ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်
နေပြည်တော် မတ် ၆
နိုင်ငံတော်အစိုးရမှ စီစဉ်ပေးအပ်လျက်ရှိသော ပညာသင် ထောက်ပံ့ကြေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးနေသည့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေသည့် ကိစ္စသည် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ရေရှည်ကျခံသုံးစွဲရမည့် ကိစ္စဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပညာသင်ထောက်ပံ့ကြေး ကိစ္စ ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အကြား အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့်သက်မွေးပညာရပ် ကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက်တွင် သတ်မှတ်ထားသည့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် “မူ”၊ စိစစ်ရွေးချယ်မှု ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့်အညီ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှု၊ ဆောင်ရွက်ပေးရန် လိုအပ်မှုအခြေအနေများ အပေါ် အကြံပြု ဆွေးနွေးပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံပညာကျောင်း၊ သင်တန်းကျောင်းများ၏ အခြေအနေများကို လည်းကောင်း၊ တစ်ပြေးညီဖြစ်သင့်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များဆိုင်ရာကိစ္စ၊ စိစစ်ရွေးချယ် ပေးအပ်သင့်သည့် အရေအတွက်၊ နှုန်းထားသတ်မှတ်ပေးရေး စသည်တို့ကို လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။