(၁၉)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်

(၁၉)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်

နေပြည်တော်  မတ်  ၉

    နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည်  ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် (၁၉)ကြိမ်မြောက်  ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်မှ  တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) က  အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များက မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ယခုကဲ့သို့ အရေးပါသည့် အစည်းအဝေးကို ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်း အားထုတ်ခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်း၊     ယနေ့တွင် ဘင်းမ်စတက်ဘန်ကောက် ရည်မှန်းချက် (၂၀၃၀)နှင့် ဘင်းမ်စတက်ယန္တရား အသီးသီးအတွက်  လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း စည်းကမ်းများကို အောင်မြင်စွာ အတည်ပြုနိုင်တော့မည်ဖြစ်ရာ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အကောင်းမွန်ဆုံး ထမ်းဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံကို ဂုဏ်ပြုကြောင်း၊ ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ဘင်းမ်စတက်ထင်ပေါ် ကျော်ကြားပညာရှင်များ အဖွဲ့အတွက် စည်းမျဉ်းစည်းကမ်းများနှင့်  ဘင်းမ်စတက်၏ ပင်မယန္တရားများ၊ ကဏ္ဍအလိုက် ယန္တရားများနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ခြင်းတို့ အတွက် ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများနှင့် ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီတို့၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားသည်။

အလားတူ ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံက  ဘင်းမ်စတက် အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းလျက် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)ပြုစုရေးဆွဲခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းစီမံချက်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့မှုအပေါ် ကြိုဆိုကြောင်း၊ ဘင်းမ်စတက် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်စေရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံက ဦးဆောင် ကျင်းပခဲ့သည့် “ဘင်းမ်စတက် စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာစနစ်များ ဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲ” ကို အဖွဲ့ဝင်နိုင်ငံ အားလုံး၏     ပါဝင်တက်ရောက်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းကိုလည်း ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ဘင်းမ်စတက် မူဘောင်အောက်ရှိ ကတိကဝတ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် လိုအပ်သကဲ့သို့   ဘင်းမ်စတက် ပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အခြေခံမူများကို ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအားလုံးက အလေးထား လိုက်နာကျင့်သုံးရန် အရေးကြီးမှုကိုလည်း ထပ်လောင်း ပြောကြားသည်။

အစည်းအဝေးတွင်  ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက မတ် ၈ ရက် တွင် ထိုင်းနိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက်  ဘင်းမ်စတက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ဝန်ကြီးများသည် ဘင်းမ်စတက် ဘန်ကောက်ရည်မှန်းချက် (၂၀၃၀)၊ ဘင်းမ်စတက်ယန္တရား အသီးသီးအတွက် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များ ဆိုင်ရာ ဘင်းမ်စတက်ထင်ပေါ်ကျော်ကြား ပညာရှင်များအဖွဲ့အတွက် စည်းမျဉ်းစည်းကမ်းများ၊ ပြန်လည်ဖွဲ့စည်းထားသည့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများနှင့် ကဏ္ဍခွဲများ အောက်တွင် ပင်လယ်ပြင် အခြေပြုစီးပွားရေး၊ တောင်တန်းဒေသ အခြေပြုစီးပွားရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကဏ္ဍများ ထည့်သွင်းဖွဲ့စည်းရေးတို့ အပါအဝင် ဘင်းမ်စတက် သဘောတူညီချက်များနှင့် အခြားအရေးကြီးစာရွက်စာတမ်းများကို အတည်ပြု/ ထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးများသည် (၁၉)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့သည်။