ရှောက်ရွက်ကို နေ့စဉ်စားသုံးပေးလျှင် ဆီးချိုနှင့်သွေးတိုးရောဂါကာကွယ်နိုင်
ရှောက်ရွက်ကို တို့စရာအဖြစ် အစည်းလေးများ ပြုလုပ်ကာ ဈေးများတွင် ရောင်းချကြသည်။ ရှောက်ရွက် ကို တို့စရာအဖြစ်သာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသဖြင့် စားသုံးသင့်သည်။ ရှောက်ရွက်နုလေးများသည် ငွေကုန်ကြေးကျ အလွန်များ သည့် ရောဂါများဖြစ်သော ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့ကို ထိရောက်စွာကာကွယ်ပေးနိုင်သည့် ဓာတ်စာဖြစ်သည်။
ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြော ကျဉ်းရောဂါများမှာ ညီနောင်ရောဂါများဖြစ်သည်ဟု ဆရာဝန်ကြီးများက သုံးသပ်သည်။ ထိုရောဂါများသည် ရောဂါတစ်ခုဖြစ်ပြီးနောက် နှစ်ကြာလျှင် နောက်ဆက်တွဲ ရောဂါတစ်ခု ဖြစ်လာတတ်သည် ဟုဆိုသည်။ နှစ်ရှည်လများ သို့မဟုတ် နာတာရှည်ရောဂါကြီးများဖြစ်သည့်အတွက် အလွန်ကြောက်စရာကောင်းပြီး ရှာသမျှဝင်ငွေ၏ ထက်ဝက်ခန့်မှာ ဆေးဖိုးနှင့်ကုန်သည်ဟု အထူးကုဆရာဝန်ကြီးများက ပြောစမှတ်ပြုကြသည်။
ရှောက်ရွက်သည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံးအနေဖြင့် အဓိကဟင်းလျာ မဟုတ်သော်လည်း ဖြည့်စွက်စာဖြစ်သည်။ အသုပ်စုံ အမျိုးမျိုးနှင့် ငါးချဉ်၊ ပုစွန်ချဉ်၊ နှမ်းဖတ်ချဉ်များ သုပ်စားရာတွင်လည်း အနံ့မွှေးစေရန် ရှောက်ရွက်ကို ပါးပါးလှီးထည့်လေ့ရှိကြသည်။
ရှောက်ရွက်သည် မွှန်သောအနံ့ရှိသဖြင့် တိုင်းရင်းဆေးပညာအမြင်အားဖြင့်သော်လည်းကောင်း၊ အာယုဗေဒ ဆေးပညာအမြင် အားဖြင့်သော်လည်းကောင်း အာကာသဓာတ်ရှိသည်။ ပွင့်စေသောအခိုး၊ အာကာသရစေသော ဓာတ်စာဖြစ်သည်။ အကြောကို လေလျှောက်စေသည်။ နှုတ်ကိုမြိန်စေသည်။ ခံတွင်းပျက်ခြင်းကို ကောင်းစေပြီး အစာကိုလည်း ကြေစေနိုင်သော အရွက်မျိုးဖြစ် သည်။
ရှောက်ရွက်ကို နေ့စဉ် အနည်းငယ်မျှစားသုံးခြင်းဖြင့် အခိုးငုပ်သောရောဂါများကို ကာကွယ်နိုင်သည်။ ရှောက်ရွက်တွင် ခါးသက်သော အရသာရှိသဖြင့် ဆီး ချိုရောဂါကိုလည်း ကာကွယ်နိုင်သည်။ ရှောက်ပင်သည် ဆူးရှိသောအပင်ဖြစ်သည့်အတွက် အာကာသပင်ဟု ဆေးကျမ်းများကဆိုသည်။ သွေးတိုးရောဂါရှိသူများသည် အာကာသပင်၏အရွက်၊ အညွန့်၊ အသီးများကို စားသုံးပေးလျှင် သွေးတိုး ကြောင့်ဖြစ်သော လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းများကို ကာကွယ်နိုင်သည်။
သွေးတိုးရောဂါကို ရှေးမြန်မာတိုင်းရင်းဆေးဆရာ ကြီးများက လေမသက်၍ဖြစ်သော လေတိုးရောဂါဟုလည်း သတ်မှတ်ကြသည်။ လေတိုးရောဂါအတွက်ပေးသော ဓာတ်စာမှာ ရှောက်ရွက်ဟင်းချိုဖြစ်သည်။ ရေနွေးဆူဆူတွင် ကြက်သွန်ဖြူခုနစ်မြွာနှင့် ကြက်သွန် ဥကြီးတစ်ဥကို ထောင်းထည့်ပါ။ ချင်းလက်ညှိုးတစ်ဆစ်ခန့်ကိုလည်း ဓားပြားရိုက်ပြီး ထုထောင်းထည့်ပါ။ ထိုဟင်းချိုရည်ကို ကြွေပန်းကန်လုံးကြီးတွင် ထည့်ပြီးသောအခါ ရှောက်ရွက်ခုနစ်ရွက်ကို ပါးပါးညှပ်ထည့်ပါ။ ခေတ္တမျှအုပ်ထားပြီး ဖွင့်လိုက်သော အခါ အနံ့မွှေးသော ရှောက်ရွက်ဟင်းချိုကိုရနိုင်သည်။ ဆားအနည်းငယ်နှင့် ပုစွန်ခြောက်အနည်းငယ်ထည့်လျှင် ပို၍ကောင်းသော ဟင်းချိုတစ်ခွက်ရနိုင်သည်။ ရှောက်ရွက်ဟင်းချိုကို နေ့စဉ် သို့မဟုတ် တစ်ပတ်လျှင် သုံးရက်ခန့် သောက်သုံးပေးလျှင် ဆီးချို နှင့်သွေးတိုး ရောဂါများမှ ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဗဟုသုတရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)