စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၁၀၀)
- ရေအား
အကြီးစား ၃.၇
အလတ်စား ၅.၇
- ကျောက်မီးသွေး
Super Critical ၅.၅
Sub- Critical ၆.၆
- သဘာဝဓာတ်ငွေ့ ၈.၈
- လေအား (30 % Capacity Factor) ၅.၂
- နေအား ((20 % Capacity Factor) ၁၀.၂၄
Source; Myanmar Energy Master Plan 2015, ADB); (All are 2014 Prices အရင်းအမြစ်များ၏ သဘာဝဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေရှိနေတဲ့အတွက် ဘာတွေအားသာပြီး ဘာတွေအားနည်းတယ် ဆိုတာကို တစ်ခုစီအတွက် ထပ်ရှင်းပါ့မယ်။
(က) ကျောက်မီးသွေးအရင်းအမြစ်၏ သဘာဝကျောက်မီးသွေးကို လောင်စာအဖြစ်သုံးပြီး ရေနွေးငွေ့ဘွိုင်လာကို အပူပေးတယ်။ ဒီလိုလုပ်လိုက်တော့ ရေနွေးငွေ့ထွက်လာတယ်။ ရေနွေးငွေ့ရဲ့ တွန်းကန်အားကို စုစည်းပြီး ဓာတ်အားပေးစက်တာဘိုင်ကို လည်စေတယ်။ ဒါဟာ ကျောက်မီးသွေးသုံးပြီး ဓာတ်အားထုတ်တာပါပဲ။ ကျောက်မီးသွေးအခန်းမှာ ပြည့်စုံအောင်ရေးခဲ့ပြီးပါပြီ။ သို့သော် အဓိကကျတဲ့အချက်တချို့ကိုတော့ ထပ်မံကောက်နုတ် ဖော်ပြပါ့မယ်။
- လျှပ်စစ်ထုတ်လုပ်ရာမှာ ရေအားလျှပ်စစ်ပြီးလျှင် ဒုတိယဓာတ်အားခ ဈေးနှုန်းအသက်သာဆုံးဖြစ်ခြင်း၊
- ကမ္ဘာ့ကျောက်မီးသွေးလက်ကျန်ဟာ နောက်ထပ် နှစ် ၄၀၀ ကျော် သုံးစွဲရန်ကျန်ရှိနေခြင်း၊
- ကျောက်မီးသွေးရောင်းချတဲ့ နိုင်ငံအများစုရှိနေပြီး နိုင်ငံရေး လက်နက်တစ်ခုအဖြစ် သုံးစွဲရန် ဖြစ်နိုင်ခြေနည်းခြင်း၊
- စက်ရုံတစ်ရုံကို မဂ္ဂါဝပ် ၆၀၀၊ ၁၂၀၀၊ ၁၈၀၀ စသည်ဖြင့် တစ်ဆင့် ပြီးတစ်ဆင့် တည်ဆောက်နိုင်ပြီး တည်ဆောက်ချိန် ၄ နှစ်မှ ၅ နှစ်အတွင်း မဂ္ဂါဝပ် ထောင်ချီပြီးစီးနိုင်ခြင်း၊
- စက်ရုံကို ကျောက်မီးသွေးမိုင်းအနီးမှာ တည်ဆောက်နိုင်သလို အဝေးသင့်လျော်တဲ့နေရာမှာပါ တည်ဆောက်နိုင်ခြင်း၊
- လျှပ်စစ်လိုအပ်ချက်အခြေဝန် (Base Load) ကို ထမ်းပေးနိုင်ပြီး တစ်နှစ်ပတ်လုံး စက်စွမ်းရည် ၈၀ ရာခိုင်နှုန်းခန့် လည်ပတ်နိုင်တဲ့အတွက် တည်ငြိမ်သောဓာတ်အားကို ပေးနိုင်ခြင်း၊
- ပင်လယ်ကမ်းရိုးတန်းများနဲ့ လူဦးရေနည်းပါးသောဒေသများမှာ တည်ဆောက်နိုင်လျှင် ပိုမိုအားသာချက်ရှိပြီး ကုန်ကျစရိတ်နှင့် အခြားသက်ရောက်မှုများ သက်သာခြင်း၊
- သန့်စင်သောနည်းပညာများ ပေါ်ပေါက်နေပြီဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ဝန်းကျင်သက်ရောက်မှုများကို လျှော့ချနိုင်ခြင်း၊
စတဲ့အချက်တွေမှာ အားသာတဲ့အရင်းအမြစ်အမျိုးအစားဖြစ်ပါတယ်။
သို့သော် သက်ရောက်မယ့်ကိစ္စများအတွက် နည်းပညာမြင့်တဲ့စက်များကို သုံးစွဲရမှာဖြစ်ပြီး လိုအပ်တဲ့ကိရိယာများပါ တပ်ဆင်သုံးစွဲရမှာဖြစ်ပါတယ်။
(ခ) ရေအားလျှပ်စစ်ရဲ့ သဘာဝ
ရေအားလျှပ်စစ်ရဲ့သဘာဝကတော့ ရေကိုနိမ့်မြင့်ကွာခြားမှုရအောင် ပြုလုပ်ပြီး ရေအားနဲ့တာဘိုင်ကို လည်ပတ်စေတာပါပဲ။ စက်လည်ပတ်ပြီး ထွက်လာတဲ့ရေဟာလည်း မူလအတိုင်း (ချောင်း/မြစ်ထဲကို) ဆက်ပြီး စီး
သွားတာဖြစ်လို့ ပတ်ဝန်းကျင်ထိခိုက်မှု အသက်သာဆုံးအရင်းအမြစ်ပါပဲ။
စက်ရုံတည်ထားရင် နှစ် ၇၀-၈၀ အထိ သက်တမ်းရှည်ပါတယ်။ ရေစီးအားကိုသာ အားကိုးရတဲ့စက်ရုံတွေ (Run-off- River Type) ကတော့ ရေနည်းတဲ့အချိန် စက်လည်ပတ်မှု လျှော့ချရတာရှိလို့ ခြောက်သွေ့ရာသီ
တွေမှာ ထုတ်လုပ်မှုသိသာစွာကျဆင်းပါတယ်။ ရေစီးအားကို အသုံးပြုတဲ့ စက်ရုံတွေရှိသင့်သလို ရေလှောင်ထားပြီး ဓာတ်အားအမြင့်ဆုံးသုံးတဲ့အချိန် စက်တွေက လိုသလောက်ထုတ်ပေးနိုင်တဲ့စက်ရုံမျိုး (Reservoir Type) လည်း တည်ဆောက်ထားသင့်ပါတယ်။ ဓာတ်အားခဈေးကလည်း သက်သာပါတယ်။ ကမ္ဘာကြီးပူနွေးစေမယ့် ဃဥ၂ ထုတ်လွှတ်မှုလည်း မရှိသလောက်ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ရှုထောင့်ကကြည့်ရင်လည်း ဆောင်ရွက်သင့်တဲ့အမျိုးအစားပါပဲ။ မြန်မာမှာတော့ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်ပမာဏဟာ မဂ္ဂါဝပ် ၄၆၀၀၀ ခန့်ရှိနေလို့ အရှေ့တောင်အာရှမှာ မြန်မာဟာ ဈေးအသက်သာဆုံးနဲ့ အကြီးဆုံးဘက်ထရီအိုးကြီးကို ပိုင်ဆိုင်ထားတဲ့သဘောပါပဲ။
(ဂ) နျူကလီးယားအရင်းအမြစ်၏ သဘာဝ
နျူကလီးယားစွမ်းအင်ဆိုတာဟာ တွင်းထွက်ယူရေနီယမ်သတ္တုကို သန့်စင်ပြီး လောင်စာစွမ်းအင်အဖြစ် သုံးတာပါ။ ယူရေနီယမ်သန့်စင်မှု နည်းပညာပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေသာ လုပ်နိုင်ကြပါတယ်။ ယူရေနီယမ် တင်သွင်းခြင်းကိစ္စဟာလည်း ကမ္ဘာက မျက်စိဒေါက်ထောက်အကြည့်ခံရမယ့်အလုပ်ပါပဲ။ နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ဒေသခံတွေသာမက နိုင်ငံတစ်ဝန်းထိ ပြဿနာရိုက်ခတ် နိုင်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် မိမိနိုင်ငံရဲ့ ပြည်ပပို့ကုန်များလည်း ရေဒီယိုသတ္တိကြွမှုကို အကြောင်းပြုပြီး တင်ပို့မှုရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားရပ်တန့်သွားတာ၊ ကိုယ့်ပြည်သူတွေ ပြည်ပထွက်ခွာဖို့ ခက်ခဲတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရဲ့လက်ရှိအခြေအနေအရ သုတေသနအဆင့်လောက်သာ လုပ်သင့်တဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုစက်ရုံမျိုး တည်ဆောက်မောင်းနှင်ခြင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးလည်း မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရကြမှာမဟုတ်လို့ အလုပ်အကိုင်အခွင့်အလမ်း များများစားစားရလာစရာ အကြောင်းလည်း မရှိပါဘူး။ အားလုံးတည်ဆောက်မောင်းနှင် လည်ပတ်သည်အထိ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီကပဲ စက်ရုံသက်တမ်းတစ်လျှောက် ကြီးကြပ်လုပ်ကိုင်မှာဖြစ်လို့ စက်ရုံကို နိုင်ငံက ပိုင်ပိုင်နိုင်နိုင်အုပ်စီးမိဖို့ မလွယ်ပါဘူး။
ဆက်လက်ဖော်ပြပါမည်။