မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်
နေပြည်တော် မတ် ၇
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင် နေသော ဆေးပညာရှင်များ၊ အငြိမ်းစား ဆေးပညာရှင်များ၊ သူနာပြုများနှင့် အခြား ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပဆေးပညာရှင်များပါဝင်ကာ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပမည်ဖြစ်ရာ အဆိုပါ နှီးနှောဖလှယ်ပွဲ၏ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ် မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် နေပြည် တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါခွဲစိတ်ကုသမှုတွင် နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၂ ဦးအား အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့် မေးရိုးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဒေါက်တာလှမျိုးနိုင်နှင့် မေ့ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာမြစိုးတို့ ဦးဆောင်သောအဖွဲ့၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ မေ့ဆေးအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာနုနုမေ ဦးဆောင်သောအဖွဲ့တို့နှင့်အတူ ဂျပန်နိုင်ငံ Japan Heart အဖွဲ့မှ မျက်နှာနှင့် မေးရိုး အထူးကုဆရာဝန် Dr Naoko KISHI တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ကုသမှုခံယူသော ကလေးများအားလုံး သည် ကျန်းမာရေးအခြေအနေကောင်းမွန် သဖြင့် မတ် ၆ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်သည်။
အလားတူ မြန်မာနိုင်ငံကျန်းမာရေးပညာ ရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ အကြို လှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၃ ရက်အတွင်း လူနာ ၃၂ ဦးကို အခမဲ့ခွဲစိတ် ကုသမှုဆောင်ရွက်ပေးခဲ့ကာ ပြည်သူ့ဆေးရုံ ကြီး မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အတွင်း လူနာ ၃၀ ဦးအား အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။