရဲ့ခန္ဓာ ကိုယ်က ပိန်ခြောက်ပြီး အသားအရေကလည်း ပူနွေး နွေးဖြစ်နေတာများမယ်ဆိုရင် အေးပွင့်ဖြစ်တဲ့ ကင် ပွန်း၊ ရှောက် စတဲ့အစာမျိုးကို အသင့်အတင့်စားပေးပါ။ မန်ကျည်းမှည့်ကလည်း အေးပွင့်မဟုတ်ပေမယ့် သက်တယ်။ အပုပ်စင်တယ်။ ဒါ့ပြင် အပူအပုပ်အားကြီးလို့ ရုပ်ခြောက်ပြီး သွေးအားနည်းနေရင် ခရမ်းချဉ်သီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး စတဲ့အသီး အနှံတွေကို စားနိုင်ပါတယ်။ ဓာတ်စာအနေနဲ့ ခရမ်းသီးကို မန်ကျည်း မှည့်နဲ့ ရောချက်စားရင် လေနဲ့ဝမ်းသက်ပြီး အပူအပုပ် နိုင်ပါတယ်။ ကျောက်ဖရုံသီး၊ မန်ကျည်းမှည့်ချဉ်ရည် ကလည်း အပူခိုး၊ အပုပ်ခိုးတွေကိုနိုင်ပါတယ်။ သမီးရဲ့ ခန္ဓာကိုယ်က ဝဖြိုးစိုပြည်ပြီး အသားအရေကလည်း အေးစက်နေတာများတယ်ဆိုရင်တော့ ပူပွင့်ဖြစ်တဲ့ ဒန့်သလွန်၊ မျှစ်၊ ပဒဲကော၊ ဥသျှစ် စတဲ့အစာတွေစားပါ။ ရှောက်သီးသုပ်စပ်စပ်စားပါ။ ကြောင်လျှာသီးသုပ်ကို သံပရာရည်ညှစ်စားပါ။ ဆေးနည်းတိုတွေကတော့ ခံတွင်း ပုပ်နံ့နံတဲ့အတွက် ဆူးဖြူခေါက်ကို အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ရေနွေးနဲ့ကျိုပါ။ အဲဒီရေကို ငုံထားပြီး ထွေးပစ်ပါ။ ကြက်မောက်ဆူးပြန်ပင် အမြစ်မှုန့်နဲ့ နေ့စဉ်သွားတိုက်ပေးရင်လည်း ခံတွင်းနံ့ပျောက်တယ် လို့ဆိုပါတယ်။ တိုင်းရင်းဆေးခန်း သုံးဆေးတွေမှာတော့ တိုင်းရင်းဆေးအမှတ် (၁၆) အပူငြိမ်းသွေးဆေးကို နေ့လည်မှာသောက်သုံးပြီး တိုင်းရင်းဆေးအမှတ် (၁၂) စက္ခုပါလ ဆေးကို ညအိပ်ရာဝင်ချိန် သောက်သုံးပေး ပါ။
ဆရာကြီးခင်ဗျာ။ ကျွန်တော်က အသက် ၄၀ ကျော် ပါပြီ။ အညောင်းရောဂါဖြစ်နေပါတယ်။ ကျွန်တော့် ရဲ့အလုပ်က ရွှေပန်းထိမ် အလုပ်ပါ။ အညောင်းများ သလို ရွှေကျိုတဲ့အခါ မီးပူခံရတာတွေလည်းရှိပါတယ်။ ဝမ်းလည်းချုပ်ပါတယ်။ လိပ်ခေါင်းလည်း ရှိပါတယ်။ ဝမ်းနုတ်ဆေး မကြာခဏစားပေးရပါတယ်။ ကျွန်တော် တစ်ပတ်တစ်ခါလောက် အနင်းအနှိပ်ခံပေမယ့် အညောင်း အညာမပျောက်ပါဘူး။ အညောင်းရောဂါ ပျောက်ကင်းစေဖို့ ဆေးနည်းများပေးစေလိုပါတယ်။
အညောင်းရောဂါက အထိုင်များတာ၊ လမ်းလျှောက် နည်းတာ၊ ဆီး၊ ဝမ်း၊ သွေး၊ လေချုပ်တာကြောင့် ဖြစ် တတ်ပါတယ်။ ပုံမှန် အချိန်ယူပြီး နေ့စဉ် ၂ မိုင်လောက် လမ်းလျှောက်ပေးရပါမယ်။ ဝမ်းမှန်အောင် အသီး အရွက်၊ ချဉ်ရည်ဟင်း များများ စားပေး ရပါမယ်။ ညအိပ်ရာဝင်ချိန် ဒူးအထက်ကနေအောက်ကို ရေ လောင်းခြေဆေးပေးတာ၊ ခြေဖဝါးဆားပွတ်ပြီး ရေဆေး ပေးတာတွေ ပြုလုပ်ပေးရင် အပူအပုပ်တွေ အထက် ကိုတက်တာသက်သာပြီး အညောင်းရောဂါသက်သာ စေနိုင်ပါတယ်။ အညောင်းများသူတွေ အနေနဲ့ အနင်း အနှိပ်ခံတာကို အကျင့်မလုပ်ဘဲ မိမိဘာသာ အကြော လျှော့လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ အညောင်း ရောဂါ သက်သာစေတဲ့ ဆေးနည်းတိုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပေးရင် အညောင်း အကိုက်ရောဂါ သက်သာစေပါတယ်။
- ခွေးတောက်ရွက်နဲ့ ကြက်ရိုးကို ဟင်းချိုချက် သောက်ရင် ခါးနာရောဂါနဲ့ အညောင်းရောဂါကို သက်သာစေပါတယ်။
- အညာတမာရွက်ကို အချဉ်တည်ပြီး အတို့အမြှုပ် လုပ်စားရင် အညောင်းရောဂါ သက်သာစေပါတယ်။
- ကြောင်လျှာသီးကို ဟင်းချက်၊ ကြော်စားရင် အညောင်းရောဂါနဲ့ နားအူ၊ နားလေးရောဂါတွေ သက်သာစေနိုင်ပါတယ်။
- ကြက်ဟင်းခါးသီးကို ပါးပါးလှီး၊ ဆန်ဆေးရည်နဲ့ စိမ်ထားပြီး ဟင်းချက်၊ ကြော်စားရင် အညောင်းရောဂါ သက်သာစေပါတယ်။
- လက်ဖက်အသားကို ရေစင်အောင်ဆေး၊ ရှောက် ရည်နဲ့နယ်၊ နှမ်းဆီစိမ်ထားပြီး နေ့စဉ် ကွမ်းသီးလုံးခန့် စားသုံးပေးရင် အညောင်းရောဂါသက်သာစေပါတယ်။
- ရှမ်းဆေးခါးပင်ရဲ့အရွက်ကို ထန်းလျက်နဲ့ ရောကျိုသောက်ရင် အထိုင်များပြီးဖြစ်တတ်တဲ့ အညောင်းရောဂါ သက်သာစေပါ တယ်။
- ပေါင်၊ ခြေသလုံးတွေညောင်းကိုက်ရင် တောရှောက်မြစ်ကို သွေးလိမ်းပေးပါ။
- မုန်ညင်းဆီမှာ ပရုတ်အနည်းငယ်ထည့်၊ အပူ ပေးပြီးလိမ်းပေးရင် အညောင်းအကိုက်သက်သာစေပါတယ်။
- ညအိပ်ရာဝင်ခါနီးတိုင်း ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်ကနေအောက်ကို ရေလောင်းခြေဆေးတာ ပြုလုပ်ပေးရင် အညောင်း ရောဂါနဲ့ ကြွက်တက်ရောဂါ သက်သာစေပါတယ်။
- သင်္ဘောသီးအစိမ်းကို အသားမျှင်ရအောင် ခြစ်ယူ၊ ငရုတ်သီးအစပ်အနည်းငယ်ထည့်ပြီး အသုပ် ပြုလုပ်စားရင် ဇက်ကြောတက်၊ ခေါင်းအုံ၊ ဇက်လေး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
ကြည်လွင်မြင့်(မုဒြာ)