ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးမှုအား ကြည့်ရှုစစ်ဆေး

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ်  ၉

    အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်း ဒေသကြီးရုံးတွင် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card-OWIC) ထုတ်ပေးနေမှုကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ပအလုပ်အကိုင် ရှာဖွေသူများအနေဖြင့် ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် နည်းပညာများ၊  အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချ ဆောင်ရွက်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်  အခွင့်အရေးများ  နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့်  အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများနှင့် အလုပ်သမားသံအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက်ရေး၊ OWIC ကတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး ကြေးမုံသတင်းစာတွင် ဖေဖော်ဝါရီ ၂၅ ရက်က အသိပေးကြေညာခဲ့ပြီးဖြစ်ရာ စနစ်တကျ လိုက်နာဆောင်ရွက်ရန်  မှာကြားသည်။

OWIC  ကတ်ကို သက်တမ်း ၅ နှစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိရေး၊ ပြည်ပနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမား စာရင်းများရရှိရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာလုပ်သားများ အကူအညီ တောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှတစ်ဆင့် လိုအပ်သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး အတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ထုတ်ပေးလျက်ရှိသည်။

ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများ အတွက် OWICကတ်များကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမား ဌာနစု (မြောက်ဒဂုံ) ပင်လုံ ခန်းမ ၄၃ ရပ်ကွက် ဗိုလ်မင်းအောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့် မြောက်ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့် စေလွှတ် သည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်သူများအတွက် ထုတ်ပေးခဲ့ပြီး ပိုမိုအဆင်ပြေချောမွေ့စေရေး မိမိအစီအစဉ်ဖြင့် လျှောက်ထားသည့် အလုပ်သမားများအတွက် မတ် ၆ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးတွင် ပြောင်းလဲထုတ်ပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ထိ အေဂျင်စီအစီအစဉ်နှင့် မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ၊ ခွင့်ဖြင့်ပြန်လာသူ၊ PR ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံသို့ ၁၂၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ၂၄၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ၈၈၀၀ ကျော်၊ ဂျပန်နိုင်ငံသို့ ၁၅၅၀၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၃၉၉၀၀ ကျော် အပါအဝင် ပြည်ပနိုင်ငံ ၈၂ နိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမား ၂၁၆၀၀၀ ကျော်ကို OWIC ကတ်ဖြင့်  စေလွှတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။