ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ  ၂၉

 

ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ဝင်/ဝန်ထမ်း(အမျိုးသမီး)များ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုဆရာဖြစ်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့ ညနေပိုင်းတွင် နေပြည်တော်၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး    ဗိုလ်ချုပ်တိုးရီ  တက်ရောက်၍ အမှာစကားပြောကြားသည်။

ယင်းနောက်  အဆင့်မြင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆရာဖြစ်သင်တန်း တက်ရောက်ရခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သင်တန်းသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။

အဆိုပါ အဆင့်မြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်^ ဝန်ထမ်း(အမျိုးသမီး)များ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း ၆၄၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ  ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ    ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။

အထက်ပါ    အဆင့်မြင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ   ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက်  တစ်နိုင်ငံလုံးတွင် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ    ပြည်ထဲရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့်   တပ်ဖွဲ့ဝင်/ဝန်ထမ်းမိသားစုဝင်များအနေဖြင့် ဗုဒ္ဓဘာသာ အကြောင်းသိရှိပြီး   ယဉ်ကျေးလိမ္မာ၍ စာရိတ္တကောင်းမွန်စေရန်၊ မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့် ဂုဏ်တော်ကျေးဇူးများကို သိရှိနားလည်တတ်စေရန်၊ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ပြီး    နိုင်ငံနှင့် လူမျိုးအကျိုးကို   သယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ယဉ်ကျေးလိမ္မာ  ဆင့်ပွားသင်တန်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးဖြစ်ကြောင်း သတင်းရရှိသည်။