ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်နှစ်ဦး တွေ့ရှိ
နေပြည်တော် မတ် ၁၃
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက် ရှိပြီး ၁၂-၃-၂၀၂၃ ရက် ည ၈ နာရီမှ ၁၃-၃-၂၀၂၃ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၄၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် နှစ်ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀၁၀၃၄၅၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၆၃၃၉၅၇ ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည် ကောင်းမွန်လာသူ ၁၁ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၆၁၄၄၅၃ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၉၀ ဦးရှိသည်။
သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမို လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။