စိတ်ကောင်းနှလုံးကောင်းဖြင့် အကောင်းမြင်စေချင်

မြန်မာစာပေလောကတွင် ဆရာဇော်ဂျီသည် ထင်ရှားကျော်ကြားလူသိများပြီး အကောင်းမြင်စိတ်ရှိသူ ဖြစ်သည်။ စာကောင်းပေကောင်းများကို ရေးသားခဲ့ပြီး ကဗျာကောင်းများစွာကိုလည်း ရေးဖွဲ့ခဲ့သည်မှာ နှောင်းလူတို့အတွက် အတုယူဖွယ်၊ ဂုဏ်ယူဖွယ်ရာများ ဖြစ်သည်။ ဆရာဇော်ဂျီ၏ ရှေ့ပြေးကဗျာစု၊ ပိတောက်ရွှေဝါကဗျာစု၊ ဗေဒါလမ်းကဗျာစု၊ ညီသစ်ဆင်းကဗျာစု၊ ရှေးခေတ်ပုဂံကဗျာစုနှင့်အခြားကဗျာများမှာ ဖတ်လိုက်တိုင်း နှစ်သိမ့်ကြည်နူး ပီတိဖြစ်ရသည်။ အားမာန်တက်ကြွဖွယ်၊ လွမ်းဆွေးဖွယ်၊ ကရုဏာဖြစ်ဖွယ် စသည်ဖြင့် ရသမျိုးစုံခံစားရသည်။

စာပေလောကတွင် ဆရာ၏ စိတ်ကောင်းရှိမှ စာကောင်းရေးနိုင်မည်ဆိုသော အဆိုအမိန့်သည် အလွန်ပင် မှတ်သားဖွယ်ဖြစ်သည်။ ဆရာ၏စာများသည် သူတစ်ပါးကို အပြစ်ပြောခြင်းထက် မိမိကိုယ်ကိုဆင်ခြင်တတ် သော အသိပညာပေး စာများသာဖြစ်သည်။ တစ်ခါက အနောက်တိုင်းသူ အမျိုးသမီးကြီးတစ်ယောက် ဆရာ့ဆီ ရောက်လာသည်။ ထိုအမျိုးသမီးကြီးမှာ မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်တစားလေ့လာနေသော စာရေးဆရာမကြီးဖြစ်သည်။ ဆရာနှင့်မြန်မာ့ အနုပညာဗိသုကာ အကြောင်းပြောကြရင်း သူရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်သို့ ရောက်ခဲ့ကြောင်း ပြောပြသည်။

အနောက်တိုင်းသူအမျိုးသမီးကြီးက “ရွှေတိဂုံစေတီက နာမည်တော့ကြီးပါရဲ့။ ဒါပေမဲ့ ရင်ပြင်တော်ပေါ်မှာ ခွေးချေးတွေ အများကြီးမြင်ခဲ့ရတယ်။ သိပ်ညစ်ပတ်တာပဲ” ဟု ပြောသည်။ ဆရာဇော်ဂျီက “ရွှေတိဂုံစေတီ ရင်ပြင်မှာ ခွေးချေးရှိတာ ညစ်ပတ်တာဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ရွှေတိဂုံစေတီတော်ရဲ့ ဗိသုကာလက်ရာကို လေ့လာဖို့ သွားပါလျက်နဲ့ ဗိသုကာလက်ရာကိုမမြင်ဘဲ ခွေးချေးကိုသာ ခင်ဗျားမြင်ခဲ့တာကတော့ နှမြောဖို့ ကောင်းပါတယ်”ဟု ပြန်ပြောသည်။

ထိုအခါတွင်မှ စာရေးဆရာမကြီးက သူ့အမှားကိုသိပြီး ဆရာ့ကိုတောင်းပန်၍ သူမှားကြောင်းဝန်ခံသွား သည်ဟု ဆိုပါသည်။ မိမိတို့ပတ်ဝန်းကျင်မှာ ကောင်းကွက်၊ လှကွက်တွေ အများကြီးရှိပါလျက် ကောင်းကွက်၊ လှကွက်ကိုမမြင်ဘဲ မကောင်းတာကိုမှ ရှာဖွေမြင်တတ်၊ ပြောတတ်သူများ ရှိနေတတ်သည်။ ဖော်ပြပါ အနောက်တိုင်းသူ စာရေးဆရာမကြီး၏ စကားမျိုးတွေကြားရတတ်သည်။ လူတစ်ယောက်တွင်ကောင်းကွက်၊ လှကွက်များ ရှိတတ်သလို မကောင်းကွက်၊ အကျည်းတန်ကွက်များလည်း ရှိတတ်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရာတွင် ကောင်းကွက်၊ လှကွက်ကို မြင်တတ်၊ ပြောတတ်သူများမှာ လူချစ်လူခင်ပေါ များပြီး လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်ပါသည်။

မိသားစုတစ်စုတွင် သားသမီးဖြစ်သူ တက္ကသိုလ်ဝင်တန်း အောင်မြင်သောအခါ ပတ်ဝန်းကျင်ကိုဖိတ်ခေါ်၍ အကျွေးအမွေးဖြင့် အလှူဒါနပြုလေ့ ရှိတတ်သည်။ အကောင်းမြင်စိတ် ရှိသူများအနေဖြင့် သြော်...ဒီကလေး တော်လိုက်တာ၊ နှစ်ချင်းပေါက်အောင်တာပဲ၊ ဂုဏ်ထူးကလည်းပါလိုက်သေးတာပဲစသည်ဖြင့် ပြောဆိုချီးမွမ်း တတ်ကြသောအခါ အကောင်းမြင်စိတ်မရှိသူအနေဖြင့်မူ အလကားပါကွာ၊  သူ့သားသမီးဆယ်တန်းအောင်တာ ကိုကြွားချင်လို့၊ သက်သက်ငွေကုန်ကြေးကျခံတာပါဟူသော အပြောမျိုး ပြောတတ်သည်။ အလားတူပင် အချို့က မိမိတို့၏ အိမ်ခြံဝင်းများ ဆောက်လုပ်ပြီးစီးသောအခါ ကုသိုလ်လည်းရစေ၊ အန္တရာယ်လည်း ကင်းစေ သဘောမျိုးဖြင့် သံဃာတော်များ ပင့်ဖိတ်၍လှူဒါန်းခြင်း၊ မိတ်ဆွေသင်္ဂဟများဖိတ်ကြား၍ ကျွေးမွေးဧည့်ခံခြင်း များပြုလုပ်လေ့ရှိကြသည်။ အကောင်းမြင်စိတ်ရှိသူက အကောင်းမြင်တတ်သော်လည်း မကောင်းမြင်တတ် သူကမူ သူတို့ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကြွားတာပါဟူသော အပြောမျိုးပြောဆိုတတ်ကြသည်။

လူတစ်ဦးတစ်ယောက်တွင် မကောင်းကွက်ဟုဆိုရမည့် အားနည်းချက်ရှိစေကာမူ ထိုမကောင်းကွက်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်းမျိုးသည် မယဉ်ကျေးသော အပြုအမူအပြောအဆိုဖြစ်သည်။ ရှောင်ကြဉ်သင့် ပါသည်။ မြန်မာစကား မြန်မာဝေါဟာရသည် ပေါကြွယ်လှသည်။ ဥပမာအားဖြင့် စိတ်ဖောက်ပြန်ရူးသွပ်နေသူ ကို အရူးဟုပြောဆိုခြင်းထက် စိတ်ဝေဒနာရှင်၊ စိတ်ရောဂါသည် စသည်ဖြင့်ပြောဆိုခြင်းက လူမှုဆက်ဆံရေး နယ်ပယ်တွင် သင့်လျော်သော အသုံးအနှုန်းဖြစ်သည်။

ယနေ့နိုင်ငံတော်တွင်လည်း တစ်ယောက်ကို တစ်ယောက်အကောင်းမမြင်ဘဲ အပြစ်ကိုသာ ပြောဆိုနေ ကြမည်ဆိုလျှင် နိုင်ငံတော်တိုးတက်ရေးမှာ ဝေးကွာနေမည်သာဖြစ်သည်။ လူကြီးများက လူငယ်များ၏ဖြူစင် သောစိတ်ဓာတ်၊ တက်ကြွသောအားမာန်၊ ထက်မြက်သော ဉာဏ်ရည်စသည်များကို မြင်အောင်ကြည့်၍ မြေတောင် မြှောက်ပေးသင့်သည်။ ထို့အတူ လူငယ်များကလည်း လူကြီးများ၏အသက်အရွယ်၊ အတွေ့အကြုံ၊ ပညာဗဟုသုတ စသည့်ကောင်းကွက်များကို မြင်အောင်ကြည့်၍ အတုယူကြရပေမည်။ အမှန်စင်စစ်မကောင်း မြင်မကောင်းစကားသည် မကောင်းမြင်စိတ်ဓာတ်ကိုအခြေခံ၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ ကောင်းကျိုး မပေးသော မကောင်းမြင်စိတ်ကိုဖယ်ရှား၍ စိတ်ကောင်းနှလုံးကောင်းဖြင့် အကောင်းမြင်စိတ်ကို မွေးမြူကြပါ ရန် တိုက်တွန်းရေးသားလိုက်ရပေသည်။  ။