အရေးကြီးပြီ သွေးစည်းကြစို့

၁၉၇၁ ခုနှစ် အမျိုးသားစာပေဆုရဝတ္ထုရှည်

-----------------------------------

တောင်တွေ့လမ်းဖောက်၊ ချောင်းတွေ့တံတားဆောက် ဇင်ယော်(စင်ရော်) ချောင်းတံတား ဆောက်လုပ်ရေး အတွက် တာဝန်ပေးရန် အင်ဂျင်နီယာရှာနေကြသည်။ တံတားဆောက်ဖူးသူ၊ အတွေ့အကြုံရှိသူကိုရှာသည်။ တာဝန်ရှိသူတို့ ခေါင်းကိုက်သည်။ လူမတွေ့နိုင်။ ရှည်ရှည်ဝေးဝေးစဉ်းစားလေလေ ဦးနှောက်ခြောက်လေ လေဖြစ်နေသည်။

စိမ့်မြိုင်မြို့မှသည် ရေပြာမြို့အထိ မော်တော်ကားလမ်းရှိသည်။ သို့သော်လည်း လမ်းကောင်းမဟုတ်။ ဆယ့်နှစ်ရာသီမသွားနိုင်။ ကျောက်လမ်း၊ မြေနီလမ်းသာဖြစ်သည်။ စိမ့်မြိုင်မှ ရေပြာအထိ မိုင် ၃၅၀ ခန့် ရှိသည်။ စိမ့်မြိုင်နှင့်ရေပြာအကြားတွင် စခန်းသစ်၊ စင်ရော်၊ သောင်ဦးတို့ရှိသည်။ စိမ့်မြိုင်မှ စခန်းသစ် မိုင် ၄၀၊ စခန်းသစ်မှ စင်ရော် ၅၇ မိုင်၊ စင်ရော်မှ သောင်ဦး မိုင် ၁၀၀၊ သောင်ဦးမှ ရေပြာ ၁၅၅ မိုင်၊ ပေါင်း ၃၄၂ မိုင်။

ရေပြာ၊ သောင်ဦးနှစ်မြို့စလုံးသည် ပင်လယ်ကူး သင်္ဘောဆိုက်သည့် ဆိပ်ကမ်းမြို့များဖြစ်သည်။ စင်ရော်ကား သင်္ဘောဆိပ်ကမ်းမြို့မဟုတ်။ သို့သော် စက်လှေအဝင်အထွက်ရှိသည်။ စင်ရော်မြို့သည် ငါးလုပ်ငန်းအကြီး အကျယ်လုပ်ရာ ဒေသတစ်ခုဖြစ်သည်။ စင်ရော်ပင်လယ်ပြင်တွင် အစိုးရငါးလုပ်ငန်းများ၊ ပုဂ္ဂလိက ငါးလုပ် ငန်းများ အများအပြားရှိသည်။ ထို့အတူ ရေပြာနှင့်သောင်ဦးဒေသ ပတ်ဝန်းကျင်သည်လည်း ငါးလုပ်ငန်းနှင့် ကြီးပွားနေကြသည်။ ရေပြာတွင်ကား သတ္တုတွင်းများရှိသေးသည်။ ရေပြာ၊ သောင်ဦးတို့မှ ထွက်ကုန်များသည် ရန်ကုန်မြို့တော်သို့ ပင်လယ်ခရီးဖြင့်ပို့ကြရသည်။ အများအစား မပို့နိုင်။ အားကိုးနိုင်သည်မှာ ရေလမ်းတစ်ခု သာရှိသည်။

ပင်လယ်ကူးသင်္ဘောကလည်း နည်းပါးသေးရာ ထွက်သမျှကုန်များကို ရန်ကုန်သို့ အကုန်ရောက်အောင်မပို့နိုင်။ သားငါးများမှာ လေလွင့်ပျက်စီးရသည်။ သားငါး အသီးအနှံတို့ကို ရန်ကုန်သို့ လတ်လတ် ဆတ်ဆတ် ပို့နိုင်မည် ဆိုလျှင် ထိုဒေသရှိ လုပ်သားပြည်သူတို့လည်း စည်ပင်ဖွံ့ဖြိုးမည်။ ရန်ကုန်တွင်လည်း ဈေးနှုန်းသက်သက် သာသာနှင့်စားသုံးကြရမည်။

ရေပြာ၊ သောင်ဦး၊ စင်ရော်တို့မှငါးများကို ရေခဲသင်္ဘောနှင့် ရန်ကုန်သို့ပို့နိုင်မည်ဆိုလျှင်...။

တစ်နေ့တွင်ကား ဤအခြေအနေသို့ မုချရောက်ရမည်ဖြစ်သည်။ ယခုနေတွင်မူ စိတ်ကူးမျှသာ။ အရေးကြီး သည်မှာ လမ်းပန်းဆက်သွယ်ရေးပင် ဖြစ်သည်။

စိမ့်မြိုင်၊ စင်ရော်၊ သောင်ဦး၊ ရေပြာတို့သည် စင်ရော်ပင်လယ်ကမ်းမြောင်ဒေသတွင် တည်ရှိကြသည့် မြို့များ ဖြစ်သည်။ စိမ့်မြိုင်နှင့် ရန်ကုန်ကား အဆက်အသွယ်ကောင်းသည်။ မီးရထားလမ်း၊ ကားလမ်း၊ ရေလမ်းအား လုံးလိုလို အဆက်အသွယ် ကောင်းသည်။ စင်ရော်ကမ်းမြောင်ဒေသသည် စင်ရော်တောင်တန်းကို အမှီပြု၍ ပထဝီဝင်ဆရာတို့ ခေါ်ဝေါ်သတ်မှတ်ကြသည့် နာမည်ဖြစ်သည်။ စင်ရော်ကမ်းမြောင်ဒေသ တစ်လျှောက်လုံး၏ အရှေ့ဘက်တွင် စင်ရော်တောင်တန်းကြီးသည် စိမ့်မြိုင်မှသည် အစွန်ဆုံး ဂူထွတ်မြို့အထိကာဆီး အုပ်မိုး လျက်ရှိသည်။ စင်ရော်တောင်တန်းကိုကျော်၍ အရှေ့ဘက်သို့ကူးလိုက်လျှင်ကား နယ်ခြားဒေသသို့ ရောက် သွားသည်။ နယ်ခြားကို တစ်ညအိပ်နှင့် ရောက်နိုင်သည်။ စင်ရော်တောင်တန်းသည် ဆင်ဖြူများပေါများရာ  အောင်နိုင်ပြည်နှင့် စေတီပုထိုးပေါများရာ မြန်မာပြည်တို့ကို ခြားထားသည့် သဘာဝအပိုင်းအခြား တစ်ခုဖြစ် သည်။ အောင်နိုင်ပြည်နှင့်မြန်မာပြည်ကား ယခုအခါ မိတ်ဆွေနိုင်ငံများ ဖြစ်ကြသည်။ ရှေးကမူ မြန်မာမင်း တို့သည် အောင်နိုင်ပြည်ကို သွားရောက်တိုက်ခိုက်ခဲ့ကြသည်။  အောင်နိုင်ပြည်၏မြို့တော် အောင်ဇေပူရမြို့ အထိ မြန်မာစစ်သည်တို့ ရောက်ခဲ့သည်မှာအကြိမ်ကြိမ်။ အောင်ဇေပူရမြို့ကို တစ်နှစ်ကိုးသီတင်း ဝိုင်းရံထား ကာ အောင်နိုင်မင်းကို အညံ့ခံစေသည်။ အောင်နိုင်မင်းက ဆင်ဖြူတော်၊သမီးကညာနှင့် လက်ဆောင်ပဏ္ဏာတို့ နှစ်စဉ်နှစ်တိုင်းဆက်သည်။ အောင်နိုင်စစ် မြန်မာပြည်သို့ တစ်ကြိမ်မျှမရောက်။ နယ်စားပယ်စားတို့ ထောင် ထားခြားနားသည်တို့လောက်သာရှိသည်။ သို့ဖြစ်ရာ အမြော်အမြင်ကြီးသော မြန်မာမင်းတို့သည် စင်ရော် တောင်တန်းတစ်လျှောက် အရံအတားမြို့များကို တည်ဆောက်သည်။ ရပ်ရွာကို စုစည်းသည်။ မြို့စောင့် တပ်များ ဖွဲ့သည်။ မြို့ရိုးများ၊ ကျုံးတံတားများဆောက်သည်။ ဤသည်တို့အနက် ရေပြာ၊ သောင်ဦး၊ စင်ရော်မြို့တို့သည် ရှေးမင်းများတည်ထားခဲ့သော ရှေးမြို့ဟောင်းများ ဖြစ်ကြလေသည်။

ယခုမူ အောင်နိုင်ပင်လယ်ဓားပြတို့သည် စင်ရော်ပင်လယ်ပြင်၊ သောင်ဦးပင်လယ်ပြင်၊ ရေပြာပင်လယ် ပြင်တို့ အထိ လာရောက်သောင်းကျန်းကြသည်။ ငါးခိုးကြသည်။ မြန်မာစက်လှေများကို လုယူတိုက်ခိုက်ကြသည်။ စင်ရော်ပင်လယ်ပြင်မှငါးတို့သည် ရန်ကုန်သို့မရောက်။ အောင်နိုင်ပြည်ဘက်သို့သာ ရောက်ကြသည်။ အောင်နိုင်သားတို့အလွန်ကြိုက်သည့် ပလာတူးငါးသည် စင်ရော်ပင်လယ်ပြင်တွင် အလျှံပယ်ပေါလှသည်။ စင်ရော်ကမ်းမြောင်ဒေသရှိ ငါးလုပ်ငန်းသမားတို့သည် အောင်နိုင်သားများလို ခေတ်မီပစ္စည်းကိရိယာမစုံလင်၊ သို့ဖြစ်ရာ ပင်လယ်ငါးဖမ်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်။ တွင်တွင်ကျယ်ကျယ် လုပ်နိုင်ပြန် လျှင်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ရသမျှ ငါးတို့ကိုရန်ကုန်သို့မပို့နိုင်။ ရှိသမျှပစ္စည်းကိရိယာတို့နှင့် ဖမ်း၍ရသည့်ငါးကိုပင် ရန်ကုန်သို့မပို့နိုင်။ အရေးကြီးသည်မှာ လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်သည်။

ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတို့ဖွံ့ဖြိုးရန်လိုသည်။ ရန်ကုန်သို့ဒေသထွက်ပစ္စည်းများလှိုင်လှိုင်ရောက်လျှင် ကုန်ဈေးနှုန်းကျလာမည်။ စားသုံးသူတို့သက်သာမည်။ မိုးဦးကျလာပြီဆိုလျှင် စင်ရော်ကမ်းရိုးတန်းဒေသတွင် အသီးအနှံတို့လှိုင်လှိုင်ပေါလာသည်။ ကွမ်းသီး၊ အုန်းသီး၊ ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီးစသည် တို့သည် စင်ရော်ဒေသ၏ ထွက်ကုန်များ ဖြစ်ကြသည်။

စင်ရော်တွင်ဒူးရင်းသီး ကောင်းကောင်းတစ်လုံးတစ်ကျပ်ပေးရလျှင် ရန်ကုန်တွင်သုံးကျပ်ခွဲ၊ လေးကျပ်ပေးရ သည်။ လမ်းပန်းအဆက်အသွယ်ကောင်း၍ ရန်ကုန်သို့ဒူးရင်းသီး လှိုင်လှိုင်ရောက်မည်ဆိုလျှင် ဈေးကျသွား စရာ အကြောင်းရှိသည်။ “ဒူးရင်းသီးလှိုင်လှိုင်စားရတော့မယ်ပေါ့။ နေစမ်းပါဦး။ ဒူးရင်းသီးမစားရတော့ ကျွန်တော်တို့ဘာဖြစ်သွားမှာလဲ။ မင်းကွတ်သီး မစားရတော့ ဘာဖြစ်သွားမှာလဲ” အစည်းအဝေးတွင် တစ် ယောက်ကမေးသည်။ ဘယ်သူမျှမဖြေကြ။

“ဒီလမ်းဖောက်ဖို့၊ ဒီတံတားဆောက်ဖို့ တခြားခိုင်လုံတဲ့ အကြောင်းတွေပြောစမ်းပါဦး” နောက်တစ်ယောက်က မေးသည်။ “ရေပြာကခဲတွေကို များများသယ်နိုင်မယ်ဗျာ” တစ်ယောက်ကဖြေသည်။ သူကဆက်တိုက်ပင် “အခုရေပြာ သတ္တုတွင်းဘက်က ခဲတွေ၊ သောင်ဦးသတ္တုတွင်းဘက်က ခဲတွေကို အောင်နိုင်ဘက်ခိုးထုတ် ကြတယ်။ အောင်နိုင်ဘက်မှာ ခဲတစ်အိတ်ကို မြန်မာငွေတစ်ထောင်လောက်ရတယ်။ အပြန်ကျတော့ နိုင်ငံခြား ပစ္စည်းတွေ ခိုးသွင်းလာတယ်။ အသွားမှာလည်း မြတ်တယ်။ အပြန်မှာလည်းမြတ်တယ်” “ဒီလိုဆိုရင် ဒီမှာဘာလို့ရောင်းမလဲဗျ။ ခဲတွေကို အောင်နိုင်ဘက်ချည်းသွားရောင်းနေမှာပေါ့။ အဲအပြန်မှာ တက်ထရွန်တို့၊ လှိုင်းကြီးတို့၊ သမုဒ္ဒရာလှိုင်းတို့ပြန်ပါလာတော့ ကျွန်တော်တို့တစ်တွေကောင်းကောင်းဝတ်ရတာပေါ့။ ဟဲ  ဟဲ  ဟဲ” အားလုံးက ထိုသူ့ဘက်သို့ လှည့်၍ကြည့်ကြသည်။

အတည်ပြောနေသည့်စကားလား၊ အထေ့အငေါ့စကားလား၊ အပြောင်အပြက်စကားလား။ ဟဲ ဟဲ ဟဲ ရယ်သံ မှာခြောက်ကပ်ကပ်ရှိလှသည်။ သို့သော်လည်း ထိုစကားပြောသူ၏ မျက်နှာမှာ ပြုံးဖြဲဖြဲဖြစ်နေသည့်အခါ အားလုံးက ဝိုင်း၍ရယ်ကြလေသည်။

“စင်ရော်ကမ်းရိုးဒေသဘက်က အများပြည်သူသုံးတဲ့ ထွက်ကုန်များများစားစား ဘယ်လောက်ရှိလို့လဲ။ ဘာတွေရှိလို့လဲ။ ဆန်ဆိုရင် သူတို့ကိုအားကိုးရတာ မဟုတ်ဘူး။ တစ်ခါတလေပြည်မကတောင် ပို့နေရသေး တယ်။ အခုဘယ်ကဆန်တွေပို့နေသလဲ၊ သူတို့ဘာသာ သူတို့လုံလောက်သလားဆိုတာတော့ ကျွန်တော်မသိ ဘူး။ ဒါပေမဲ့ ဆန်အတွက်  သူတို့ဒေသကို အားမကိုးရတာတော့အမှန်ပဲ”

“ငါးပိလေဗျာ”

“ဟုတ်တယ်၊ ငါးပိကိုအားကိုးနိုင်တယ်။ ငါးပိငါးခြောက်ပေါ့။ ဒါပေမဲ့အခုများများစားစားထွက်သေးသလား။ များများစားစား လုပ်နိုင်ကြသေးသလား။ လုပ်ကြသေးသလား။ ဒါတွေစုံစမ်းကြည့်ဖို့ ကောင်းတယ်”

“များများစားစားထွက်သလား၊ မထွက်ဘူးလားတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကုန်ပို့နေတဲ့ စက်လှေ တွေအဲဒီစင်ရော်ဘက်ကပြန်လာတဲ့အခါ အခွံချည်း ပြန်လာကြတာတော့ ကျွန်တော်တွေ့နေရတာပဲ။ စက်လှေ အခွံချည်းပြန်ရတော့ စက်လှေသမားတွေ ညည်းကြတယ်။ အထူးသဖြင့် မိုးရာသီမှာ ပိုဆိုးတာပေါ့ဗျာ။ အနည်းဆုံး ကျောက်တုံးတွေတင် ပြန်ရရင်တော်သေးတယ်။ ဒါမှစက်လှေမလူးမှာကိုးဗျ”

ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်