စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၉၀)

Power Development Plan ရဲ့ဦးတည်ချက်မှာ ၂၀၁၅ မှ ၂၀၃၆ ခုနှစ်အတွင်း တပ်ဆင်အင်အား နှစ်စဉ် ၂ ဒသမ ၆၇ ရာခိုင်နှုန်း တိုးစေရမယ်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု (ရေအားအဓိက) (ပြည်ပဝယ်အပါအဝင်) ကို မဂ္ဂါဝပ် ၁၉၆၃၄ ဒသမ ၄ မဂ္ဂါဝပ် အထိရှိလာစေရမယ်၊ စုစုပေါင်း တပ်ဆင်အင်အားဟာ ၄၉၆၅၅ မဂ္ဂါဝပ်အထိရှိလာစေရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ချထားပြီး ဖြစ်ပါတယ်။

နောက်ထပ်ရည်မှန်းချက်ကတော့ ဒီကာလအတွင်းမှာ စွမ်းအင်ချွေတာမှု (Energy Saving) ကို ၂၀၃၆ ခုနှစ်ကစပြီး နှစ်စဉ် ယူနစ် သန်းပေါင်း ၈၉၆၇၂ အထိ ချွေတာနိုင်မယ့် အစီအမံတွေချမှတ်မယ်လို့ ဆိုပါတယ်။ ဒီလိုချွေတာမယ့် ယူနစ်သန်းပေါင်းဟာ ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံး မြန်မာနိုင်ငံတစ်နိုင်ငံလုံးသုံးခဲ့တဲ့ ဓာတ်အားယူနစ်သန်းပေါင်းရဲ့  ၄  ဆခွဲများနေတဲ့အတွက်  အံ့သြစရာပါပဲ။  ဒါပေမဲ့ ဒီပမာဏဟာ သူ့နိုင်ငံမှာဖြစ်ပေါ်လာမယ့် တစ်နှစ်စာ လျှပ်စစ်ယူနစ်အသုံးရဲ့ ၂၂ ရာခိုင်နှုန်းအောက်သာ ရှိတဲ့အတွက် ကြိုးစားဆောင်ရွက်ရင် ဖြစ်နိုင်ပါတယ်လို့ပဲဆိုပါရစေ။ လျှပ်စစ်အသုံးအဆောင်အားလုံးကို စွမ်းဆောင်ရည်မြင့် ပစ္စည်းတွေ သုံးစွဲမယ်၊ အလင်းရောင်ရစေမယ့်ပုံစံတွေ ပြောင်းယူမယ် စတာတွေကို တခြားသောသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ ဖြစ်နိုင်ခြေရှိတဲ့ပမာဏလို့ပဲ ဆိုရမှာပါ။ ထိုင်းနိုင်ငံအကြောင်း အဆုံးသတ်ရရင် ၁၉၆၀ ပြည့်နှစ် လောက်ထိ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်၊ နိုင်ငံခြားပို့ကုန်မှအစ မိမိတို့ထက် သိပ်မသာတဲ့နိုင်ငံဟာ ဘုရင်ချူလာလောင်ကွန်နဲ့ အစိုးရများရဲ့ကျေးဇူးကြောင့် အစစအရာရာ မိမိတို့ထက်သာလွန်တဲ့ နိုင်ငံဖြစ်နေပါပြီ။ စီးပွားရေးပညာရှင် ဆရာကြီးတစ်ဦးရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံလိုအခြေအနေရောက်ဖို့ နှစ် ၂၀၊ မလေးရှားနိုင်ငံလိုအခြေအနေရောက်ဖို့  ၂၈ နှစ်၊  စင်ကာပူနိုင်ငံလို အခြေအနေရောက်ဖို့ ၄၆ နှစ်ကြာအောင် ကြိုးစားရလိမ့်မယ်လို့ဆိုပါတယ်။ ဒီစကားကို ၂၀၁၅ ခုနှစ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်မှာ အရန် ၁၅ ရာခိုင်နှုန်းလောက်ရှိရင်တောင်ရပါလျက် ၄၆ ရာခိုင်နှုန်းအထိ အရန်ရှိနေတဲ့နိုင်ငံက ဘာကြောင့် လာအိုနိုင်ငံက ထွက်သမျှ ဓာတ်အား(ရေအားလျှပ်စစ်)ကို ထပ်ပြီးတိုးမြှင့်ဝယ်နေရသေးသလဲဆိုရင် သူ့နိုင်ငံထဲက ဓာတ်အားခဈေးနှုန်းမသက်သာတဲ့ LNG ဝယ်သွင်းပြီး မောင်းနေရတဲ့ စက်ရုံတွေ၊ ဓာတ်ငွေ့သုံးစက်ရုံတွေကို တဖြည်းဖြည်းချင်းလျှော့ချမယ်၊ ကျောက်မီးသွေး စက်ရုံတွေကို မကျေနပ်လို့ ကန့်ကွက်ခဲ့ရင်တောင် သူ့ပြည်သူတွေ ဓာတ်အားသုံးစွဲမှုလျော့မသွားစေဖို့ စွမ်းအင်ပေါ်လစီထဲမှာပါတဲ့ ပြည်သူတတ်နိုင်သော ဓာတ်အားခဖြစ်စေရမယ်ဆိုတဲ့ အချက်နဲ့ကိုက်ညီတဲ့ ရေအားလျှပ်စစ်ကို ဘယ်နည်းနဲ့ပဲရရ အစားထိုးသွားဖို့ စီစဉ်နေခြင်းသာဖြစ်ပါတယ်။ သူ့နိုင်ငံထဲမှာ ရေအားလျှပ်စစ်ကို တိုးပြီးထုတ်ဖို့ အရင်းအမြစ် အကန့်အသတ်ရှိနေတာကြောင့် သူ့နိုင်ငံက ရင်းနှီးမြှုပ်နှံသူများနဲ့ ဘဏ်များကိုယ်တိုင် အစုရှယ်ယာပါဝင်ပြီး လာအိုနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံတွေ သွားရောက် တည်ဆောက်ပြီး စွမ်းအင်လုံခြုံစိတ်ချရမှု၊ အရည်အသွေးကောင်းမှု၊ ဈေးနှုန်းသက်သာမှုကို ရအောင်ကြိုးစားနေတာဖြစ်ပါတယ်။

စွမ်းအင်ပြေးလမ်းမပိတ်အောင် ကြိုးစားနေတဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အပေါ် စီမံခန့်ခွဲမှုဟာ သူ့နိုင်ငံထဲက ဘယ်လိုအရင်းအမြစ်တွေကို ဘယ်တော့မှ ထုတ်သုံးမယ်၊ ဘယ်တော့ကျရင် သူ့မှာအကျပ်အတည်းဖြစ်မယ်၊ အဲဒီအကျပ်အတည်းကို ဘယ်အရင်းအမြစ်ကိုသုံးပြီး ဖြေရှင်းမယ်၊ ဖြေရှင်းတဲ့အခါ စွမ်းအင်ဈေးနှုန်းကိုလည်း ထိန်းချုပ်ထားနိုင်ရမယ်၊ လျှပ်စစ်ဆိုရင် အရည်အသွေးပြည့်မီရမယ်၊ အရင်းအမြစ်မျိုးစုံကို အချိုးနဲ့ ရောစပ်ရင် အရည်အသွေးပြည့်မီပြီး သူ့ပြည်သူတွေ ဈေးနှုန်းသင့်တင့်မျှတမယ်၊ တကယ်လို့ သူ့နိုင်ငံထဲမှာ အရင်းအမြစ် အကန့် အသတ်ရှိခဲ့ရင် နောက် ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ အထိ ဘယ်လို အရင်းအမြစ်ကို အိမ်နီးချင်းနိုင်ငံတွေက ဝယ်ယူမယ်၊ ၂၀၃၅ ခုနှစ်အထိ ဘာလုပ်မယ်ဆိုတာ တိတိကျကျရေးသားပြီး ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ရေအားလျှပ်စစ်လည်း ထင်သလောက်ပေါကြွယ်ဝတဲ့ နိုင်ငံမဟုတ်သလို သဘာဝဓာတ်ငွေ့ကလည်း ထင်သလောက် မထွက်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ့မှာစွမ်းအင်ပြေးလမ်း ပိတ်မယ်ဆိုတာ သူသိပါတယ်။ ပြေးလမ်းပိတ်ရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ (နိုင်ငံရေး၊ စီးပွားရေး) ကြုံရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို ချဉ်းကပ်ပြီး EGAT ရဲ့ အစုရှယ်ယာ၊ သူ့နိုင်ငံရင်းနှီး မြှုပ်နှံသူများရဲ့ရှယ်ယာ စတာတွေနဲ့ ရေအား လျှပ်စစ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး မဂ္ဂါဝပ် ၁၀၀၀၀ အထိ တင်သွင်းအသုံးပြုမယ့် နှစ်နိုင်ငံသဘောတူညီချက်ရှိနေတာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းကဖြစ်တယ်။ ဒါပေမဲ့  ဒီသဘောတူညီချက်မှာ ဘယ်တော့၊ ဘယ်နေရာကဆိုတာ တိတိကျကျတော့ ဖော်ပြမှုမရှိပါဘူး။ နှစ်နိုင်ငံသဘောတူညီချက်သာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်အခဲတွေ များလွန်းတယ်၊ ပြည်တွင်းရေးကိစ္စတွေကလည်း စုံနေတယ်၊ စီးပွားရေး၊ လူမှုရေး၊ အစစအရာရာတိုးတက်ဖို့ ဘက်စုံဖွံ့ဖြိုးရေးလုပ်ရာမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံသူများရဲ့ အကျိုးစီးပွားနဲ့  စားသုံးသူအကြား အကျိုးစီးပွားညှိနှိုင်းရမှု အခက်အခဲတွေများနေတဲ့အတွက် ထိုင်းနိုင်ငံဟာ သူ့ရဲ့ဓာတ်အားလိုအပ်ချက်ကို လာအို နိုင်ငံကပဲ အဓိကရယူရေးသည်သာ လက်တွေ့ကျမယ်လို့ခံယူခဲ့တယ်။ လာအိုနိုင်ငံ လျှပ်စစ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းတွေ၊ ဘဏ်တွေကအစ အထောက်အပံ့ပေးလာအောင် ထိုင်းအစိုးရကိုယ်တိုင် အင်တိုက်အားတိုက်လုပ်နေပါတယ်။ အလားတူပဲ  လာအိုမှာ  ရေအားလျှပ်စစ်ဆည်တွေတည်ဆောက်ရာမှာ သဘာဝနဲ့လူမှုဝန်းကျင်ဆိုင်ရာ အကြောင်းပြချက်နဲ့ ကန့်ကွက်သူတွေနည်းအောင် ထိုင်းနိုင်ငံက သူ့နည်းသူ့ဟန်နဲ့ကူညီတယ်။ လာအိုနိုင်ငံရဲ့ အမှန်ထုတ်ယူသုံးစွဲနိုင်တဲ့ ရေအားလျှပ်စစ်အရင်းအမြစ်စုစုပေါင်းဟာ မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ထက်မပိုသော်လည်း ယနေ့အဲဒီလောက်ပမာဏကို လက်တွေ့အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ စီမံခန့်ခွဲမှုကြောင့် လာအိုနိုင်ငံဟာ ဒေသတွင်း ဘက်ထရီအိုးကြီးဖြစ်လာပါပြီ။ ၂၀၃၅ ခုနှစ်အတွင်း လာအိုနိုင်ငံက ထပ်မံဝယ်ယူဦးမယ့် ဓာတ်အားနဲ့ပေါင်းရင် ထိုင်းနိုင်ငံ ဓာတ်အားလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်အထိ လာအိုနိုင်ငံက ရောင်းချပေးဖို့ကြိုးစားနေပါတယ်။ (လာအိုအကြောင်းရေးချိန်မှာ အသေးစိတ်ဖော်ပြပါမယ်။)

 ဆက်လက်ဖော်ပြပါမည်။