မြန်မာမျက်မြင် စစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ၏ မိသားစုဝင်များဟု ဆိုသူများကို တွေ့ဆုံမေးမြန်းခဲ့

မြန်မာမျက်မြင် စစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ၏ မိသားစုဝင်များဟု ဆိုသူများကို တွေ့ဆုံမေးမြန်းခဲ့

နေပြည်တော်  မတ်  ၂၄

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင်သော အဖွဲ့ဝင် ၁၇ ဦးပါ မျက်မြင်စစ်ဆေးရေး အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့သို့ မတ် ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့သည်။

ရှေ့ပြေးစမ်းသပ် စီမံကိန်းဖြင့် ပြန်လည်လက်ခံရန် လျာထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အနေဖြင့် မိသားစုလိုက်  ပြန်လည်ဝင်ရောက်လိုကြောင်း  မေတ္တာရပ်ခံလာသည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့်  ကျန်ရှိသည့် မိသားစုဝင်များကို စိစစ်နိုင်ရေးအတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့အား ယခုကဲ့သို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မျက်မြင်စစ်ဆေးရေး အဖွဲ့သည် နေရပ်စွန့်ခွာသူများ၏ ဆက်စပ် မိသားစုဝင်ဟုဆိုသူ  ၄၈၀ ကျော်ကို တက္ကနာ့ဖ်မြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထပ်မံမွေးဖွားသည့် ကလေးများ၏ အချက်အလက်များကို မေးမြန်းရယူခဲ့ကာ မြန်မာဘက်ရှိ  သက်ဆိုင်ရာ ကော်မတီများထံ တင်ပြ၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။