(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ရေတင်စနစ်ဖြင့် ရှားစေးဖိုကျေးရွာ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေ

နေပြည်တော်   မတ်   ၁၀

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ရေတင်စနစ်ဖြင့် ရှားစေးဖိုကျေးရွာ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းရေကို လျှပ်စစ်ရေတင်စနစ်အသုံးပြု၍ ရှားစေးဖို ကျေးရွာရှိ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရှားစေးဖို ကျေးရွာ မူလတန်းကျောင်းဝင်းအတွင်း ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရေအသုံးချသူများအဖွဲ့ (WUG)အဖွဲ့ဝင် တောင်သူလယ် သမားများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်သုံးစွဲရေး၊ မြေဆီသြဇာကောင်းမွန် ရေး၊ ရေရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ပြီး ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချနိုင် ရေးတို့ကို ကဏ္ဍစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်ဆိုလာသုံး ရေတင်စနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေးဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ပြီး တောင်သူဝင်ငွေသုံးဆရရှိရေးနှင့်  တစ်ဧကချင်း၏ လယ်ယာကုန်ထုတ်လုပ်မှုတိုးတက်ရေးကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိ ဆင်သေချောင်း နှင့် ပလွေးချောင်းတစ်လျှောက်၌ ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများမှ စိုက်ပျိုးမြေဧက ၁၈၀၀ ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများမှ စိုက်ပျိုးမြေ ဧက ၈၆၀၀၀၀ ကျော်ကို အကျိုးပြု လျက်ရှိကြောင်း၊ ယခုကျင်းပသည့် ရှားစေးဖို ဆိုလာရေတင်စက်ဖြင့် ရေဆင်းဆည်ရေသောက် မိုင်နာအမှတ်(၅)မြောင်းသို့ သွင်းယူပြီး နွေသီးနှံ ၁၆၆ ဧကကို အကျိုးပြု မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တွက်ခြေကိုက် အကျိုးရှိမည့်သီးနှံမျိုးများကို ရွေးချယ် စိုက်ပျိုး၍  မိမိတို့စီးပွားဖြစ်ထွန်းအောင် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆင်သေ ချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင် ပေးဝေခြင်း အခမ်းအနားဆက်လက်ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တောင်သူ ကိုယ်စားလှယ်တို့က အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ရေတင်စက် အမှတ်(၁)နှင့် အမှတ်(၂)တို့ကို စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေကြရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေမှုနှင့် တောင်သူများ၏ စိုက်ကွင်း များအတွင်း နွေသီးနှံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

(၅၀၀)