ဆိုင်ကယ်မှောက်သည့် ပစ္စည်းပို့သမားအစား ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက အစားအသောက်အော်ဒါကိုလိုက်လံပေးပို့ခဲ့

ဘန်ကောက်၊ ပြည်တွင်းရေး

ဆိုင်ကယ်မှောက်သည့် ပစ္စည်းပို့သမားအစား ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက အစားအသောက်အော်ဒါကိုလိုက်လံပေးပို့ခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုတ်တရက်သတိလစ်ပြီး ဆိုင်ကယ်မှောက်သွားသည့် ပစ္စည်းပို့သမားအစား ရဲတပ်ဖွဲ့ဝင်တစ်ဦးက အစားအသောက်အော်ဒါကို လိုက်လံပေးပို့ခဲ့ကြောင်း သိရသည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သည့် ပစ္စည်းပို့သမားတစ်ဦးသည် အသက် ၁၄ နှစ်ရှိ ၎င်း၏သမီးနှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်မှ   အစားအသောက် အော်ဒါကိုလာယူပြီးနောက် ရုတ်တရက်သတိလစ်ကာ ဆိုင်ကယ်မှောက်သွားခြင်း ဖြစ်သည်။ ပစ္စည်းပို့သမားသည် ရာသီဥတုပူပြင်းမှု၊ အိပ်ချိန်နည်းပါးမှုတို့ကြောင့် ယခုကဲ့သို့ ရုတ်တရက် သတိလစ်ခြင်း ဖြစ်နိုင်သည်။

ထို့နောက် လမ်းသွားလမ်းလာများက အဆိုပါဖြစ်စဉ်ကို ကယ်ဆယ်ရေးအဖွဲ့နှင့် ချာနာဆုန်ခရမ်ရဲစခန်းသို့ သတင်းပို့လိုက်ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာသည်။

ပစ္စည်းပို့သမား၏သမီးက ၎င်းတို့အနေဖြင့် အစားအသောက်အော်ဒါကို သွားမပို့နိုင်ပါက ပိုက်ဆံမရတော့မည်ကို စိုးရိမ်သည်ဟု ပြောလာသည့်အတွက် ရဲတပ်ဖွဲ့ဝင်က အော်ဒါမှာထားသူ၏ လိပ်စာကိုမေးမြန်းကာ အစားအသောက်အော်ဒါကို သွားရောက်ပို့ဆောင် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်၏ လုပ်ရပ်ကို ထိုင်းနိုင်ငံသားအများစုက ချီးကျူးစကားဆိုထားကြသည့်အပြင် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့အနေဖြင့် လည်း ထိုရဲတပ်ဖွဲ့ဝင်ကို ဆုတံဆိပ်ချီးမြှင့်သင့်ကြောင်း အွန်လိုင်းတွင်ရေးသားထားသည်။

အလားတူ ချာနာဆုန်ခရမ်ရဲစခန်းကလည်း ၎င်းတို့၏ တရားဝင်ဖေ့စဘွတ်စာမျက်နှာတွင် ထိုရဲတပ်ဖွဲ့ဝင်ကို လူသိရှင်ကြား ချီးကျူး စကားပြောထားကြောင်း သိရသည်။

Ref: TST