အရေးကြီးပြီ သွေးစည်းကြစို့ (အမျိုးသားစာပေဆုရ ဝတ္ထုရှည်)

ဆောင်းပါးရှင်- ကျော်အောင်

သူတို့အောက်ငယ်သော အောင်ဖေဆိုသည့် ကောင်လေး တစ်ယောက်သည် သွယ်သွယ်သခင်မ၏ ဖမ်းစားခြင်းကို ခံရသည်။

''အစ်ကိုရ လုပ်စမ်းပါဦးဗျ''ဟူ၍ သောင်းဒန်ဆီ လာကာ လူနာ အမဲခြောက်ဖုတ်တောင်းသလို အပူကပ် လေ့ရှိသည်။ သောင်းဒန်နှင့်စိန်စိန်   ချစ်နေကြမှန်း သိ၍ အပူကပ်ခြင်းဖြစ်သည်။

''ဟ ကောင်လေးရ။ ငါ ဘာတတ်နိုင်မှာလဲကွ။ သွယ်သွယ် နင် အောင်ဖေကို ကြိုက်လိုက်လို့ ပြောလို့ ရတာမှ မဟုတ်ဘဲ''

''အေးပါဗျာ၊ ခင်ဗျားကြီးတို့ကတော့ ဇိမ်ကျနေတာ ပေါ့''

 ''နည်းနည်းပါးပါးတော့ ငါ ပြောပေးပါ့မယ်ကွာ။

ဒါပေမဲ့ မင်း ညညမှာ အိမ်ရှေ့လာလာပြီး ဟိုသီချင်းဆို ဒီသီချင်းဆို မဆိုနဲ့။ ပြီးတော့ မင်းလာတာကလည်း တစ်ယောက်တည်းမဟုတ်ဘူး။ အပေါင်းအသင်းတွေနဲ့ ဆိုတော့''

''ဘာဆိုင်လဲဗျ။ ဘာလဲ၊ သွယ်သွယ်က မဆိုစေချင် ဘူးတဲ့လား။ ဒီလိုဆိုရင် ကျွန်တော်မဆိုဘူးဗျာ''

''ငါ့ပါ ထိခိုက်တယ်ကွ''

ဟုတ်သည်။ သောင်းဒန်သည် ညတိုင်းလိုလို စိန်စိန် တို့အိမ်သွားကာ စိန်စိန်အား စာပြပေးသည်။ ဂဏန်း တွက်ပေးသည်။ အိမ်ရှေ့က အောင်ဖေတို့ သီချင်းသံ ကြားလျှင် သောင်းဒန် စိတ်မလုံမလဲဖြစ်လာသည်။

သူတို့ဆိုသည့် သီချင်းမှာလည်း ထိုအချိန်က အလွန် ခေတ်စားသော တက္ကသိုလ်ဖေညွန့်၏ ရွှေစံပယ်ရုံ သီချင်း ဖြစ်သည်။ ''ညချမ်းချိန်ခါလေးမယ်၊ တေးသံ ပေးကာ လျှောက်ခဲ့ပေါ့ကွယ်၊ ပန်းစံပယ်အလှ မာလာ ပျိုရယ်၊ ချစ်တင်း စကားကိုတဲ့  မောင်ပြောမယ်''

ထိုသီချင်းသံကြားသည့်အခါ စိန်စိန်က သောင်းဒန်ကို ချစ်ရည်လဲ့နေသော မျက်လုံးဝိုင်းကြီးဖြင့် သူငယ်အိမ် ထောင့်ကပ်၍ ကြည့်သည်။ ထိုအခါ အခန်းတစ်နေရာ တွင် ဖက်ဖြူလိပ်ကြီးနှင့်မှိန်းနေသော စိန်စိန်၏အမေ သည် သမီးအရိပ် အကဲကိုကြည့်ကာ အိမ်ရှေ့သို့ထွက်၍ ''ဟဲ့ ခွေး၊ တယ်ဆူတာပဲ''ဟု ခွေးခြောက်လေတော့သည်။

ဤသို့ဖြင့် သောင်းဒန်နှင့်စိန်စိန်တို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေသည့်ရက် ရောက်လာသည်။ ထိုနေ့ကား သင်္ချာ ဖြေသည့် နေ့ဖြစ်သည်။ သင်္ချာပြီးလျှင် နောက် တစ်ရက် သမိုင်းဖြေဖို့သာ ကျန်တော့သည်။ စာမေးပွဲ ခန်းတွင် စိန်စိန်သည် သောင်းဒန်နောက်ခုံတွင် ထိုင်ရသည်။ စိန်စိန်ခေါင်းကုတ်နေသည်။ သုံးနာရီ ဖြေရမည့် သင်္ချာကို သောင်းဒန်သည် နှစ်နာရီနှင့်အပြီးတွက်ပြီးပြီ။

နောက်လှည့်ကြည့်လိုက်သည့်အခါ စိန်စိန်မှိုင်တွေ ချနေသည်ကို မြင်ရသဖြင့် စိတ်မကောင်း။ သူဖြေပြီးလျှင် ရှေ့မှနေ၍ အဖြေစာရွက်ကို ထောင်ပြသည်။ စိန်စိန် မမြင်ရဟုဆိုသည်။  ကဲ မထူးတော့ပါဘူး။ ရော့ဟု ဆိုကာ အဖြေစာရွက်တစ်အုပ်လုံး စိန်စိန့်ဆီသို့ လှမ်း ပေးလိုက်သည်။ သောင်းဒန်သည် အချစ်အတွက်ဖြင့် အသက်ပင် သေသေ ဆိုသည့် စိတ်ဓာတ်မျိုးဝင်နေသည်။

သူ လုပ်ပုံကိုင်ပုံ အင်မတန်ရဲသည်။ စာမေးပွဲခန်း စောင့်သူတစ်ယောက်မှာ  သူနှင့် မျက်မှန်းတန်းမိသူ ဖြစ်သည်။ သို့သော် နောက်ဆုံးရက် သမိုင်းဖြေရမည့် အချိန်တွင် ဒုက္ခတွေ့ရလေသည်။ စာမေးပွဲအခန်း စောင့် တစ်ယောက်ဖြစ်သော ပညာအုပ် ဦးဘသန်းက သူ့ကို ခေါ်ကြိမ်းသည်။ ''မင်း တစ်သက်လုံး လူစဉ်မမီ ဖြစ် သွားမယ်။ ဒီကောင် ဘာမှလည်း မကြောက်ဘူး။

နောက် ဒါမျိုး ဘယ်တော့မှ မလုပ်နဲ့၊ မင်း ဒီဗားထိမှာမကြောက်ဘူးလား။ သွား၊ မင်းကို တစ်နေရာပို့မယ်။  ဒီခုံမှာ မဖြေရဘူးဟု'' ဦးဘသန်းက ကြိမ်းမောင်းကာ  သောင်းဒန်ကို နောက်ဆုံးတန်းတစ်နေရာသို့ ပို့လိုက် သည်။

ထိုအခါကျမှ  သောင်းဒန်  အချောက်ချားကြီး  ချောက်ချားလေသည်။

စာမေးပွဲဖြေပြီးပြီ။ ကျောင်းလည်းပိတ်ပြီ။ သောင်းဒန် ၏ သူငယ်ချင်းတစ်ယောက်ဖြစ်သည့် တင်ဦးသည် အင်းစိန် ဂျီတီအိုင်ကျောင်းမှ ပြန်လာသည်။ သူတို့ခေတ် တွင် ကျောင်းထွက်လက်မှတ်စာမေးပွဲတစ်ဆင့်ဖြေရ သည်။ ယခုစနစ်နှင့်အတူတူပင်ဖြစ်သည်။ ယင်းမှာ ကိုးတန်းကို ကျောင်းထွက်လက်မှတ်ရ စာမေးပွဲပြုလုပ် ထားခြင်းဖြစ်သည်။ ကိုးတန်းအောင်လျှင် သင်တန်း တစ်ခုခုတက်နိုင်သည်။ အလုပ်တစ်ခုခုဝင်၍ လုပ်နိုင် သည်။ တင်ဦးသည် ကိုးတန်းအောင်သည့်အခါ အင်းစိန် ဂျီတီအိုင်ကျောင်းသို့သွားသည်။

''လာပါကွာ။ မင်းငါနဲ့အတူသာ ဂျီတီအိုင် တက် လှည့်ပါ။ နှစ်နှစ်ရယ်ကွ။ ပြီးရင် အလုပ်ရ၊ မိန်းမယူ။ ကဲ မကောင်းဘူးလား။ မင်းက သိပ်မိန်းမလိုချင်တဲ့ ကောင်''

သောင်းဒန်၏ခေါင်းထဲတွင် ဆရာဦးဘသန်း ပြော သွားသည့် ဒီဗားဆိုသည့် စကားလုံးကြီးဝင်နေသည်။

ဒီဗားက သူ့ကိုခြောက်နေသည်။ တစ်နေ့လုံး ဒီဗား တစ္ဆေ၏ အနှိပ်အစက်ကို ခံနေရသည်။ သော်ကောင်း နှင့် ကျော်ဆွေတို့သည် စာမေးပွဲအောင်မည်မှာ သေချာ သည်။ တက္ကသိုလ်သွားဖို့ပင် ပြင်ဆင်နေကြသည်။  သူ ဘာလုပ်ရ မလဲ။ သူ့မိဘများက သောင်းဒန်ကို တက္ကသိုလ်သွားစေချင်သည်။  သောင်းဒန်အောက် နှမလေး တစ်ယောက်သာရှိသည်။  မိန်းကလေးဖြစ်၍ နှမလေး ညိုညိုအတွက် မိဘများက မပူလှ။ အချိန် အရွယ် ရောက်လျှင် နေရာချထားလိုက်ရုံသာ ရှိသည်။

စာမေးပွဲအောင်ဖို့မလို။  တက္ကသိုလ်ရောက်ဖို့မလို။ သူတို့မိဘများသည် ရှေးရိုးအယူအဆကို မဖျောက်နိုင် ကြ။ သို့သော်လည်း သောင်းဒန်တစ်ယောက်ကိုကား ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်သည်။ ''ကုန်သည် ပွဲစား ဖြစ်ပေမယ့် တစ်လတစ်ရာကျော် တို့ထောက်ပံ့ မယ်။ မင်း တက္ကသိုလ်ကို သွားရမယ်'' သူ့မိဘများကား မဖွံ့ဖြိုးလှ။ သို့သော် သားတစ်ယောက် တက္ကသိုလ် ပညာဆုံးခန်းတိုင်သည်အထိတော့  သူတို့တတ်နိုင် သည်။

တင်ဦးကလည်း သူနှင့်အတူ ဂျီတီအိုင်တက်ရန် တဂျီဂျီနားပူနေသည်။ ''မင်းကို ဆရာဦးဘသန်းက ခေါ်ပြောတယ် မဟုတ် လား။ မင်း  စိန်စိန်ကို  အဖြေစာရွက်ပေးလိုက်တာ လူတိုင်းမြင်တယ်။ အေး ဒီဗားထိမှာကတော့ သေချာ တယ်''ဟု ဤသို့လည်း သူငယ်ချင်းများက ပြောကြသည်။

သူ့စိတ်သည် အတည်မကျဖြစ်နေသည်။ စိတ်အား တက်ဖို့ ရေးရေးမျှမမြင်။ စိတ်အားငယ်စရာချည်းသာ မြင်နေသည်။ ဒီဗား တစ်နှစ်ထိလျှင် တော်သေးသည်။

နှစ်နှစ်၊ သုံးနှစ်ဆိုလျှင်အခက်၊ ဒီဗားဆိုသည်မှာ စာမေးပွဲဖြေခွင့်မပြုခြင်းပင်ဖြစ်သည်။ ဒီဗားမထိသည် ထား။ အနည်းဆုံး စာမေးပွဲအောင်စာရင်းတွင် သူ့နာမည် ပါလာမည်မဟုတ်။ ဦးဘသန်းတို့က သူတို့ဝတ္တရား အတိုင်း အထက်သို့  အစီရင်ခံလိမ့်မည်။  ထိုအခါ သူ့ကို အအောင်ပေးမည်မဟုတ်။ရိုးရိုးတန်းတန်း ဆိုလျှင်ကား သူအောင်ဖို့ သေချာသည်။ သင်္ချာဂုဏ်ထူး ရရမည်။ ယခုမူ သူနှင့်တက္ကသိုလ်ပြတ်ပြီ။ တက္ကသိုလ် ကျောင်းဝင်းနားပင်ရစ်နိုင်၊ သီနိုင်ဖို့ အကြောင်းမမြင်။

စိန်စိန်လေး ချစ်လိုက်ပါတဲ့အာရုံ၊  ရွှေမြင်းမိုရ် တစ်တောင်လုံး တုံးမှတ်လို့ခုန်။ စိန်စိန့်အတွက်ဖြင့် အသက်ပင်သေသေ၊ အသွေး ကိုယူ အသားကိုယူယူ၊ စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး။ ယခုကား သည်မောင်ဖုန်း မပြုံးနိုင်တော့ပြီ။

''ခွေးကောင် သိပ်မိုက်တာပဲ။ ဟိုကောင်မလေး ကလည်း မင်းကို ဒီအထိ ဒုက္ခပေးရသတဲ့လား။ မင်းကိုက ပတ်ကလားပါကွာ'' သူငယ်ချင်းများက သူ့ကိုဝိုင်း၍ ကျိန်ဆဲကြသည်။ စိန်စိန်ကိုလည်း အပြစ်တင်သည်။ သူ့ကို ကျိန်ဆဲချင် ကျိန်ဆဲကြပါ။ စိန်စိန်ကိုတော့ မထိခိုက်ကြပါနှင့်။ စိန်စိန်သည် အပြစ်မဲ့သူ။ သူသည်သာ အပြစ်ရှိသူ ဖြစ်ပါသည်။ ကျသမျှဒဏ် သူခံမည်။ သို့နှင့် စာမေးပွဲအောင်စာရင်း ထွက်ခါနီးလာသည့် အခါ သောင်းဒန်သည် မြို့တွင် မနေရဲတော့ဘဲ တင်ဦး နှင့်အတူ ရန်ကုန်သို့ ဆင်းခဲ့လေသည်။ အိမ်ကိုကား တက္ကသိုလ်သွားမည်။ အောင်စာရင်းထွက်လျှင် ကျောင်းဝင်ရန် အသင့်လုပ်ရမည်။ ထို့ကြောင့် ရန်ကုန် စောစောသွားမည်ဟု အကြောင်းပြန်ခဲ့သည်။ ရန်ကုန် ရောက်သည့်အခါ တင်ဦးနှင့်အတူ အင်းစိန်ဂျီတီအိုင် ကျောင်းတွင်ကပ်၍နေသည်။ ဤရက်အတွင်း သောင်းဒန် သည် စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်မိလေသည်။ စိန်စိန်က အင်းစိန် ဂျီတီအိုင်သွားလျှင်လည်း သဘောတူပါသည်။

သူလည်း စိတ်မကောင်းပါဟုဆိုသည်။ နောက်ဆုံးတွင် သူ့အိမ်က အဖေနှင့်အမေကိုပင် အသိမခံရဲတော့ဘဲ အင်းစိန် ဂျီတီအိုင်ကျောင်းသို့ဝင်ရန် စာမေးပွဲဖြေ သည်။ အားလုံး ၁၅ဝ ကျော်ဖြေကြသည့်အနက် ကျောင်းသား ၃ဝ သာရွေးသည်။ သောင်းဒန်သည် လူ ၃ဝ ထဲတွင် နံပါတ် ၄ ချိတ်သဖြင့် ဂျီတီအိုင်သို့ ဝင်ခွင့်ရလေသည်။ ကျောင်းဆင်းလျှင် အစိုးရဆီတွင် နှစ်နှစ်လုပ်ပါမည်ဟူသော ဝန်ခံချုပ်ကိုလည်း လက်မှတ် ထိုးပြီးပြီ။

ကျောင်းတက်၍ ဘာမျှမကြာသေးမီ တက္ကသိုလ် ဝင်တန်း အောင်စာရင်းထွက်လာသည်။ အင်္ဂလိပ်ပိုင်း အသံလွှင့်ချက်တွင် အောင်စာရင်းကြေညာသည်။

ထိုအချိန်ကား ည ၈ နာရီ ကျော်နေပြီ။ ဘတ်စကား ကလည်း မရှိတော့။ သောင်းဒန်သည် တစ်ယောက်တည်း အင်းစိန်မှ ရန်ကုန်သို့ ခြေကျင်လာခဲ့သည်။ ကမာရွတ် ဂတ်တဲရှေ့တွင် အသိများနှင့်တွေ့သည်။

''ဟေ့ သောင်းဒန် မင်း အောင်တယ်'' ''ဟုတ်ရဲ့လားဗျ'' ''ဟုတ်ပါတယ်ကွာ၊ တို့တောင် မင်းနာမည်ကို ခြစ်ပစ်ခဲ့သေးတယ်''

''ကျွန်တော့်ဘာသာ သွားကြည့်ရမှ ယုံမယ်ဗျာ''

ဘွဲ့နှင်းသဘင်တွင် အောင်စာရင်းကပ်သည်။

တကယ်ပင် သူ့နာမည်တွေ့ရသည်။ သောင်းဒန် သင်္ချာဂုဏ်ထူး၊ သော်ကောင်းသင်္ချာဂုဏ်ထူး၊ ကျော်ဆွေ သင်္ချာဂုဏ်ထူး၊ စိန်စိန့်နာမည်ရှာ၍မတွေ့ရ။ ဝမ်းသာ လွန်းသဖြင့် သောင်းဒန်ဆွေ့ဆွေ့ခုန်နေသည်။ ချက်ချင်းပင် ကျောင်း သို့ပြန်ပြေးသည်။

''သူငယ်ချင်း ငါ ဘာလုပ်ရမလဲ။ ငါ တက္ကသိုလ် သွားမယ်ကွာ''

''မထူးပါဘူးကွာ၊ ဒီမှာ တို့လည်း ရှိနေသားပဲ။ နှစ်နှစ်ထဲဟာ တက်လိုက်ပေါ့ကွာ။ ပြီးမှ မင်း တက္ကသိုလ် နေချင်နေ''

သောင်းဒန်စိတ်ညစ်သည်။ ဝန်ခံချက်တွင်လည်း လက်မှတ်ထိုးပြီးပြီ။ ဆရာကြီးကလည်း သူ့ကို မထွက် စေချင်။ ဘာလုပ်ရမလဲ။ သောင်းဒန်ခေါင်းရှုပ် နေသည်။ သည်အထဲတွင် စိန်စိန်၏မျက်နှာကလည်း တရေးရေးပေါ် လာသည်။ စိန်စိန် မအောင်သဖြင့်လည်း သူ စိတ်မကောင်း။ တက္ကသိုလ်သို့ သူဝင်သည့်တိုင် စိန်စိန်နှင့်အတူယှဉ်၍ ကျောင်းတက် နိုင်စရာအကြောင်း မရှိတော့ပြီ။ သို့ဖြစ်ရာ မထူးတော့ပါဘူးဟုတွက်ကာ အင်းစိန်စက်မှု သင်တန်းကျောင်း၌ပင် ကုပ်၍ နေလိုက် သည်။  စိန်စိန်မွှေးလိုက်သည့်မီးသည်  တငွေ့ငွေ့ လောင်နေပြီ။              ဆက်လက်ဖော်ပြပါမည်။