ဘန်ကောက်၊ ရာသီဥတု
ထိုင်းအစိုးရက ပြည်နယ်အများအပြားအတွက် အပူချိန်လွန်ကဲမှုသတိပေးချက်များထုတ်ပြန်
ထိုင်းအစိုးရ တာဝန်ရှိသူများက ဘန်ကောက်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အများအပြားအတွက် အပူချိန် လွန်ကဲမှု သတိပေးချက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဘက်ဂနာခရိုင်တွင် နေ့အပူချိန်သည် ၄၂ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူချိန် အညွှန်းကိန်းမှာမူ ၅၄ ဒီဂရီစင်တီဂရိတ် အထိရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန် ထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပတွင် သွားလာလှုပ်ရှားမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် အပူကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားနိုင်သည်ကို သတိထားရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယခုသီတင်းပတ်အကုန်တွင် နိုင်ငံအတွင်းရှိ ပြည်နယ် ၂၈ ခု၌ ပျမ်းမျှအပူချိန် သည် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ရှိနေ မည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အပူချိန်မြင့်တက်နေသည့်အတွက် လျှပ်စစ်မီးအသုံးပြုမှုနှုန်းသည် လည်းမြင့်တက်လာပြီး ယမန်နှစ်ဧပြီလက လျှပ်စစ် ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၃၂၀၀၀ သာရှိသော်လည်း ယခုနှစ်ဧပြီလ ၆ ရက် တွင်မူ မဂ္ဂါဝပ် ၃၉၀၀၀ ကျော်အထိရှိလာ ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်နေရသည့် အပူချိန်မြင့်တက်မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆောင် ခလာမင်းသားတက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောသည်။
ယခုလအတွင်း အာရှဒေသရှိနေရာ အများအပြားတွင် အပူချိန်မြင့်တက်မှုများ ဖြစ်ပွားလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံရှိ ဒေသအများအပြားတို့တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်တက်ခြင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်ခြင်းနှင့် ပြည်သူ သန်းပေါင်း များစွာ လျှပ်စစ်မီးမရရှိခြင်းတို့ကို ရင်ဆိုင်ခံစားနေရကြောင်း သိရသည်။
Ref: CNA
