နွေရာသီအခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ဘားအံ၊ ဗဟုသုတရရှိရေး

နွေရာသီအခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်ပွဲကို မတ် ၉ ရက် နံနက်ပိုင်းတွင် ဘားအံခရိုင် Community Centre ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ငွေကျပ် ၉၇၂၀၀၀ ကိုပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သင်တန်းများဖွင့်လှစ်ခဲ့မှုမှတ်တမ်းဓာတ်ပုံများနှင့် မော်တော်ယာဉ်ရွေ့လျားစာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

နွေရာသီ အခြေခံပန်းချီသင်တန်းသို့ သင်တန်းသား၊  သင်တန်းသူ ၃၂ ဦး၊ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး စုစုပေါင်း ၇၇ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်သည်။ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန၌  ကွန်ပျူတာအခြေခံသင်တန်း ၃၂ ကြိမ်၊ အဆင့်မြင့်သင်တန်း၅ ကြိမ်၊  အင်္ဂလိပ်စာသင်တန်း ၆ ကြိမ်၊ အိမ်တွင်းမှု သက်မွေးသင်တန်း ၄ ကြိမ်၊ အခြေခံပန်းချီ  ရေးဆွဲနည်းသင်တန်း ၅ ကြိမ်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)