နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် မတ် ၉
အာဆီယံ-ဂျပန် ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၂) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ “နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များ၏ ခေတ်သစ်ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို မျှဝေခြင်းမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ဌာနများမှ အရာထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ပါဝင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲကို မတ်လ ၁၀ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ စန်းစန်းလွင်နှင့် Hybrid တို့က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် အပြည့်အဝ အကာအကွယ်ပေးခြင်းနှင့် လုံခြုံမှုရှိစေခြင်း၊ Public Policy Exceptionsနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များတွင် အခွန်ဆိုင်ရာ ဆောင်ရွက်မှုများကို ထည့်သွင်းခြင်း/ ချန်လှပ်ခြင်း၏ သက်ရောက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို လျော့ကျစေမည့် ပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်း ချပိုင်ခွင့် (Right to Regulate) ကို အားကောင်းစေနိုင်မည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံသူ၏ အဓိပ္ပာယ်၊ နိုင်ငံသားနှင့် တန်းတူဆက်ဆံ ခြင်း၊ ပိုမိုသာလွန်သော အခွင့်အရေးရ နိုင်ငံများ နည်းတူ ဆက်ဆံဆောင်ရွက်မှုပြုခြင်း၊ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုပြုခြင်း စသည့်ခေါင်းစဉ်များဖြင့် နိုင်ငံတကာ သဘောတူစာချုပ်များ၏ Trend တိုးတက်ပြောင်းလဲမှုများကို မျှဝေဆွေးနွေး သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။