နေပြည်တော် မတ် ၁၀
အသစ်ခန့်အပ်တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများသည် မိမိဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ထံမှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများက သြဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်ကြသည်။
အခမ်းအနားတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိ ၁၀ ဦးက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဌာနချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသစ်ခန့်အပ်တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများသည် မိမိဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မည့်ဒေသများမှ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ခံများ၏ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည် ဖော်ဖြည့်ဆည်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် တိုင်းရင်းသားပြည်သူလူထုနှင့် ပေါင်းကူးဆောင်ရွက်ပေးရသော ဌာနဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သိရှိရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးတစ်ရပ်လုံးအတွက် နိုင်ငံအကျိုးပြု စည်းရုံးရေးမှူးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သြဝါဒအမှာစကားပြောကြားသည်။ ယင်းနောက် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီး အရာရှိများက မိမိတို့၏ လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၅၀၀)