ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းများ

ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းများ

ဆံပင်ကို ဘီးနဲ့တစ်ချက်ဖြီးလိုက်ရုံနဲ့ ဆံနွယ်စတွေပါလာတာ လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ အမျိုးသားတွေအတွက် ဒီလိုကိစ္စမျိုးကို သိပ်ဂရုမစိုက်ကြပေမယ့်အမျိုးသမီးတွေအတွက် ဆံပင်ကျွတ်လာပြီဆိုရင် စိုးရိမ်ရ၊ ပူပင်ရ၊ စိတ်ညစ်ရတာ သဘာဝပါပဲ။ အမျိုးသား တွေက ဆံပင်ကျွတ်မှာ သိပ်စိတ်မပူပေမယ့် နဖူးပြောင်၊ ထိပ်ပြောင်မှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။ ပုံမှန်အခြေအနေမှာ တစ်ရက်ကို ဆံပင်အပင်ရေ၁၀၀ ဝန်းကျင် ကျွတ်လေ့ရှိပါတယ်။ ဆံပင်ကျွတ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် တစ်ရက်ကို ဆံပင်အပင်ရေ ၁၀၀ ထက်ပိုကျွတ်ရင် စိုးရိမ်ရမယ့် အခြေအနေဖြစ်လာပါပြီ။ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

လူတိုင်းအတွက် ပုံမှန်ထက် ဆံပင်ပိုကျွတ်တဲ့ကာလရှိနိုင်ပါတယ်။ တချို့လူတွေက အချိန်ကာလတစ်ခုမှာ ဆံပင်ပိုကျွတ်တာ ကြုံရပါတယ်။ ဒါကို ရာသီပြောင်း ဆံပင်ကျွတ်တာလို့ခေါ်ပါတယ်။ ကိုယ်တွင်းက မယ်လတိုနင်နဲ့ ပရိုလက်တင်တွေ မူမမှန်တာ ကြောင့် ဆံပင်ကျွတ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့ နေရသူတွေမှာလည်း ဆံပင်ကျွတ်တာအဖြစ်များပါတယ်။

ဝိတ်ချတာကြောင့်လည်း ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဆံသားကျန်းမာဖို့ဆိုရင် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့အပြင်  သံဓာတ်၊ ဇင့်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ဆယ်လနီယမ်တို့ လိုအပ်ပါတယ်။ အသီးအရွက်စားသုံးတာများပြီး   အစားအသောက် ပမာဏလျှော့ချတာမျိုး၊ သင့်လျော်တဲ့အာဟာရဓာတ်တွေ ပြည့်ဝအောင်မဖြည့်ဆည်းနိုင်တာမျိုးဆိုရင် ဆံသားကျန်းမာပေမယ့်  အာဟာရဓာတ်နည်းပါးပြီး  ဆံပင်ကျွတ်တာတွေ့ကြုံရတတ်ပါတယ်။

မျိုးရိုးလိုက်ပြီး ဟော်မုန်းပြောင်းလဲလို့ ဆံပင်ကျွတ်နိုင်ပါတယ်။ တချို့လူတွေ ဆံပင်ပိုကျွတ်တာက မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင် ပါတယ်။ အမျိုးသားတွေ ထိပ်ပြောင်တာက ဖခင်ဘက် အဘိုးဖြစ်သူနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အသက်အရွယ် အလိုက် ဟော်မုန်းပြောင်းလဲမှုကြောင့် ဆံပင်ကျွတ်နိုင်သလို သားဥအိမ်ရေအိတ်တည်တဲ့ဝေဒနာ ခံစားနေရရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

အမျိုးသမီးတွေ ကျန်းမာရေးအခြေအနေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ကလေးမီးဖွားချိန်၊ ပဋိသန္ဓေတားဆေးမှီဝဲနေချိန်၊ သွေးဆုံး ချိန်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဆံပင်ရဲ့မွေးညင်းပေါက်တွေကို ထိခိုက်စေတဲ့ရောဂါတစ်မျိုးဖြစ်တဲ့ ထိပ်ပြောင်တဲ့ ဝေဒနာခံစား နေရချိန်၊ ဗောက်အလွန်အမင်းထတဲ့ ပြဿနာတွေ့ကြုံနေရချိန်၊ အပြင်းအထန်ဖျားနာချိန်၊ နှလုံး၊ ကင်ဆာ၊ သွေးတိုး၊ စိတ်ဖိစီးမှု ဝေဒနာခံစားနေရချိန်မှာ ဆံပင်ကျွတ်နိုင်ပါတယ်။

သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့လိပ်ပြာ ပုံသဏ္ဌာန်ဂလင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီသိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုအတော်များများကို  ပုံမှန်ဖြစ်အောင်  ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးတာနည်းတာ၊ များတာဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ဖြစ်စဉ် လွဲချော်သွား တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ အပူအအေးမခံနိုင်တာနဲ့ နှလုံးခုန်နှုန်းပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။

ခန္ဓာကိုယ်ခုခံအား စနစ်ပေါ်မှာလည်း မူတည်ပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဆံခြည်မျှင်အိတ်တွေကို မှားယွင်းတိုက်ခိုက် တာကြောင့် ဆံပင်ကျွတ်ပါတယ်။ တွေ့ရခဲတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကျွတ်သွားတဲ့ဆံပင်နေရာမှာ နောက်ခြောက်လကနေ  တစ်နှစ်အတွင်း ဆံပင်အသစ်တွေ ထပ်ထွက်လာတတ်ပါတယ်။

ဦးရေပြားမှာ ပွေးပေါက်တဲ့အခါ မှိုပိုးကြောင့် ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာဖြစ်စေပါတယ်။ မှိုပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ မှိုပိုးက တိုက်ရိုက်ထိမိတဲ့နေရာတွေကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ ဆေးဝါးတွေထဲမှာ ပဋိသန္ဓေတားဆေးက ဆံပင်ကျွတ် စေတယ်။ သားဥကြွေတဲ့ဖြစ်စဉ်ကို ဖိနှိပ်ထားတဲ့ဟော်မုန်းတွေက တချို့အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေပေမယ့် တချို့တားဆေး တွေက မကျွတ်စေပါဘူး။

မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ရာဇဝင်ရှိရင် မိမိလည်းဆံပင်ကျွတ်နိုင်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင်ထိန်းညှိပေးတဲ့ တချို့ ဆေးဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာရောဂါအတွက် အသုံးပြုတဲ့ဆေးတွေက ဆံပင်ကျွတ်စေပါတယ်။

ဆံပင်ပုံစံအမျိုးမျိုးထားခြင်းကလည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဦးရေပြားကနေ ကျစ်ဆံမြီးသေးသေးလေးတွေ တင်းတင်းကျစ်ထား တာက   ဆံပင်ကျွတ်စေပါတယ်။ ကျစ်ဆံမြီးကိုဖြေလိုက်ရင် တဖြည်းဖြည်းနဲ့ ပုံမှန်ဆံပင်အနေအထားကို   ပြန်ရောက်နိုင်ပါတယ်။ ကျစ်ဆံမြီးကို ကြာရှည်စွဲမြဲစွာပြုလုပ်ထားရင် ဆံပင်ကျွတ်တာ ပိုဆိုးစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချချင်လို့ အစားအသောက်တွေ လျှော့ချစားသောက်နေတာကြောင့် ဆံပင်ကျွတ်တာဖြစ်စေပါတယ်။ ကိုယ်အလေး ချိန် ၁၅ ပေါင်လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင်ကျွတ်တာကို သတိထားမိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားသုံးရင် ဆံပင်ပြန်ပေါက်လာနိုင်ပါတယ်။

ကင်ဆာရောဂါကုသနေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ကင်ဆာရောဂါကုသမှုနှစ်ခုဖြစ်တဲ့ ကီမိုဆေးသွင်းတာနဲ့ ဓာတ်ရောင် ခြည်နဲ့ ကုသတာတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက   ဆံပင်ကျွတ်စေပါတယ်။ အဲဒီကုသမှုနှစ်ခုစလုံးက ဆံခြည်မျှင်အိတ်တွေကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာက အမြဲမဖြစ်နိုင်ပါဘူး။ ကုသမှုပြီးမြောက်ပြီး ကင်ဆာဆေးဖြတ် လိုက်တဲ့အခါ ဆံပင်ပြန်ပေါက်လာတတ်ပါတယ်။ တချို့ပြန်မပေါက်တာလည်းရှိပါတယ်။

စိတ်ဖိစီးမှုများလွန်းပြီး စိတ်ပင်ပန်း၊ လူပင်ပန်းတဲ့အခါ  ဦးရေပြားမှာရှိနေတဲ့  ဆံပင်တွေရဲ့လေးပုံတစ်ပုံလောက်  ရုတ်တရက် ကျွတ်နိုင်ပါတယ်။  ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်း နေမကောင်းဖြစ်တာ၊ အကြီးစားခွဲစိတ်မှု ပြုလုပ်ထားတာ၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှုဖြစ်ပေါ်တာ၊ စိတ်ဒဏ်ရာ ကြီးကြီးမားမားရတာတွေကြောင့် ဆံပင်ကျွတ် နိုင်ပါတယ်။

ဆံပင်ကျွတ်တာ မျိုးရိုးဗီဇလိုက်ရင် ကုသလို့မရပါဘူး။ ထိပ်ပြောင်တာမဖြစ်အောင် တားဆီးဖို့လည်းခက်ပါတယ်။ အရှိန်နှေးသွား အောင် တားဆီးတာမျိုးလောက်ပဲ လုပ်လို့ရပါတယ်။ နေထိုင်စားသောက်မှုတွေနဲ့ ကာကွယ်နိုင်ပါတယ်။

ခေါင်းကိုမကြာခဏ မကုတ်သင့်ပါဘူး။ ခေါင်းခဏခဏကုတ်တာက ဆံပင်တွေပိုကျွတ်အောင် တွန်းအားပေးပါတယ်။ ဗောက်ထလို့ ဖြစ်စေ၊ စိတ်ညစ်လို့ဖြစ်စေခေါင်းကုတ်တတ်ကြပါတယ်။ ဒီလိုခေါင်းတွေ ခဏခဏကုတ်မိရင် ဆံပင်ကျွတ်ဖို့ အကြောင်းဖန်လာနိုင် ပါတယ်။ လက်သည်းနဲ့ ထိခိုက်မိတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်မိတာတွေက ဆံပင်ကို ထိခိုက်စေနိုင်ပြီး  လိုအပ်တာထက် ဆံပင်ပိုကျွတ်စေပါလိမ့်မယ်။

ဆံသားကို သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ သေချာစနစ်တကျနဲ့ ပုံမှန်မသန့်ရှင်းပေးဘူးဆိုရင် ဆံပင်ကျွတ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ဆံသားတွေက သန်စွမ်းလှပတဲ့ဆံသားကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး ဗောက်ထတာ၊ သန်းစွဲတာကို ဘီးနဲ့တိုက်ချတာနဲ့အမျှ ဆံပင်ကျွတ်တာ ပိုဖြစ်လာနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရေနွေးနွေးနဲ့ လျှော်သင့်ပါတယ်။ ပုံမှန်ခေါင်းလျှော်တဲ့အခါ ရေပိုက်ခေါင်းကထွက်လာတဲ့ရေ  ဒါမှမဟုတ်  ရေစည်တွေမှာရှိနေတဲ့ ပုံမှန်ရေမျိုးတွေ နဲ့သာ လျှော်ကြတာများပါတယ်။ ခေါင်းလျှော်ရာမှာ ကြက်သီးနွေးလောက် အပူချိန်ရှိတဲ့ရေမျိုး (ရေနွေးမဟုတ်)နဲ့  လျှော်ပေးတာက  ဦးရေပြားကို လန်းဆန်းစေမှာဖြစ်သလို    ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ကို ပုံမှန်ဖြီးသင့်ပါတယ်။ ဆံပင်ပုံမှန်ဖြီးတာက ဆံပင်အများအပြားမကျွတ်စေဖို့ အထောက်အကူပြုနိုင်တယ်ဆိုရင် အံ့သြကြပါ လိမ့်မယ်။ ဆံပင်ရှည်ရှည်ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေ  ဆံပင်ဖြီးဖို့က  ကရိကထများတဲ့ အလုပ်ဖြစ်ပါတယ်။ နေ့စဉ် နံနက်ခင်းနဲ့ ညနေခင်းမှာ နှစ်မိနစ်ဝန်းကျင် ဆံပင်ဖြီးသင့်ပါတယ်။ ဆံပင်ဖြီးတာဟာ ဆံပင်ရှုပ်ပွတာကိုကာကွယ်နိုင်ရုံသာမက ဆံပင်ကို လိုတာထက် ပိုမကျွတ်အောင် ကူညီပေးပါတယ်။ ဆံပင်မဖြီးရင် ပိုကျွတ်နိုင်ပါတယ်။

ဒေါက်တာလွင်သန့်