လူသားတစ်ဦးအဖြစ် လူ့ဘဝကိုရလာသူတိုင်းသည် ဘဝခရီးလမ်းကို ကျန်းမာချမ်းသာစွာ အသက်ရှင်သန်နေထိုင် လိုကြသည်။ ငွေကြေးချမ်းသာမှုဆိုသည်ထက် စိတ်ချမ်းသာမှုရှိရန်က ပို၍အရေးကြီးလှပေသည်။
စိတ်ချမ်းသာမှု ရှိစေရေးမှာ မိမိသည် နေ့စဉ်နှင့်အမျှ လှုပ်ရှားသွားလာဆောင်ရွက်မှုတိုင်းတွင် အသိလည်းရှိ၊ သတိလည်းရှိ၊ အတွေးအမြင်ကလည်း မှန်ကန်မှုရှိနေရမည် ဖြစ်သည်။ မမေ့မလျော့သော သတိရှိနေခြင်းဖြင့် အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ခဲ့သော ကမ္ဘာ့ကပ်ရောဂါသည် လူသားတို့ကို ဒုက္ခပေးလျက်ရှိသည်။ ထိုဒုက္ခမကျရောက်စေရေးအတွက် လိုက်နာလုပ်ဆောင်ရန် အချက်များရှိသည်။ ထိုအချက်များကို အသိ၊ သတိနှင့်ဆင်ခြင် စဉ်းစား၍ လုပ်ဆောင်နေသမျှကာလပတ်လုံး ရောဂါဆိုး ကျရောက်မှုမှ ကင်းဝေးနေမည်ဖြစ်သည်။
အောက်တိုဘာ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါဆိုး ကူးစက်ခံရသူဦးရေ ၅၀၄၀၃ ဦး၊ သေဆုံးသူဦးရေ ၁၁၉၉ ဦးရှိနေသည်။ အသိတစ်ချက်၊ သတိတစ်ချက်လစ်သည်နှင့် ရန်သူက ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုရောဂါဆိုး ကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသည်။ ပညာရေးအရ ဆုံးရှုံးမှုဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများရပ်နားထားရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်သည်။ တပ်မတော်တွင် ထိုအဖြစ်ဆိုးမှ ကင်းဝေးစေရေးအတွက် တပ်မတော်မှ ထုတ်ဝေလျက်ရှိသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသစာအုပ်စာပေများကို ထုတ်ဝေဖြန့်ချိပေးလျက်ရှိသည်။
စားရေးအခက်အခဲ မရှိစေရန်အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ တပ်မတော်အတွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ပြည်သူများ စားရေးအခက်အခဲ ရှိနေချိန်တွင် တပ်မတော်သားတို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူထားသည်များမှ ပိုလျှံသည်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဝေရောင်းချပေးနိုင်ခဲ့သည်။ အမှန်တကယ် အခက်အခဲကြုံနေချိန်တွင် တပ်မတော်၏ ကူညီပံ့ပိုးမှုသည် ပြည်သူအတွက် ဝမ်းမြောက်ဝမ်းသာ ကြည်နူးဖွယ်ရာဖြစ်သည်။
တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေး၊ နယ်မြေထိန်းသိမ်းရေး တာဝန်များ ထမ်းဆောင်နေရင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသည်။ ရန်သူကိုတိုက်ထုတ်ရန်အတွက် အမြဲတမ်းတိုက်ပွဲဝင်အသင့် ရှိနေကြရသည်။ စစ်ရေးစွမ်းရည် ထက်မြက်ရေးအတွက် လေ့ကျင့်ရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ကြရသည်။ ပထဝီအငိုက်၊ လူအငိုက်၊ မြေကိုပိုင်မှ စစ်နိုင်မည် ဆိုသည့်အတိုင်း လေ့ကျင့်ကျွမ်းကျင် အောင်ပွဲဝင်နိုင်ရေး တပ်မတော်သားတို့ကြိုးစားလုပ်ဆောင်ကြရသည်။ ပင်ပင်ပန်းပန်း လုပ်ဆောင်နေကြခြင်းသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော စိတ်ဓာတ်ဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အောက်တိုဘာ ၂၇ ရက်က ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် တပ်မတော်၌ မည်သည့်တပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင်များကဲ့သို့ စစ်ရေးအသိ၊ စစ်ရေးသတိ၊ အတွေးအမြင်များ ရှိနေရမည်ဖြစ်ကြောင်း၊ မိမိတာဝန်နှင့် မိမိအလုပ်ကို ကျွမ်းကျင်အောင် မှန်မှန်ကန်ကန်နှင့် အမြဲတမ်းလေ့ကျင့်နေကြရမည် ဖြစ်ကြောင်း၊ ရန်သူ၊ သဘာဝဘေးနှင့် ကပ်ရောဂါတို့သည် မည်သည့်အချိန်တွင် ဝင်ရောက်လာနိုင်၊ ဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆ၍မရနိုင်သည့်အတွက် အမြဲတမ်း ပြင်ဆင်နေကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတို့၏ အသက်သွေးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် နယ်နိမိတ်သတ်မှတ်ထားသော ပိုင်နက်နယ်မြေနှင့် ထိုနိုင်ငံပေါ်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားများဟူ၍ ရှိကြသည်။ ပိုင်နက်နယ်မြေသည် ပထဝီအရ ပိုင်းခြားသတ်မှတ်ထားသောမြေပြင်၊ ရေပြင်၊ ဝေဟင်တို့ဖြစ်သည်။
ထိုပိုင်နက်နယ်မြေမဆုံးရှုံး၊ မလျော့ပါးအောင် ကာကွယ်နေသည်မှာ တပ်မတော်သာဖြစ်သည်။ တပ်မတော်သည် အမျိုးအစားပို၍ ကောင်းရမည်။ ပြည်သူလူထုနှင့် တစ်ဆက်တည်း ဖြစ်ရမည်ဟူသော ညွှန်းဆိုစကားကို လက်ကိုင်ထားသည်။ ထို့ကြောင့် တပ်မတော်သားတိုင်းတွင် ရှိနေသည်မှာ စစ်ရေးအသိ၊ စစ်ရေးသတိနှင့် မှန်ကန်သော အတွေးအခေါ်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။