ရွှေဘိုမြို့ရှိ အဝေးပြေးကားကွင်းအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ
နေပြည်တော်၊ မတ် - ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်း အနီး၌ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် ကားကြီးကွင်းအနီး လမ်းမပေါ်တွင် လှုပ်ရှား သွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါမိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေး ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
ထိုသို့ ဆေးကုသပေးနေမှုများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။