စိုက်ပျိုးရေး ဦးစီးဌာန၏ (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ အကောင်းဆုံး စာတမ်းဆုများ ရွေးချယ်ချီးမြှင့်
နေပြည်တော် မတ် ၉
“အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး ကဏ္ဍဆီသို့”ခေါင်းစဉ်ဖြင့် ကျင်းပသည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ တက်ရောက်လေ့လာကြသူ လူငယ်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စိုက်ပျိုးရေးဌာနများမှ စာတမ်းရှင်များ၊ လူငယ်စွန့်ဦး ပညာရှင်များ၊ အွန်လိုင်းစနစ်ဖြင့် လေ့လာသူ ၅၀၀ ကျော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ အလှည့်ကျစာတမ်းရှင်များ က သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် စာတမ်းများ တင်သွင်းဖတ်ကြားကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံ၏ စားနပ်ရိက္ခာနှင့် စက်မှုလုပ်ငန်း ကုန်ကြမ်းများ ပြည့်ဝဖူလုံရန် အတွက် အဓိကသီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ မြေသယံဇာတ၊ ရေသယံဇာတ အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာ အသုံးချပြီး စိုက်ပျိုးမြေ တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေး မြင့်မားရေး၊ စီးပွားရေးအရ တွက်ခြေကိုက်သော ထုတ်လုပ်မှုဖြစ်စေရေး တို့အတွက် မိမိတို့ကျွမ်းကျင်ရာ ပညာရပ်များဖြင့် အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် မိမိဘဝသမိုင်း မှတ်တိုင်ကောင်းကို စိုက်ထူသွား ကြစေလိုကြောင်း၊ ယခုကျင်းပသည့် စာတမ်းဖတ်ပွဲသည် ဌာနအတွင်းရှိ လူငယ်ပညာရှင်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာဖလှယ်ရေးသာမက စာတမ်းဖတ်ပွဲမှ ရရှိသည့် ရလဒ်များ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို မှတ်တမ်းတင်ပြုစုပြီး နောင်တွင် ဌာနကဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကိုးကားချက် အထောက်အထားများ အဖြစ် အသုံးပြုနိုင်ရေးနှင့် လက်တွေ့နယ်ပယ်တွင် တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် နည်းပညာပေး လုပ်ငန်းများတွင် ထည့်သွင်းအသုံးပြု ဆောင်ရွက်ရန် လိုကြောင်း၊ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများ၊ တောင်သူနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ အကျိုးဆောင်တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်လာရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးဦးစီးဌာန (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဆုရွေးချယ်ခြင်း ဆိုင်ရာ အမှတ်ပေးစနစ်များ၊ ဆုရစာတမ်းများကို ပုံနှိပ်ထုတ်ဝေရေးနှင့် လက်တွေ့ လုပ်ငန်းခွင်များတွင် အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စိုက်ပျိုးရေးဦးစီးဌာန၏ (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် ဆုရွေးချယ်ခံရသည့် ဆုရစာတမ်းရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မတ် ၇ ရက်မှ ၉ ရက်အထိ စိုက်ပျိုးရေး ဦးစီးဌာန လူငယ်စွန့်ဦး ပညာရှင်များအဖွဲ့ ( YSI) က တာဝန်ယူဆောင်ရွက်သည့် (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် ဌာနခွဲများ၊ သုတေသနခြံများ၊ မျိုးစေ့ထုတ်ခြံများ၊ မျိုးသန့်ခြံများမှ လူငယ်ပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများက ယင်းတို့၏လက်တွေ့ လုပ်ငန်းခွင်များ၊ သုတေသနနှင့် တောင်သူ ပညာပေး လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ စာတမ်းများ ပြုစုတင်ပြခဲ့ကြခြင်း ဖြစ်ကြောင်း၊ တက်သစ်စလူငယ် ပညာရှင်အုပ်စုနှင့် အတွေ့အကြုံကောင်းရှိသူ လူငယ်ပညာရှင် အုပ်စုတို့က အာဟာရဆိုင်ရာ စာတမ်းရှစ်စောင်၊ အပင်ဇီဝ နည်းပညာဆိုင်ရာ စာတမ်းငါးစောင်၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာ စာတမ်း ၁၆ စောင်၊ သီးနှံမျိုးကွဲ ဖွံ့ဖြိုးမှုဆိုင်ရာ စာတမ်း ၁၄ စောင်၊ စိုက်ပျိုးစီးပွားဆိုင်ရာ စာတမ်းကိုးစောင်၊ မြေဆီလွှာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စာတမ်းလေးစောင်၊ သီးနှံကာကွယ်ရေးဆိုင်ရာ စာတမ်းတစ်စောင် စုစုပေါင်း စာတမ်း ၅၇ စောင် ဖတ်ကြား တင်သွင်းမှုအပေါ် တိုင်းဒေသကြီး/ပြည်နယ်များမှ အလှည့်ကျ အမှတ်ပေးအဖွဲ့များက အကဲဖြတ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။