စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်
နေပြည်တော် မတ် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်း စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဦးစွာ ပဲခူးတိုင်းဒေသကြီး ဘုရားကြီး အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိကာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် စာဖြေခန်း အတွင်း၊ အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင် လုံလောက်စွာရရှိရေး၊ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲကို သက်သောင့်သက်သာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခုံများကို စနစ်တကျထားရှိစေလိုကြောင်း၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ဘုရင့်နောင်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် မှော်ဘီမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန်းနှဲအခြေခံပညာ အထက်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာသင်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစေရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများပြီးစီးပါက သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး တို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရသည်။