နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေး
နေပြည်တော် မတ် ၂၃
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် စဝ်ဆေပိုင်ဖနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသောကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ရက်တာဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များ ရယူကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက် များကို အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ ကိုယ်စား ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ် အမှာစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ဝေသည့် ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာနှင့် တိုင်းရင်းသားရေးရာစာအုပ်များနှင့် လက်ဆောင်ပစ္စည်းများကို အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။