အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်း-ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုများဆိုင်ရာ အရည်အသွေး ထောက်ခံချက်ထုတ်ပေးသော အဖွဲ့များအတွက် လိုအပ်ချက်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
နေပြည်တော် မတ် ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကြီးမှူး ကျင်းပသော အရည်အသွေး ကိုက်ညီမှု စစ်ဆေးခြင်း - ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုများဆိုင်ရာ အရည်အသွေး ထောက်ခံချက် ထုတ်ပေးသော အဖွဲ့များအတွက် လိုအပ်ချက်များဆိုင်ရာ (ISO/IEC 17065:2012) အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား စံချိန်စံညွှန်း ကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ISO/IEC 17065:2012 သင်တန်းအောင်မြင် ပြီးမြောက်ခဲ့သည့် လူသားအရင်းအမြစ်များသည် စံချိန်စံညွှန်း များနှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရန် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ထို့အတူ အာဆီယံဒေသတွင်း ကုန်သွယ်မှု အတွက် တစ်ခုတည်းသော ဈေးကွက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည်သာမက အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ စက်ရုံများနှင့် အခြားစီးပွားရေး လုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်ကုန်အပေါ် ယုံကြည်ချက် ပြည့်ဝစွာ ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း စသည့် အကျိုးသက်ရောက်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ဤအလုပ်ရုံဆွေးနွေးပွဲသည် အရေးပါသော လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်ဇေယျ၊ ဒေါက်တာအောင်ကြီး၊ ဦးဝင်းဖေနှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းတို့က Award of Certificates to represen- tatives of participants of Training သင်တန်းသား ကိုယ်စားလှယ်များကို ISO/IEC 17065:2012 သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးကြသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် အသိအမှတ်ပြု လက်မှတ်များ ရရှိခဲ့သည့် သင်တန်းဆရာများ၊ စစ်ဆေးသူ အရာရှိများနှင့် Regulatory Authorityများ ပူးပေါင်း၍ စံပြုအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေး အဖွဲ့ တည်ထောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့များ၊ အသိအမှတ်ပြုအဖွဲ့ ပိုမိုခိုင်မာ အားကောင်းစေလာပြီး နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများစွာ ရရှိလာမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များနှင့် လုပ်ငန်း ကော်မတီဝင်များ၊ နည်းပညာ ဆပ်ကော်မတီဝင်များ၊ Project Team Leader နှင့် ISO/IEC 17065:2012 သင်တန်းတက်ရောက် အောင်မြင်ခဲ့သည့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းကို မတ် ၆ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။