လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအား ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေး စက်ရုံဝင်းအတွင်း တည်ဆောက်ထားသည့် MCM Power Co.,Ltd ၏ ရွှေသဘာဝဓာတ်ငွေ့အသုံးပြု၍ ၇၀ မဂ္ဂါဝပ် ထုတ်လုပ်နေသော ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အား ထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေတောင်ဓာတ်အားပေး စက်ရုံ အစည်းအဝေးခန်းမ၌ ဓာတ်အားပေးစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် ရွှေတောင်ဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေး၊ ဓာတ်အားပေး စက်ရုံဝင်း အတွင်းရှိ မြေနေရာအလွတ်များတွင် သီးပင်စားပင်များ စနစ်တကျ စိုက်ပျိုးသွားရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့ နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ အလုံပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switchyard အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားခွဲရုံ Switchyard တိုးချဲ့တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ရာတွင် အရေးပေါ် မီးကာနံရံ၊ ဆီစုကန်နှင့် အရေးပေါ် မီးငြှိမ်းသတ်မှုစနစ် စသည်တို့အား ထည့်သွင်း တည်ဆောက် သွားရန်နှင့် သက်တမ်းရှည်ကြာပြီး ဝန်အားပြည့်နေသည့် ထရန်စဖော်မာများအား လဲလှယ်နိုင်ရေး စီမံဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပြီး လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာ များ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးထားမှုနှင့် Switchyard တိုးချဲ့တည်ဆောက်မည့် အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။