နယူးဒေလီ၊ အာကာသရေးရာ
အိန္ဒိယအာကာသအေဂျင်စီက စင်ကာပူ၏ဂြိုဟ်တုနှစ်လုံးကို အောင်မြင်စွာလွှတ်တင်ပေးနိုင်
အိန္ဒိယအာကာသအေဂျင်စီက ဝင်ရိုးစွန်းဂြိုဟ်တု လွှတ်တင်ရေးယာဉ် C55 (PSLV-C55) ကိုအသုံးပြုလျက် စင်ကာပူ နိုင်ငံ၏ ဂြိုဟ်တုနှစ်လုံးကို အောင်မြင်စွာလွှတ်တင်ပေးလိုက်နိုင်ကြောင်း သိရသည်။
အလေးချိန် ၇၅၇ ကီလိုဂရမ်ရှိသည့် ဂြိုဟ်တုနှစ်လုံးအနက် ပင်မဂြိုဟ်တုမှာ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုဖြစ်ပြီး ထိုဂြိုဟ်တုများကို နိုင်ငံတောင်ပိုင်းရှိ ရှရီဟာရီကိုတာ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်လိုက်ခြင်းဖြစ်သည်။
“ယခုလွှတ်တင်မှုမှာ TeLEOS-2 ဂြိုဟ်တုက ပင်မဂြိုဟ်တုဖြစ်ပြီး နည်းပညာသရုပ်ပြ အသေးစားဂြိုဟ်တုဖြစ်တဲ့ Lumelite-4 က အရန်ဂြိုဟ်တုဖြစ်ပါတယ်” ဟု အိန္ဒိယအာကာသသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TeLEOS-2 ဂြိုဟ်တုကို စင်ကာပူအစိုးရဝန်ကြီးဌာန အသီးသီးအတွက် လိုအပ်သည့် ကမ္ဘာမြေဓာတ်ပုံများရရှိရေး အသုံးပြုသွားမည် ဖြစ်ပြီး Lumelite-4 ကိုမူ ပင်လယ်ရေကြောင်းသွားလာမှု ဘေးကင်းစိတ်ချရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။
ယခုလွှတ်တင်မှုကို အိန္ဒိယအာကာသသုတေသနအဖွဲ့၏ စီးပွားရေးလုပ်ငန်းခွဲတစ်ခုဖြစ်သည့် NewSpace India Limited နှင့် စင်ကာပူအစိုးရတို့ကြား ချုပ်ဆိုထားသည့် စာချုပ်အရလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: TST
