ကမ္ဘာဂြိုဟ်အကြောင်းကိုပြန်ပြောင်းပြောပြမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံးသစ်ပင်

ကမ္ဘာဂြိုဟ်အကြောင်းကိုပြန်ပြောင်းပြောပြမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံးသစ်ပင်

ချီလီနိုင်ငံတောင်ပိုင်းမှာ တောအုပ်တစ်ခုရှိပါတယ်။ အဲဒီတောအုပ်ထဲမှာတော့ သစ်ပင်များရဲ့ဘိုးဘိုးကြီးလို့ တင်စားခေါ်ဝေါ် ရလောက်တဲ့ သစ်ပင်တစ်ပင်ပေါက်ရောက်နေပါတယ်။

သက်တမ်းအားဖြင့် ထောင်စုနှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ သစ်ပင်များရဲ့ဘိုးဘိုးကြီးဟာ အချင်း ၄ မီတာနဲ့ အမြင့် ၂၈ မီတာရှိပါတယ်။ ဒီလိုသက်တမ်းရှည်ကြာလွန်းလှပြီဖြစ်တဲ့ သစ်ပင်ကြီးဟာ သိပ္ပံပညာရှင်တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပါပဲ။

ကျွန်တော်တို့ ကမ္ဘာဂြိုဟ်အနေနဲ့ ရာသီဥတုပြောင်းလဲမှုများနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုမျိုး နေထိုင်ခဲ့တယ်ဆိုတဲ့ အချက်ကို ထုတ်ဖော်ပြသနိုင်မှာက အဲဒီသစ်ပင်ကြီးသာလျှင်ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ထားကြပါတယ်။

အရင်တုန်းက သက်တမ်း ၄၈၅၀ ရှိပြီလို့သတ်မှတ်ထားတဲ့ သစ်ပင်ကြီးတစ်ပင်ရှိပါတယ်။ အဲဒီသစ်ပင်က အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာရှိတာပါ။ အခုတော့ အဲဒီသစ်ပင်ကြီးနေရာကို ချီလီတောအုပ်ထဲကသစ်ပင်က အစားထိုးနေရာယူ သွားတော့ မှာပါ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့သက်တမ်းက နှစ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီလို့ ယူဆရတဲ့အတွက်ပါပဲ။

သစ်ပင်များရဲ့ ဘိုးဘိုးကြီးက အမြဲစိမ်း ကျောက်ပန်းပင်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး လော့စရီယော့ဒေသရှိ တောအုပ်ကြီးထဲက လျှိုတစ်ခုရဲ့အစွန်းမှာပေါက်ရောက်နေတာပါ။

လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ခရီးသွားတွေဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး သစ်ပင်အသစ်နဲ့အတူယှဉ်တွဲပြီး ဓာတ်ပုံရိုက်နိုင်ဖို့ အတွက် အဲဒီတောအုပ်ထဲမှာ တစ်နာရီကျော်ကြာအောင် သွားကြလေ့ရှိပါတယ်။

နောက်ပိုင်း အဲဒီသစ်ပင်ကြီးရဲ့ ဂုဏ်သတင်းကြီးလာတာနဲ့အမျှ ချီလီအမျိုးသားသစ်တောဌာနက သစ်တောဝန်ထမ်း အင်အားကို တိုးမြှင့်ချထားပြီး သစ်ပင်များရဲ့ ဘိုးဘိုးကြီးဆီကို သွားရောက်ခွင့်ကိုလည်း ကန့်သတ်လိုက်ပါတယ်။

ဒါ့အပြင် အဲဒီသစ်ပင်ကြီးရဲ့ တည်နေရာအတိအကျကိုလည်း လျှို့ဝှက်ထားလိုက်ပါတော့တယ်။ အဓိကကတော့ သစ်ပင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာတုန်းကဆိုရင် အဲဒီသစ်ပင်ရဲ့ ထူထဲလှတဲ့ပင်စည်ကြီးဟာ အကြိမ်ကြိမ် ဖြတ်တောက်ခြင်းခံခဲ့ရပါတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုကာလများဟာ ဒီလိုခုတ်ထွင်ဖြတ်တောက်ခံရမှု အများဆုံးကာလတွေဖြစ်တယ် လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။

အဲဒီသစ်ပင်များရဲ့ ဘိုးဘိုးကြီးကို စတင်တွေ့ရှိသူက တောခေါင်း အန်နီဘယ်ဟန်းနရစ်ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ တောအုပ်အတွင်း ကင်းလှည့်ရင်းနဲ့တွေ့ရှိတာပါ။

ဒါပေမဲ့ အန်နီဘယ်ဟန်းနရစ်က သူ့အနေနဲ့ အဲဒီသစ်ပင်ကြီးကို တွေ့ရှိထားတယ်ဆိုတာကို ဘယ်သူ့ဘယ်သူကိုမှ မသိစေချင်ခဲ့ပါဘူး။ ဒီသစ်ပင်ကြီးဟာ လွန်စွာမှ အဖိုးထိုက်တန်လှတယ်ဆိုတဲ့အချက်ကို သူ့အနေနဲ့ သိရှိထားလို့ဖြစ်ပါတယ်။ အခု အဲဒီသစ်ပင်ကြီးကို သုတေသနပြုလေ့လာမှုတွေလုပ်နေတဲ့ ဂျွန်နသန်ဘာရီချီဗစ်ဆိုသူဟာ အန်နီဘယ်ဟန်းနရစ်ရဲ့တူပါ။ သူဟာ ငယ်ငယ်လေး ကတည်း က အဲဒီတောအုပ်ထဲမှာ ဆော့ကစားခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက ဘာရီချီဗစ်နဲ့လာရာတို့ဟာ သစ်ပင်များရဲ့ ဘိုးဘိုးကြီးဆီကနေ နမူနာကိုထုတ်ယူနိုင်ဖို့အတွက် လက်သုံး ပစ္စည်းတွေအသုံးပြုပြီး သစ်ပင်ကို ထွင်းဖောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ သစ်ပင်ကြီးရဲ့ ပင်စည်အလယ်ပိုင်းအထိတော့ မရောက်ခဲ့ပါဘူး။

သို့သော်လည်း သူတို့ရရှိတဲ့ နမူနာအပိုင်းအစကို စစ်ဆေးမှုတွေလုပ်ရာမှာတော့ အဲဒီအပိုင်းအစဟာ နှစ်ပေါင်း ၂၄၀၀ ခန့်ရှိနေပြီ ဆိုတာသိလိုက်ရသလို သစ်ပင်ကြီးရဲ့ သက်တမ်းအတိအကျကိုသိရှိနိုင်ဖို့ တွက်ချက်ရာမှာ သုံးတဲ့စံပြုပုံစံအဖြစ် အသုံးချလျက် ရှိပါတယ်။

သူတို့ရဲ့ လက်ရှိသုတေသနတွေအရတော့ အဲဒီသစ်ပင်ကြီးဟာ နှစ်ပေါင်း ၅၀၀၀ ကျော်သက်တမ်းရှိမယ်လို့ စမ်းသပ်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဖော်ပြနေပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုရလဒ်အတိအကျကို သိပ်မကြာခင်မှာ ထုတ်ပြန်ပေးနိုင်ပါလိမ့်မယ်။

သစ်ပင်များရဲ့ဘိုးဘိုးကြီးကို အခုလိုမျိုးလေ့လာစမ်းသပ်မှုတွေလုပ်နေတာဟာ သူ့ကို ကမ္ဘာ့စံချိန်တင်ချင်လို့မဟုတ်ဘဲ တန်ဖိုးကြီး လွန်းလှတဲ့သတင်းအတွက် အချက်အလက်တစ်ခုအဖြစ် ဖော်ထုတ်နေတာပါ။

“ရှေးဟောင်းသစ်ပင်ကြီးတွေမှာ မျိုးရိုးဗီဇတွေရှိကြပါတယ်။ ဒါ့အပြင်  ထူးခြားကောင်းမွန်တဲ့ သမိုင်းကြောင်းတစ်ခုလည်း ရှိပါတယ်။ သူတို့ဟာ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုနဲ့ လိုက်လျောညီထွေရှိစွာနေတတ်မှုတို့ရဲ့ ပြယုဂ်များဖြစ်သလို သဘာဝကြီးရဲ့အကောင်းဆုံးသော   အားကစားသမားများလည်း ဖြစ်ပါတယ်” လို့ ဘာရီချီဗစ်က ပြောပါတယ်။

ဒီလိုရှေးဟောင်းသစ်ပင်ကြီးတွေဟာ ဖွင့်ပေးထားတဲ့ စာအုပ်ကြီးတွေနဲ့ တူပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီစာအုပ်ကြီး တွေမှာပါတဲ့ သစ်ပင်အနှစ်သားရဲ့ တစ်ရစ်ချင်းစီကို စာမျက်နှာများပမာ သဘောထားကာ   ဖတ်ရှုနေတဲ့ စာဖတ်သူများနဲ့တူပါတယ်။

သစ်ပင်အနှစ်သားတစ်ရစ်ချင်းစီမှာ ခြောက်သွေ့မှု၊ စိုစွတ်မှုတို့အပြင် တောမီးလောင်မှုနဲ့ ငလျင်လှုပ်မှုတို့ရဲ့ ဒဏ်ရာဒဏ်ချက် များကိုလည်းတွေ့ရပါတယ်။

ဒါကြောင့် သစ်ပင်များရဲ့ဘိုးဘိုးကြီးဟာ အတိတ်ကာလကို ဖွင့်လှစ်ပြသပေးနိုင်တဲ့ အချိန်ယန္တရားစက်ကြီး တစ်လုံးလိုပါပဲလို့ သိပ္ပံပညာရှင်များက ဖွင့်ဆိုကြတာပါ။

တကယ်လို့များ ဒီသစ်ပင်ကြီးတွေ ကွယ်ပျောက်သွားပြီဆိုရင် ကမ္ဘာကြီးပေါ်မှာရှိတဲ့ ဘဝတွေဟာ လိုက်လျောညီထွေဖြစ်စွာ ဘယ်လိုမျိုး လိုက်ပါပြောင်းလဲခဲ့တယ်ဆိုတဲ့ အရေးကြီးအချက်အလက်လည်း ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

Ref: AFP

ကိုထက်