စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၉၈)
ဖြစ်နိုင်ခြေအနိမ့်ဆုံးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ အထက်မှာရှိတာဖြစ်တဲ့အတွက် ပျမ်းမျှ နှစ် ၂၀ မောင်းနှင်ရင် ဒေါ်လာသန်း ၂၄၀၀ ခန့် နိုင်ငံခြားငွေရလို့ပါပဲ။ မြန်မာငွေနဲ့တွက်ရင် ဘီလီယံ ငွေကျပ် ၃၀၀၀ ကျော်ဖြစ်တဲ့အတွက် ဒီငွေကိုသုံးပြီး နှစ်စဉ်လိုအပ် နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေးတွေမှာ ထိရောက်အောင် သုံးနိုင်တဲ့ငွေဖြစ်နေပါတယ်။ ဒါက ငွေကြေးပေါ်က တွက်တာပါ။ သူ့ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ထပ်ရဦး မှာပါ။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဈေးနှုန်းသင့်တင့်တဲ့ ဓာတ်အားအလုံ အလောက်ပေးနိုင်လို့ ထပ်တိုးထုတ်ကုန်ပစ္စည်းတွေပေါ်ကနေ ထပ်ပြီး အမြတ်ရလာဦးမှာပါ။
လာအိုနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်မှာ ထုတ်လုပ်နေတဲ့ဓာတ်အားဟာ တစ်နှစ်စာ ၃၃၈၂၂ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်တဲ့အတွက် မြန်မာ တစ်နိုင်ငံလုံးက ၂၀၁၈ ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ ကီလိုဝပ်နာရီသန်းပေါင်း ၁၉၉၀၀ နဲ့နှိုင်းယှဉ်ရင် နှစ်ဆနီးပါး ဖြစ်နေတယ် ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံလူဦးရေ ၅၃ သန်းနဲ့တွက်ရင် (ပျောက် ဆုံးဓာတ်အားနုတ်ပြီး) လူတစ်ဦးစာ တစ်နှစ်ဓာတ်အားသုံးစွဲမှု ၃၀၀ ကီလိုဝပ်နာရီသာရှိနေချိန်မှာ လာအိုနိုင်ငံက လူတစ်ဦးစာ ၄၂၀၀ ကီလိုဝပ် နာရီသုံးနိုင်ပြီလို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းသုံးသက်သက်နဲ့တွက်ရင် တော့ လူတစ်ဦးချင်း တစ်နှစ်ဓာတ်အားသုံးစွဲမှုဟာ ၄၂၀ ကီလိုဝပ်နာရီအထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံထက် ဓာတ်အားပိုပြီးသုံးနိုင်သွားပြီလို့ပဲ ဆိုရမှာပါ။
၂၀၁၇ ခုနှစ် ဇန်နဝါရီလစစ်တမ်းအရ လာအိုတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စု ၉၂ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိသွားကြပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ရာနှုန်းပြည့်ဓာတ်အားရကြတော့မှာပါ။ ဒီလိုဖြစ်ဖို့ ၁၉၉၀ ပြည့်လွန်နှစ်များကစပြီး လျာထားချက် ဆွဲခဲ့တယ်။ ဖြစ်အောင်လည်း လုပ်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာ ရည်မှန်းချက်ပြည့်မြောက်မှာဖြစ်ပါတယ်။ လာအိုအုပ်ချုပ်သူ၊ လာအို ဝန်ထမ်း၊ လာအိုပြည်သူတွေရဲ့ ကြိုးစား မှုရလဒ်ပါပဲ။
လာအိုနိုင်ငံဟာ မိမိတို့လို ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းဝင် (Least Development Country-LDC) နိုင်ငံတစ်နိုင်ငံအဖြစ်ကနေ ခွဲထွက်နိုင်ဖို့ နှစ် ၃၀ စီမံချက်ကို ၁၉၉၀ ပြည့်နှစ်က စခဲ့တာပါ။ အောင်မြင်တော့မှာပါ။ နှစ်စဉ် လူတစ်ဦးချင်းဝင်ငွေကလည်း တိုးတက်လာတာတွေ့ရပါပြီ။
လာအိုနိုင်ငံ လူတစ်ဦးချင်းအလိုက် နှစ်စဉ်ဝင်ငွေ
ခုနှစ် လူတစ်ဦးတစ်နှစ်ဝင်ငွေ
၂၀၁၇ ခုနှစ် ၂၀၅၁.၀၅၄ အမေရိကန်ဒေါ်လာ
၂၀၁၈ ခုနှစ် ၂၁၈၉.၀၅၀ အမေရိကန်ဒေါ်လာ
၂၀၁၉ ခုနှစ် ၂၃၅၀.၃၂၆ အမေရိကန်ဒေါ်လာ
(Source; World Economic Outlook, Database April-2017 IMF)
လာအိုနိုင်ငံအကြောင်းကို ဤမျှပြည့်စုံအောင် ဖော်ပြနေရတာဟာ
(က) ပင်လယ်ကမ်းရိုးတန်းမရှိသည့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်နေခြင်း၊
(ခ) မဲခေါင်မြစ်နှင့် မြစ်လက်တက်များကိုသာ အမှီပြုနေရခြင်း၊
(ဂ) သဘာဝသယံဇာတများဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ မထွက်ရှိခြင်း၊
(ဃ) လူဦးရေနည်းပါးပြီး တောတောင်ထူထပ်ခြင်း၊
(င) ဗီယက်နမ်စစ်ပွဲများနှင့်အပြိုင် ပြည်ပကျူးကျော်မှုကို ၁၉၇၅ ခုနှစ် ဝန်းကျင်အထိ ခံခဲ့ရခြင်း၊
စတာတွေဟာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးအတွက် ကြီးမားတဲ့အဟန့် အတားဖြစ်နေခဲ့တယ်။ တစ်ချိန်က အရှေ့တောင်အာရှမှာတောင် မြန်မာ နိုင်ငံရဲ့အောက်အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာ နိမ့်ကျနေခဲ့ပေမယ့် အခုတော့ ဒီလိုမဟုတ်တော့ဘဲ အုပ်ချုပ်သူနဲ့ ပြည်သူတွေရဲ့ အမြော်အမြင် ရှိမှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးလာဘ်မြင်မှုတွေကြောင့် နိုင်ငံရဲ့ ရှိပြီး အခြေအနေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါပြီ။ ဆက်ပြီးလည်း အသုံးချ နေဦးမှာပါ။ လာအိုနိုင်ငံကို စာရေးသူ ၂၀၁၅ ခုနှစ်မှာ တာဝန်နဲ့ရောက်ရှိ စဉ်က ကိုယ်တိုင်လေ့လာခဲ့မှုများကို ဦးစားပေးဖော်ပြခြင်းဖြစ်ပါတယ်။
အခန်း (၂၄)
ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်များရဲ့ မတူညီသော အခြေခံများ
ဒီအခန်းမှာတော့ လျှပ်စစ်ထုတ်လုပ်ရာမှာ သုံးစွဲနေကြတဲ့ စွမ်းအင် အရင်းအမြစ်တစ်မျိုးစီရဲ့ အားသာချက်၊ အားနည်းချက်တွေဟာ လျှပ်စစ် ဓာတ်အားခနှုန်းထားအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို ရှင်းပြမှာပါ။ ဘယ်လိုဓာတ်အားပေး စက်ရုံမျိုးတွေ တည်ဆောက်ပြီး ဓာတ် အားပေးရင် ဘယ်လိုဓာတ်အားခဈေးနှုန်းမတူညီမှုတွေဖြစ်လာမယ်၊ တခြား သော မတူကွဲပြားတဲ့ရလဒ်တွေ ရလာမယ်ဆိုတာတွေကို ရှင်းပြပါမယ်။
ဓာတ်အားခတွက်ချက်ရာမှာ ထုတ်လုပ်မှုစရိတ်၊ ပို့လွှတ်မှုစရိတ်၊ ဖြန့်ဖြူးမှုစရိတ်၊ ပျောက်ဆုံးမှုစတဲ့ စရိတ်လေးမျိုးကိုပေါင်းပြီး တွက်ချက်တာပါ။ ဒီထဲမှာ ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုဟာ နေရာဒေသတွေအပေါ်မူတည်ပြီး အနည်းငယ်စရိတ်ကွာခြားချက် ရှိကောင်းရှိနိုင် ပေမယ့် သိပ်မကွာကြပါဘူး။ ပျောက်ဆုံးမှုကတော့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ၊ အကျင့်ပျက်ခြစား မှုများတဲ့နိုင်ငံတွေမှာ မြင့်မား နေတတ်ပါတယ်။ ဓာတ်အားထုတ်လုပ်မှုမှာ ကျတော့ အသုံးပြုတဲ့ စွမ်းအင်အရင်းအမြစ်ရဲ့ ကုန်ကျစရိတ်ကို ထည့်တွက် ရမှာဖြစ်တဲ့ အတွက် အရင်းအမြစ်သုံးစွဲတာမတူရင် ဓာတ်အားထုတ်လုပ်မှု စရိတ်လည်း ကွာခြားသွားပါတယ်။ အရင်းအမြစ်သုံးစွဲတာမတူရင် စက်ရုံ အမျိုးအစားအလိုက် စက်တန်ဖိုး၊ တည်ဆောက်မှုကုန်ကျစရိတ်၊ တည် ဆောက်ရန်ကြာတဲ့အချိန်၊ အရင်းအမြစ်တစ်မျိုးစီရဲ့ စွမ်းဆောင်ရည် စတာ တွေ ကွဲပြားသွားပြီး ထုတ်လုပ်မှုစရိတ်ပါ ကွဲပြားသွားပါတယ်။ ဒါကို အောက်မှာ တစ်ချက်ချင်းရှင်းပါမယ်။
(က) ရင်းနှီးမြှုပ်နှံမှုစရိတ် (Construction Cost, Capital Cost)
ဓာတ်အားပေးစက်ရုံတည်ဆောက်မှုအပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု စရိတ်ကွာခြားကြောင်း အရင်းအမြစ်တစ်ခုစီအလိုက် ဖော်ပြပါမယ်။
အရင်းအမြစ်အလိုက် ကုန်ကျမယ့်ရင်းနှီးမြှုပ်နှံမှုစရိတ်များ
အရင်းအမြစ်အမျိုးအစား ရင်းနှီးမြှုပ်နှံမှုစရိတ်
(US Dollar/Kilowatt)
-သဘာဝဓာတ်ငွေ့ ၉၁၈
-ရေအားလျှပ်စစ်အကြီးစား ၁၇၀၀
-အလတ်စား/အသေးစား ၂၈၀၀
ဆက်လက်ဖော်ပြပါမည်။