ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင် သိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင် သိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး   ပွင့်ဖြူမြို့နယ်အတွင်းရှိ    ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်  ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ကြရာ  အောင်မြင်ဖြစ်ထွန်းမှုရှိပြီး  ရောင်းချရာတွင်လည်း ဈေးကောင်းရရှိနေသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု လယ်ဖီလာကျေးရွာရှိ ဒေသခံတောင်သူများထံမှသိရသည်။

ကျွန်တော်တို့ဒေသမှာ တောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြတယ်။ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက်  အစာဖိုးကုန်ကျစရိတ်သက်သာပြီး    မွေးမြူတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။  သိုး၊  ဆိတ်မွေးမြူရေးဈေးကွက်မှာ သိုးထီးတစ်ကောင် ငွေကျပ် နှစ်သိန်းခန့် ရောင်းချရပြီး အသားဈေးနှုန်းအနေဖြင့် တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ နှုန်းခန့်  ရောင်းချရပါတယ်။

ဒါကြောင့်  ကျွန်တော်တို့ ကျေးလက်နေတောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းဟာ မိသားစုအပိုဝင်ငွေရရှိပြီး  လုပ်ငန်းအဆင်ပြေပါတယ်ဟု ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာမှ တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ် သက်သာပြီး မွေးမြူရာတွင်လည်း ခြံဝင်းများခတ်၍ စနစ်တကျမွေးမြူနိုင်သဖြင့် အောင်မြင်ဖြစ်ထွန်းကြောင်း၊ သိုး၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကောင်ပေါက်ပွားလေ့ရှိကာ   အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ပွားလေ့ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)