အရေးကြီးပြီ သွေးစည်းကြစို့

စိမ့်မြိုင်ဘက်က လယ်သမားတွေလိုနေမှာပေါ့ဗျာ။ စိမ့်မြိုင်ဘက်မှာ အခု လယ်လုပ်မယ့်သူ မရှိတော့ဘူး။ အောင်နိုင်ဘက်   တစ်ခေါက်  မှောင်ခိုပစ္စည်းသယ်ပေးရင် တစ်ရာလည်းဟုတ်တယ်။ သုံးရာလည်းဟုတ်တယ်။ တစ်နှစ်လုံး လယ်လုပ်လို့မှ လယ်သမားတစ်ယောက်အဖို့ ငွေသုံးရာမပိုတာ။ အခု တစ်ပတ်လောက်အတွင်း သုံးရာရတယ်ဆိုတော့  ဘယ်သူလယ်လုပ်ကြတော့မလဲဗျ။ အကုန်လုံး မှောင်ခိုပစ္စည်းအထမ်း လိုက်နေကြတာပေါ့။  အခုလည်း စင်ရော်ဒေသ တစ်လျှောက်က လယ်သမားတွေ၊ ခြံသမားတွေ၊ အလုပ်သမားတွေ၊ ငါးထမ်းသမားတွေ အကုန်လုံး မှောင်ခိုပစ္စည်းအထမ်း လိုက်နေကြတော့ ဘယ်မှာ ငါးပိထွက်မလဲဗျ။ ဘယ်မှာ ခဲထွက်မလဲဗျ

မည်သို့ပင်ဖြစ်စေ စင်ရော်ဒေသတစ်လျှောက်တွင် မဖွံ့ဖြိုးသည်က အမှန်ဖြစ်သည်။ ခရီးလမ်းပန်းအဆက်အသွယ်ကြောင့် မဖွံ့ဖြိုးသည်မှာလည်း အကြောင်းတစ်ခုဖြစ်သည်။ မိုးရာသီရောက်ပြီဆိုလျှင် စင်ရော်ပင်လယ်ပြင်ကြီးသည် လှိုင်းခေါင်းဖြူကြီးများ ကြွတက်လာကာ စက်လှေများ၊ သင်္ဘောများ၊ ငါးဖမ်းလှေများကို ခြောက်လှန့်ကြသည်။ သည်လိုရာသီဥတုဆိုးရွားသည့် အန္တရာယ်ကို ရင်ဆိုင်ကာ ကူးသန်းသွားလာသူတို့ နည်းပါးလာသည်။  ရေလမ်းတစ်ခုတည်းသာ အားကိုးနေရသည့်အခါ ထွက်သမျှ ငါးပိ၊ ငါးခြောက်၊ သစ်သီးသစ်နှံတို့သည်  နေပြည်တော်သို့ မရောက်။

အလဟဿဖြစ်ကုန်ကြရသည်။ ယခုကား စင်ရော်ဒေသသို့  ပြည်မနှင့်ဆက်သွယ်သည့် တစ်ခုတည်းသောလမ်းမှာ ရေလမ်းသာဖြစ်သည်။

စင်ရော်ဒေသ၏ထွက်ပေါက်မှာ   စိမ့်မြိုင်မြို့ဖြစ်သည်။ စိမ့်မြိုင်သည် စိမ့်မြစ်ဝ၌တည်ရှိသည်။ ရန်ကုန်မှ စိမ့်မြိုင်သို့ ဥဒဟိုကူးသန်းသွားလာနိုင်သည်။ မီးရထားသည် စိမ့်မြိုင်တစ်ဖက်ကမ်း သိမ်တော်မြို့၌ဆုံးသည်။

ရန်ကုန်-စိမ့်မြိုင်ကားလမ်း အဆုံးသည်လည်း သိမ်တော်မြို့ပင်ဖြစ်သည်။ သိမ်တော်မှ စိမ့်မြိုင်သို့ ကူးတို့ဖြတ်ကူးထားသည်။ မော်တော်ကားများကိုမူ ဖောင်ပေါ်တင်ကာ ကူးနိုင်သည်။

စိမ့်မြိုင်မှ စင်ရော်ကမ်းရိုးတန်းတစ်လျှောက် ခရီးမှာ ယခုအခါ အများအားဖြင့် စက်လှေကိုသာ အားကိုးကြရသည်။ စက်လှေကလည်း  ရာသီမရွေးသွားနိုင်သည်မဟုတ်။ စိမ့်မြိုင်မှ စင်ရော်မြို့အထိ မီးရထားလမ်းရှိသည်။ စင်ရော်မြို့တွင် မြန်မာပြည်မီးရထားလမ်းဆုံးလေသည်။ ကြားတွင် စခန်းသစ်မြို့ရှိသည်။

စိမ့်မြိုင်မှ စခန်းသစ်အထိ မော်တော်ကားလမ်းသည် မိုင် ၄၀ ဝေးသည်။ ကတ္တရာလမ်းဖြစ်၍ ခရီးတွင်သည်။ သို့သော် ယခုအခါ  ဓားပြရန်စိုးရိမ်ရသည်။

တစ်လတွင် သုံး၊ လေးခါလောက်  ဓားပြတိုက်သည်။

စခန်းသစ်မှ လွန်လျှင်ကား မြေနီလမ်းဖုန်ဖုန်သည် စင်ရော်မြို့ဆီသို့ ပြေးနေသည်။ စင်ရော်မှ သောင်ဦးအထိ မိုင် ၁၀၀ ရှိသည်။ ထိုလမ်း၏ တစ်ဝက်သည်လည်း မြေလမ်းသာဖြစ်သည်။ သောင်ဦးနှင့် ရေပြာမှာ ၁၅၅ မိုင် ဝေးသည်။ ထိုလမ်းသည်လည်း မြေနီလမ်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ခရီးသွားတို့သည် စိမ့်မြိုင်မှထွက်လျှင် များသောအားဖြင့် မီးရထားကိုသာ အားကိုးနေကြရသည်။ မီးရထားကလည်း မိုင် ၁၀၀ ခရီးကို တစ်နေကုန် ခုတ်မောင်းသည်။ ဘယ်မှာလျှင် ခရီးတွင်နိုင်ပါအံ့နည်း။ တစ်ဖန် ထိုဒေသသည် ရေရှားသောဒေသဖြစ်သည်။ မီးရထားစက်ခေါင်းအတွက်ပင် နွေအခါ၌ ရေလုံလောက်အောင်မရှိ။ ထိုအခါမျိုးတွင် ရထားကို ရပ်၍ ရွာထဲမှ  ရေအိုးကိုယ်စီရွက်ကာ စက်ခေါင်းရေဖြည့်ပေးရသည်။

အဲဒီ စိမ့်မြိုင် စင်ရော်ရထားကို နသုံးလုံး ရထားလို့ ခေါ်ကြသဗျ

ဆိုစမ်းပါဦး

နေပူတယ်ဗျာ။ နားငြီးတယ်ဗျာ၊ နံတယ်ဗျာ။ နားငြီးတာက အဲဒီလမ်းတစ်လျှောက် ခရီးသွားတွေဟာ များသောအားဖြင့် ဗမာတွေမဟုတ်ဘူး။ သူတို့ဒေသက ဘာသာစကားကို ကလောက်ကလောက်နဲ့ပြောကြတာ နားငြီးတာပဲ။ နောက် နံတာကတော့ အဲဒီရထားမှာ ငါးခြောက်မစို့တစိုရော၊ ငါးပိရော အားလုံးတင်တာပဲ။

သူတို့ကလည်း ရေရှားတော့ ရေမချိုးကြဘူးထင်ပါရဲ့။

နွေဆိုရင်သိပ်ပူတာပဲ။ ဒါပေမဲ့ ဒီရထားကိုပဲ စီးကြရတာပဲ။ ရွေးစရာ တခြားလမ်းမရှိဘူး။ မီးရထားကိုမှ မစီးရင် စိမ့်မြိုင်နဲ့စင်ရော်ကို မော်တော်ကားနဲ့သွားရလိမ့်မယ်။ စခန်းသစ်ဆိုတာ စိမ့်မြိုင်နဲ့ မိုင် ၄၀ ပဲဝေးတယ်။ စိမ့်မြိုင်မှာ စစ်တပ်လည်းရှိတယ်။ ရဲမင်းကြီးတွေလည်း ရုံးစိုက်တယ်။ ဒါပေမဲ့ စိမ့်မြိုင်နဲ့စခန်းသစ်ကြားတောင် စိတ်မချရသေးဘူး။ စခန်းသစ်ကနေ စင်ရော်ဆိုတာတော့ ဝေးရော။ ဓားပြတွေ့နိုင်မယ်။

သောင်းကျန်းသူတွေ့နိုင်မယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။

အဆင်သင့်သလို သွားကြရတာပဲ။ ခုနေတော့ ကားလမ်းက မကောင်းတော့ မီးရထားမှာပြွတ်သိပ်နေတယ်။

ငါးပိသိပ် ငါးချဉ်သိပ်ပဲ။ ကားလမ်းကောင်းသွားမယ်ဆိုရင် မီးရထားနဲ့ ကားမျှပြီးစီးကြတော့ ချောင်ချောင်ချိချိရှိမယ်

လမ်းတွေကောင်းလာတော့ ဘယ်က မော်တော်ကားတွေ ပြေးမှာလဲဗျ။ ပြေးစရာကားတွေ ဘယ်မှာရှိလို့လဲ

အို ဒါက ကျွန်တော်တို့အလုပ်မဟုတ်ပါဘူး။ ဒီလိုပဲရန်ကုန်မြို့ထဲမှာ ဖွတ်ချက်ဖွတ်ချက်နဲ့ ပြေးနေတဲ့ ကားတွေ အများကြီးပါ။ ခင်ဗျားနယ်တွေမှာ သွားကြည့်။

ခရီးသည်တင်တဲ့ ဘတ်စကားတွေမှန်သမျှ ဘိုးတော်ကြီး နန်းတက်စက ကားတွေချည်းပဲ။ ကျွန်တော်တို့ တိုင်းပြည်မပြောနဲ့ အင်မတန်ဖွံ့ဖြိုးလို့ ထိပ်တန်းက ပြေးနေတဲ့   အမေရိကန်ပြည်နဲ့    ဘာမှမဝေးတဲ့ တောင်အမေရိက တိုက်မှာ ဘိုးတော်ကြီးနန်းတက်စက ကားတွေ တစ်ပုံကြီးပဲ။ တစ်ခါက မဂ္ဂဇင်းတစ်ခုမှာ တွေ့လိုက်တယ်။ ဒီတော့ ကျွန်တော်တို့အလုပ်က လမ်းဖောက်ဖို့၊ တံတားဆောက်ဖို့ပဲ။ အဲဒီလမ်းပေါ်မာစီဒီးကားပဲ  ပြေးပြေး၊  ကားအိုကြီးတွေပဲပြေးပြေး၊ မြင်းလှည်းပဲမောင်းမောင်း၊ ဆိုက်ကားပဲ နင်းနင်းပေါ့

ဟုတ်ပါပြီ။ ဟုတ်ပါပြီ

ပြီးတော့   စိမ့်မြိုင်ဆိုတာက  စင်ရော်တိုင်းရဲ့ မြို့တော်။ စင်ရော်ဒေသတစ်ခုလုံး စိမ့်မြိုင်နဲ့ဆက်သွယ်ရတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအားလုံးပဲ စိမ့်မြိုင်နဲ့ဆက်သွယ်ကြရတယ်။ ဒီတော့စိမ့်မြိုင်-ရေပြာ လမ်းမကြီးဟာ ဖြူးနေရင် မကောင်းဘူးလား။ စင်ရော်လမ်းမကြီးဟာဖြူးနေရင် မကောင်းဘူးလား။ အခုတော့ ရှိတဲ့လမ်းမှာဖြစ်သလို သွားလာနေကြရတယ်။ ဆောက်ထားတဲ့ တံတားလေးတွေကို သောင်းကျန်းသူက ဖျက်ဆီးတယ်။ ဘယ်ကားမှသွားလို့မရဘူး။ သောင်းကျန်းသူဖျက်သွားတဲ့ တံတားကို ကျွန်တော်တို့အဖွဲ့က ထပ်ပြီးဆောက်တယ်။ ဘာမှမကြာဘူး။ တစ်ခါလာပြီး ဖျက်ပြန်တယ်။ ကျွန်တော်တို့ဘာမှ   အကာအကွယ်မပေးနိုင်ဘူး။  ကျွန်တော်တို့တပ်တွေက မီးရထားနဲ့လိုက်ကြရတယ်။ သောင်းကျန်းသူတွေက ထွက်ပြေးတာ မိုင် ၂၀ လောက်ရောက်နေပြီ။

ဒီကြားထဲမယ် ချောင်းတွေ့လို့ တံတားမဆောက်ရသေးတဲ့နေရာတွေ အများကြီးကျန်သေးတယ်။ သောင်ဦးနဲ့ရေပြာ အကြားမှာ  မော်တော်ကားလမ်းဟောင်းဟာ ပင်လယ်ကမ်းခြေနားကပ်ပြီး ဖောက်ထားတယ်။ အဲဒီတော့ ချောင်းဝ ကျယ်ကြီးတွေ ရှိတဲ့နေရာမှာ ကားတောက်လျှောက်မသွားနိုင်ဘူး။ ကားကိုဖောင်ပေါ်တင်ပြီး ကူးရတယ်။ အဲဒီနေရာတွေမှာ လမ်းသစ်တွေ ထပ်ပြီးဖောက်ရမယ်။ ဒီတော့ အရေးကြီးတာက လမ်းဖောက်ဖို့ပဲ။ စင်ရော်လမ်းမကြီးမှာ  အလယ်က စီးနေတဲ့ စင်ရော်ချောင်းကို ဖြတ်တဲ့ တံတားတစ်ခုဆောက်ရမယ်။

ဒါမှ စင်ရော်နဲ့ရေပြာ ကားတောက်လျှောက်မောင်းနိုင်မယ်။  ကျွန်တော်တို့ဆောင်ပုဒ်က   တောင်တွေ့လမ်းဖောက်၊ ချောင်းတွေ့တံတားဆောက်ကျွန်တော်ပြောပါရစေ

နောက်ဆုံးပြောသူမှာ တပ်မတော်အရာရှိတစ်ဦးဖြစ်သည်။

ရေပြာက ခဲတွေ ရန်ကုန်ရောက်သလား၊ မရောက်ဘူးလား ကျွန်တော်မသိဘူး။ ရန်ကုန်မှာ ဒူးရင်းသီးတစ်လုံး လေးကျပ်ဖြစ်နေတာတော့ ကျွန်တော်မကြိုက်ဘူး။ ပေါ်စတုန်းကဆိုရင် ဆယ့်နှစ်ကျပ်တဲ့။ ကျွန်တော်သိပ်စိတ်တို သွားတယ်။ ကျွန်တော် ဒူးရင်းသီးသိပ်ကြိုက်တယ်။ ကျွန်တော်တို့ တစ်အိမ်သားလုံးကြိုက်တယ် အများက သူ့ကို ပြုံးစပ်စပ် မျက်နှာပေးဖြင့် ကြည့်နေကြသည်။ ထိုအထဲတွင် ဒူးရင်းသီးကြိုက်သူများက သူ့စကားကို စိတ်ထဲက လှိုက်လှိုက်လှဲလှဲထောက်ခံကြသည်။

ဒါတွေဖယ်ထား။  စင်ရော်လမ်းမကြီးဟာတော့ စစ်ရေးအရ အရေးကြီးတာ အမှန်ပဲ။ စင်ရော်ကမ်းရိုးတန်းတစ်လျှောက်ရဲ့ အရှေ့ဘက်မှာ စင်ရော်တောင်တန်းကြီးရှိတယ်။ မြို့တွေ၊ ရွာတွေက မြစ်နား၊ ချောင်းနား၊ ပင်လယ်နားမှာရှိတယ်။ စင်ရော်ဒေသမှာရှိနေတဲ့ သောင်းကျန်းသူတွေက တောင်ရိုးပေါ်က ဆင်းလာပြီး မြို့တွေ၊ ရွာတွေမှာ လုယက်တိုက်ခိုက်တယ်။ အလစ်ဝင်တိုက်ပြီး ထွက်ပြေးသွားကြတယ်။ ပြီးတော့ စင်ရော်တောင်တန်းပေါ်ကို တက်သွားကြတယ်။ အဲဒီ မြို့၊ ရွာတွေမှာ ဆက်ကြေးတွေတောင်းတယ်။ ကျေနပ်လည်းပေး၊   မကျေနပ်လည်း ပေးနေကြရတာပဲ ဆက်၍ ပြောပြန်သည်။

စင်ရော်ရိုးမသည်လည်း အရှေ့ရိုးမ၊ အနောက်ရိုးမတို့ကဲ့သို့ပင် တောတောင်ထူထပ်သည်။ စိမ့်စမ်းပေါသည်။ ပုန်းစရာ၊ လျှိုးစရာ၊ အောင်းစရာနေရာများသည်။

တပ်မတော်စစ်ဆင်ရေးကား ခရီးလမ်းပန်းကြောင့် သူတို့ကို အဆုံးတိုင် မချေမှုန်းနိုင်သေး။ စင်ရော်ကမ်းရိုးတန်း တစ်လျှောက်တွင် တပ်များကို အနှံ့အပြား ချမထားနိုင်သေး။  စင်ရော်နှင့်  သောင်ဦးအကြားရှိဖားလွယ်ရွာကြီးကို သောင်းကျန်းသူတို့က ဝင်စီးကာဂတ်တဲကိုမီးရှို့သွားသည်။ ဂတ်တဲမှ သေနတ်ဆယ်လက်ကို သိမ်းသွားသည်။ လလသသဆိုင်မှ ပစ္စည်းများကိုလည်း သိမ်းသွားသည်။ ခုခံသောရဲတစ်ယောက်ကျဆုံးခဲ့သည်။ ဖားလွယ်ကိုစီးသော အချိန်သည် ည ၁၁ နာရီခန့်တွင်ဖြစ်သည်။ စခန်းသစ်၌တပ်ရှိသည်။  ဖားလွယ်ကိုဝင်စီးကြောင်း တယ်လီဖုန်းသတင်းရသည်။ စစ်ကူလွှတ်ဖို့လိုပြီ။  သို့သော် ထိုအချိန်တွင် မလွှတ်နိုင်။ အဆင်ပြေသော   ခရီးလမ်းပန်းဆက်သွယ်ရေးမှာ မီးရထားလမ်း တစ်ခုတည်းသာ ရှိသည်။ မီးရထားကတစ်နေ့ နှစ်စင်းသာပြေးသည်။ မနက်တစ်စင်း၊  နေ့လယ်တစ်စင်း။ ကားနှင့်လိုက်ရန်ကလည်း မဖြစ်နိုင်။ အလွန်ဆုံးဖားလွယ်မှ လေး၊ ငါး၊ ခြောက်မိုင်ခန့် အထိသာ လိုက်နိုင်မည်။ လေး၊ ငါး၊ ခြောက်မိုင်ခန့်တွင် တံတားကျိုးနေပြီ။

ကဲ ဒီတော့ ကျွန်တော်တို့ ဘာတတ်နိုင်သလဲ။

မနက်မိုးလင်းအထိ  ထိုင်စောင့်နေရုံပဲ။ ပြီးမှ မီရာရထားနဲ့လိုက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မစောင့်ပါဘူး။ ရောက်နိုင်တဲ့နေရာအထိ ညတွင်းချင်းလိုက်ကြတာပဲ။ တံတားကျိုးတဲ့နေရာရောက်တော့ ချောင်းကိုဖြတ်၊ ခြေကျင်ဆက်ပြီးလိုက်။ ဟော သူတို့က ကျွန်တော်တို့ရှေ့မိုင် ၂၀ လောက်  ရောက်သွားပြီ။ ဒီနည်းနဲ့သူတို့နဲ့ ကျွန်တော်တို့ လိုက်တမ်းပြေးတမ်း ကစားနေကြတာပဲ။             

ဆက်လက်ဖော်ပြပါမည်။