တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်မြို့ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလအား မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်မြို့ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလအား မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

နေပြည်တော်   မတ်   ၇

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဟောင်ကောင်မြို့လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကုသလအား ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ  ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့်   ဆရာတော်ဘဒ္ဒန္တကုသလမှ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် အလယ်တောရဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်  ရုံးအမှတ်(၃၁)  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်မြို့  လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလအား မဟာဂန္ထဝါစကပဏ္ဍိတ   ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း၍ ဆရာတော်က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ နှင့် ဆရာတော်ကြီး၏ ဒကာ Mr. Wang Chang I က မြန်မာငွေကျပ်သိန်း၅၀ လှူဒါန်းသည်။ ထပ်မံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော အလယ်တောရ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးအတွက် မြန်မာငွေကျပ်သိန်း၂၀၀ တို့ကိုပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်သည်။

 ထို့နောက် ဆရာတော်ဘဒ္ဒန္တကုသလက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း သြဝါဒမိန့်ကြားပြီး အခမ်းအနားတက်ရောက်သူများက    လှူဒါန်းမှုအစုစုတို့အတွက်  ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု    သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်    မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တကုသလနှင့်အဖွဲ့သည် နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်တွင်တည်ထားလျက်ရှိသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်၍ ရုပ်ပွားတော်ကြီး တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်နှင့် ပါဠိအက္ခရာ၊ ရိုမန်အက္ခရာနှစ်ဘာသာဖြင့် ရေးထိုးထားသည့် ပိဋကတ်သုံးပုံကျောက်စာရုံများအား   လှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြကြောင်းသိရသည်။