မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်း၌ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

လင်းခေး၊ ဒေသဖွံ့ဖြိုးရေး

မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်း၌ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်းရှိ မောက်မယ်-ဝမ်ဟတ်-လင်းခေး လမ်းတွင် ပြည်သူများလမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်စေရေးတို့အတွက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လင်းခေးခရိုင် လမ်းဦးစီးဌာနမှသိရသည်။

လင်းခေးခရိုင်အတွင်းရှိ မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းတွင် လမ်းအရှည် သုည ဒသမ ၈၀ ကီလိုမီတာကို  မူလကတ္တရာလမ်း ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်သို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်ငန်းတင်ဒါစနစ်ဖြင့်   လင်းခေးခရိုင် လမ်းဦးစီးဌာနက ကြီးကြပ်၍  ရှိုင်းမာန်ဟိန်းကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းသည် မောက်မယ်မြို့နှင့်လင်းခေးမြို့တို့ကို ဆက်သွယ်ပေးထားသော မြို့နယ်ချင်းဆက်လမ်း တစ်ခုဖြစ်ကြောင်း၊   လမ်းအရှည် ၂၈/၂ မိုင်ရှိပြီး လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၂၄ ပေအကျယ်ရှိသည့် ကတ္တရာလမ်း ၃/၀ မိုင်၊ ၁၈ ပေအကျယ်ရှိသည့်ကတ္တရာလမ်း ၂/ဝ မိုင်၊ ၁၂ ပေအကျယ်ရှိသည့်ကတ္တရာလမ်း ၂၃/၂ မိုင်ဖြစ်ကြောင်း၊ ၎င်းအပြင် လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ရရှိရန်ပုံငွေပေါ်မူတည်၍ ၁၂  ပေအကျယ်ရှိသည့် ကတ္တရာလမ်း  ၂၃/၂  မိုင်ကို  ၁၈ ပေအကျယ်ရှိသည့် ကတ္တရာလမ်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လင်းခေးခရိုင် လမ်းဦးစီးဌာနမှသိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)