ပဲခူးတိုင်းဒေသကြီးတွင် သီးနှံမျိုးသန့်ဇုန်များ ထူထောင်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကြိုးပမ်း

နေပြည်တော်  မတ်  ၁၀

ပဲခူးတိုင်းဒေသကြီးတွင်  သီးနှံမျိုးသန့်ဇုန်များ ထူထောင်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကြိုးပမ်း

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ ဝာာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၌ သီးနှံမျိုးသန့်ဇုန်များ ထူထောင်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး သီးထပ်စိုက်ပျိုးနိုင်သည့် တန်းမြင့်ဆန်ရရှိနိုင်သည့် ရက် ၉၀ စပါးမျိုးကို တောင်သူများ စိုက်ပျိုးလာစေရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြား အကျိုးတူလယ်ယာစနစ် တိုးချဲ့ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ စပါးအခြောက်ခံစက်များအပါအဝင် လယ်ယာလုပ်ငန်းခွင်တွင်   စက်ကိရိယာ တိုးမြှင့်သုံးစွဲနိုင်ရေး၊  မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ ရရှိရေးအတွက် ရေပေးမြောင်း ရေသွင်းမြောင်းများ ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို့ ရွှေဗျိုင်းဖြူကုမ္ပဏီတွင် ကျင်းပသည့်  နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အပံ့ဖြင့် ပဲတီစိမ်းစိုက်ပျိုးကြမည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။

တွေ့ဆုံစဉ် တောင်သူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စပါးအခြောက်ခံစက်နှင့် ပဲတီစိမ်းထုပ်ပိုးထားရှိမှုတို့ကို   ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းအုပ်ကြီးက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း သင်တန်းလျာထားချက်အပေါ် ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင်   ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် ကတုတ်ရွာမကျေးရွာ ဧက ၁၂၀ စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်နှင့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြနေမှုကို ကြည့်ရှုအားပေးကြသည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လေဝင်လေထွက်ကောင်းမွန်သဖြင့် စပါးပင်များသန်စွမ်းဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများရွေးချယ်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒိုက်ဦးမြို့ ပေါက်တပင်မျိုးသန့်ခြံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက် ထားရှိမှုများ နှင့် ရွှေနံ့သာပေါ်ဆန်းမွှေး-၂ (ခေါင်နှံပျိုးခင်း)ကို ကြည့်ရှုစစ်ဆေးပြီးခြံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ တောင်သူများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်း ဆောင်ရွက်ရန်နှင့် မျိုးစေ့သန့်စင်စက်များအသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများ အား မှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးသည် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ITC)၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်    နည်းပညာပံ့ပိုးဆောင်ရွက်မှု လုပ်ငန်းများ၊ ဆွာချောင်းတမံရေပိုလွှဲ ပုံစံငယ်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)